အစိုးရနှင့် နောက်ထပ် တွေ့ဆုံမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင် စေ့စပ်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များကို ပါဝင်ခွင့်ပြုရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရကို တောင်းဆိုလိုက်သည်ဟု သိရသည်။
UNFC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Team) နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ၏ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Team) တို့ ယခုလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြစဉ် UNFC က ယင်းသို့ တင်ပြ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့နဲ့ အစိုးရနဲ့ နှစ်ဘက်ဆွေးနွေးတဲ့ကြားမှာ ညှိနှိုင်း ဆက်စပ်ပေးတဲ့ အင်အားစုအနေနဲ့ပေါ့ဗျာ၊ ဒေါ်အောင်ဆန်း စုကြည် ကိုရော ပြည်တွင်းမှာဆိုရင် တိုင်းရင်းသားအင်အားစုဖြစ်တဲ့ UNA နဲ့ NBF တို့ကိုပါ ပါဝင်စေချင်တယ်၊ အဲဒါကြောင့် ကျနော်တို့က တောင်းဆိုလိုက်တာ” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။
UNFC အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ (UNA) နှင့် ညီနောင် တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း (NBF) တို့ကို ကြားဝင်စေ့စပ်သူများအဖြစ် ထည့်သွင်းပေးရန် တောင်းဆိုခြင်းသည် ပထမဆုံးဖြစ်ကြောင်းလည်း သိရသည်။
UNA အဖွဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့ဖြစ်ပြီး မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် အဖွဲ့များပါဝင်ပြီး NBF သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
UNFC ၏ တောင်းဆိုချက်ကို အစိုးရဘက်မှ လက်ခံခဲ့ပါက ပြည်တွင်း၊ ပြည်ပ၌ ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပါဝင်လာမည်ဖြစ်ပြီး UNA မှ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် နှင့် တခြားထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ NBF မှ ထင်ရှားသည့် ခေါင်းဆောင်များပါ ပါဝင်လာမည်ဖြစ်သည်။
သို့သော်လည်း ယင်းပုဂ္ဂိုလ်များ ပါဝင်နိုင်ရေး တောင်းဆိုချက်ကို အစိုးရဘက်က ချက်ချင်းဆုံးဖြတ်ချက် မပေးကြောင်း၊ ယခင်ကလည်း ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကိုပါ ကြားဝင် စေ့စပ်ခွင့်ပေးရန် UNFC က အစိုးရကို တောင်းဆိုထားမှုကိုလည်း အစိုးရဘက်က ငြင်းဆိုခဲ့ပြီး လေ့လာသူ အဖြစ်သာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ဆွေးနွေးကြတော့ အစိုးရဘက်က ကြားဝင် Mediator အနေနဲ့တော့ သူတို့ လက်မခံနိုင်ဘူး။ ဒါ ကျနော်တို့ အချင်းချင်း ဖြေရှင်းလို့ရသားပဲ၊ သူတို့ (နိုင်ငံတကာအဖွဲ့များ) ကိုတော့ လေ့လာသူအဖြစ်နဲ့ပဲ တက်ရောက်ခွင့် ပြုနိုင်မယ် ဆိုပြီးတော့ သဘောထားပေးတယ်ဗျ” ဟု နိုင်ဟံသာက ပြောသည်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ၎င်းကို ကမ်းလှမ်းခဲ့လာလျှင် တတ်နိုင်သမျှ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။
အလားတူ UNA အဖွဲ့ဝင်များကလည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ကူညီနိုင်ကြောင်း မကြာခဏ ပြောဆိုထားပြီး NBF အဖွဲ့ကလည်း ယခင်လတွင် ပြုလုပ်ခဲ့သော အစည်းအဝေးကျင်းပစဉ် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကူညီလုပ်ဆောင် ပေးလိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကြားဝင်စေ့စပ်သူအဖြစ် ခွင့်ပြုပေးရန် အစိုးရကို တောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၊ UNA နှင့် NBF တို့၏ သဘောထား များကိုလည်း UNFC အနေဖြင့် စုံစမ်းထားပြီးဖြစ်ကြောင်း၊ အစိုးရဘက်က ခွင့်ပြုချက်ပေးလျှင် တရားဝင် ဆက်သွယ် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နိုင်ဟံသာကပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအနေဖြင့် သေနတ်သံများ ချုပ်ငြိမ်းသွားတော့မည် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို လာမည့် ရက်သတ္တပတ်များအတွင်း အမြန်ဆုံး ဖော်ဆောင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဗြိတိန် နိုင်ငံကို ရောက်ရှိနေစဉ် လန်ဒန်မြို့ရှိ Chatham House တွင် ပြုလုပ်သော မြန်မာ့အရေး ဆွေးနွေးပွဲ၌ ပရိသတ်ကို ပြောကြားခဲ့သည်။
သို့သော်လည်း ပြည်တွင်း၌ အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ တပ်တို့အကြား သဘောတူညီမှု ရရှိပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုများ ရှိနေသကဲ့သို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့်လည်း အပစ်အခတ် ရပ်စဲနိုင်ခြင်းမရှိသေးဘဲ မကြာခဏ ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည်။