အငြင်းပွားဖွယ် အီလက်ထရွန်းနစ် ဥပဒေကို အစားထိုးနိုင်ရေး စတင်
This article has been converted from Zawgyi One to Unicode
ယခင်က စစ်တပ်အုပ်ချုပ်ရေး လက်အောက်တွင် ရှိခဲ့သည့် မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ်ရာနှင့် ဆိုးရွားသည့် ဥပဒေ တခုဖြစ်သော အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို အစားထိုးရန်နိုင်ရန် လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာကဏ္ဍ အသိုင်းအဝိုင်းမှ သိရသည်။
“အရင်ရှိခဲ့တဲ့ ဥပဒေဟောင်းနဲ့ ကွဲပြားခြားနားတဲ့ ဥပဒေအသစ်တခုကို ကျမတို့ ပြင်ဆင်နေပါတယ်” ဟု အစိုးရနှင့် ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းတခုဖြစ်သော Myanmar Computer Federation မှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောသည်။
မြန်မာနိုင်ငံကို နှစ် ၅၀ ကျော်ကြာ အုပ်စိုးခဲ့သည့် စစ်အုပ်ချုပ်ရေးစနစ်၏ အမွေဆိုးတခုဖြစ်သော လက်ရှိ ဥပဒေဟောင်း (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ) ကို ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရက ပြဌာန်းခဲ့ပြီး အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး နည်းပညာကို အသုံးချ၍ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်း သာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသားစီးပွားနှင့် ယဉ်ကျေးမှုကို ထိခိုက်ပျက်ပြားအောင် ဆောင်ရွက်ပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည် ဆိုသော ပြဌာန်းချက်များလည်း ပါဝင်သည်။
လတ်တလောတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် စာနယ်ဇင်း ကန့်သတ်မှုများကို ဖြေလျှော့ပေးနေပြီး ဥပဒေသစ် ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ပေးနေသူများ ကိုယ်တိုင်က ပြောင်းလဲပါမည်ဟု ပြောနေသော်လည်း ဥပဒေဟောင်း၏ မရေရာမှု နှင့် လိုရာဆွဲနိုင်မှုများကြောင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆက်လက် လွှမ်းမိုးထားနိုင်ဆဲ ဖြစ်သည်။
“ဒီနေ့ ခေတ်ကာလနဲ့ သင့်တော်မယ့် ဥပဒေဖြစ်အောင် ကျမတို့ ချိန်ညှိပြီးတော့ ဆောင်ရွက်သွားပါမယ်” ဟု ဒေါ်မြင့်မြင့်သန်းက ဧရာဝတီသို့ ပြောသည်။ အသစ်ထပ်မံ ဖြည့်စွက်ရန်နှင့် အပိုဖြစ်နေသည်များကို လျှော့ချရန်အတွက် အိုင်တီလုပ်ငန်းနှင့် အခြားကဏ္ဍများရှိ စိတ်ပါဝင်စားသူများထံမှ အကြံပြုချက်နှင့် မှတ်ချက်များ တောင်းခံထားကြောင်းလည်း သူက ပြောသည်။
သတင်းအချက်အလက် နည်းပညာကို အထူးပြု ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သော မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီအဖွဲ့ (Myanmar ICT for Development Organization – MIDO) ကို တည်ထောင်သူ ကိုနေဘုန်းလတ်က လာမည့်လအတွင်းတွင် အစားထိုးရမည့် ဥပဒေကြမ်းကို မြန်မာနိုင်ငံ၏ ဥပဒေပြု လွှတ်တော်သို့ တင်ပြသွားမည်ဟု ဆိုသည်။
“ကျနော်တို့ လွှတ်တော် အမတ်တွေကိုမေးရပါဦးမယ်၊ ကျနော်တို့ရဲ့ ဥပဒေကြမ်းကို ဘယ်သူက တင်ပြ ဆွေးနွေးပေးမယ် ဆိုတာ အခုထိ သေသေချာချာ မသိရသေးပါဘူး” ဟု ကိုနေဘုန်းလတ်က ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ၎င်းတို့၏ အကြံပြုချက်များသည် ဥပဒေပါ တင်းကြပ်မှုများကို လျှော့ချနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရ ဦးမည်ဖြစ်သည်။ မြန်မာလွှတ်တော်က စစ်အစိုးရခေတ်မှ ထိန်းချုပ်ကန့်သတ်မှုများ ဆက်လက် ပါဝင်နေဆဲဖြစ်သည်ဟု စာနယ်ဇင်းသမားများက ပြောကြသည့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဥပဒေကို မကြာသေးမီက အတည်ပြုပေးခဲ့သည်။ ထို့အတူ အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ကဲ့သို့ပင် ယခင်က စာရေးသူများနှင့် စစ်အစိုးရကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချနိုင်ရန် အသုံးပြုနိုင်သည့် အချက်လက်များ ပါဝင်နေသော ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှု ဥပဒေ နှင့် ၁၉၇၅ခုနှစ် နိုင်ငံတော်ကို ကာကွယ်သည့် ဥပဒေများကို ပယ်ဖျက်ပေးရန် သို့မဟုတ် ပြင်ဆင်ပေးရန် တောင်းဆိုမှုကို မြန်မာနိုင်ငံရဲချုပ် နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ယခင်တပတ်က ပယ်ချခဲ့သည်။
အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အတည်ပြုပြဌာန်းပြီးသော ဥပဒေကို ပြောင်းလဲရန်အတွက် သေချာသော အချိန်သတ်မှတ်ချက် ရှိမနေသည်ကို သတိပေးသော်လည်း လက်ရှိဥပဒေသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် အတွက် ပြင်ဆင်သင့်သည်ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ မှ စတင်ခဲ့သော ပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်းတခုအဖြစ် ရာပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခဲ့သော်လည်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများထဲတွင် ၂၀၀၄ ခုနှစ် အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် အကျဉ်းချခြင်း ခံထားရသူ ၃ ဦး ပါဝင်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။ AAPP မှ ဧရာဝတီမဂ္ဂဇင်းသို့ အီးမေးလ်ဖြင့် ပေးပို့သော လက်ကျန် နိုင်ငံရေး အကျဉ်သားစာရင်းတွင် ၂၀၀၅ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည့် မြန်မာ့ လေတပ်မတော်မှ တပ်ဖွဲ့ဝင်တဦးနှင့် ကြည်းတပ်မှ အရာရှိဟောင်းတဦးလည်း ပါဝင်သည်။
မြန်မာနိုင်ငံမှ Facebook သုံးစွဲသူများ၏ ထက်ဝက်သည် နာမည်တုများကို သုံးစွဲကြသည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က မကြာသေးခင်က ပြောကြားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတွင် အစဉ်အဆက် ကျင့်သုံးခဲ့သည့် စိစစ်ဖြတ်တောက်ရေး မူဝါဒ နှင့် အီလက်ထရွန်နစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ကဲ့သို့သော ဥပဒေများဖြင့် ပြင်းထန်စွာ အရေးယူ အပြစ်ပေးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း သူက ဝန်ခံခဲ့သည်။
MIDO မှ ကိုနေဘုန်းလတ် သည်လည်း ၂၀၀၄ ဥပဒေပါ မရေမရာ စကားရပ်များကို အသုံးပြု၍ ထောင်ဒဏ် ၂၀နှစ် ချမှတ်ခြင်း ခံခဲ့ရဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်ဖြစ်သည်။ ယမန်နှစ်က လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ယခုအခါတွင် ထိုဥပဒေကို ပြင်ဆင် အစားထိုးနိုင်ရေးအတွက် အကြံပေးသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည်။
တည်ဆဲ ဥပဒေပါ စကားရပ်များက အဓိပ္ပာယ်ဝေဝါးသည်။ အင်္ဂလိပ် စာရေးဆရာကြီး George Orwell ၏ စာပိုဒ်များလိုပင် ညွှန်းဆိုသော ဝိသေသနတွေ အလွန်များသည်။ ဥပဒေမှ တားမြစ်ချက်တခုကို ဥပမာပြရလျှင် “နိုင်ငံတော် လုံခြုံရေး နှင့် သက်ဆိုင်သော လျှို့ဝှက်ချက် သို့မဟုတ် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နှောက်ယှက်ခြင်း သို့မဟုတ် နိုင်ငံတော် အေးချမ်းသာယာရေး သို့မဟုတ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး သို့မဟုတ် အမျိုးသားစီးပွား သို့မဟုတ် အမျိုးသားယဉ်ကျေးမှု နှင့် သက်ဆိုင်သော မည်သည့် သတင်းအချက်အလက်ကိုမဆို ဖြန့်ဝေခြင်းနှင့် လက်ခံခြင်း သို့မဟုတ် ပို့ပေးခြင်း” စသဖြင့် ဖော်ပြထားသည်။
ကိုနေဘုန်းလတ်က စကားလုံး စကားရပ်များကို ခိုင်ခိုင်မာမာ ဖြစ်စေလိုသည်။
“အကုန်လုံးကို ဖယ်ထုတ်လို့တော့ မရနိုင်ပါဘူး၊ ဒါပေမယ့် ဥပဒေမှာ ပါဝင်တဲ့စကားရပ် အများအပြားဟာ ဖွင့်ဆိုရှင်းလင်းပေးဖို့ လိုပြီးတော့ အဓိပ္ပာယ် ခိုင်မာတိကျတဲ့ စကားလုံးတွေဖြစ်ဖို့ လိုပါတယ်” ဟု သူက ဧရာဝတီကို ပြောသည်။
လက်ရှိ သတ်မှတ်ထားသော ကျူးလွန် ဖောက်ဖျက်သူအတွက် ကျခံရမည့် ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ် ကာလကိုလည်း ဥပဒေသစ်တွင် လျှော့ချပေးရမည်ဟု ကိုနေဘုန်းလတ်က ထပ်ပြောသည်။
ဥပဒေ အသစ်ကို ရေးဆွဲခဲ့သူ တချို့ က အစားထိုးပြဌာန်းမှုသည် မကြာခင် အကောင်အထည် ပေါ်လာလိမ့်မည်ဟု မျှော်လင့်နေကြသော်လည်း အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းကို ဆက်သွယ်ရေး ဥပဒေသစ်ကို အတည်ပြုပြီးမှ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် နောက်ထပ် ၃ လခန့် အတောအတွင်းမှာမှ ဖြစ်လာဖွယ် ရှိနေသည်။
မြန်မာအစိုးရက ဇွန်လ ၂၇ ရက်နေ့တွင် နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီနှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ကို မိုဘိုင်း တယ်လီဖုန်းကွန်ရက် တည်ထောင်ခွင့် လိုင်စင်များ ချထားပေးလိုက်ခြင်းအားဖြင့် တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍကို တိုးချဲ့လာပြီးနောက် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသော နိုင်ငံသားအရေအတွက် တိုးပွားလာတော့မည် ဖြစ်သည်။ အစိုးရက မြန်မာလူဦးရေ၏ လေးပုံသုံးပုံကို ၂၀၁၆ ခုနှစ်မတိုင်မီ မိုဘိုင်းကွန်ရက် အသုံးပြုခွင့် ရနိုင်စေရန် ဆန္ဒရှိနေသည်။
မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးနှင့် အင်တာနက် သုံးစွဲမှုတို့ကြားမှ ထိစပ်မှု ပို၍ကျယ်ပြန့်လာသည့်အတွက် ဆက်သွယ်ရေး ဥပဒေတွင် အင်တာနက်လည်း ပါဝင်မည်ဟု ဒေါ်မြင့်မြင့်သန်းက ပြောသည်။
Telenor ကုမ္ပဏီက ၎င်းတို့ အနေဖြင့် လာမည့် ၂၀၁၄ ခုနှစ် ဒုတိယ လေးလပတ်မှ စတင်၍ ငါးနှစ်အတွင်းတွင် နိုင်ငံ၏ နေရာ ၈၃ ရာခိုင်နှုန်းတွင် ဖုန်းဝန်ဆောင်မှု ပေးနိုင်ပြီး အင်တာနက် ဝန်ဆောင်မှုကို ၇၈ ရာခိုင်နှုန်းအထိ ပေးနိုင်အောင် ဆောင်ရွက်မည်ဟု ဆိုသည်။ Ooredoo ကုမ္ပဏီကလည်း အများပြည်သူ အင်တာနက် သုံးနိုင်မည့် နေရာ ၁၀၀၀၀ ထူထောင်ပေးမည်ဖြစ်ပြီး တယ်လီဖုန်းနှင့် အင်တာနက်လွှမ်းခြုံမှုကို ၂၀၁၉ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်း အထိရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် သန်း ၅၀ မှ ၆၀ အတွင်း ရှိမည်ဟု ခန့်မှန်းရသည့် မြန်မာနိုင်ငံ လူဦးရေ၏ ၇ ရာခိုင်နှုန်းသာလျှင် မိုဘိုင်းဖုန်း ကိုင်နိုင်သေးသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။ အင်တာနက် သုံးစွဲနိုင်သူမှာ ထိုထက် အလွန်နည်းပြီး လူဦးရေ၏ ၁ မှ ၂ ရာခိုင်နှုန်းကြားတွင်သာ ရှိသည်။
ဆက်သွယ်ရေးကဏ္ဍ တိုးတက်မှုက အလွန်အမင်း လိုအပ်နေသည့်အတိုင်း ဖြစ်မြောက်လာနိုင်ဖွယ်လည်း ရှိပါသည်။ မြန်မာအစိုးရက အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအတွက် နိုင်ငံခြားက ကမ်းလှမ်းလာမည့် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေချိန်တွင် Sumitomo, NEC နှင့် NTT တို့က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့သုံးမြို့ကို ဖိုက်ဘာ ဆက်ကြောင်းများဖြင့် ချိတ်ဆက်ပြီး မြန်နှုန်းမြင့် အင်တာနက်ကွန်ရက် တည်ဆောက်ပေးရန် စီစဉ်နေသည်။
သို့သော် အင်တာနက်သုံးစွဲခွင့်သည် မြန်မာနိုင်ငံတွင် လာမည့် နှစ်များအတွင်း ပိုပြီး ကျယ်ပြန့်လာချိန်၌ အစိုးရ လုံခြုံရေး အေဂျင်စီများက ပုဂ္ဂိုလ်ရေး ဆက်သွယ်မှုများကို စောင့်ကြည့်လေ့လာမှုအား ခွင့်မပြုကြရန် လူ့အခွင့်အရေးအဖွဲ့များက မိုဘိုင်း ကွန်ရက်နှင့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများကို သတိပေးလိုက်သည်။
“အခု ကျနော်တို့ပြောနေတာ အဲဒါပါပဲ။ အစိုးရအနေနဲ့ ကြားဖြတ်နှောက်ယှက်မယ်၊ ဒါမှမဟုတ် အွန်လိုင်းပေါ်မှာ စောင့်ကြည့် ထောက်လှမ်းချင်တယ် ဆိုရင် အနည်းဆုံးတော့ တရားရုံးက ဝရမ်းယူဖို့ လိုအပ်ပါတယ်” ဟု ကိုနေဘုန်းလတ်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာသည်နှင့်အတူ ၎င်းနှင့် သက်ဆိုင်သည့် ဥပဒေများသည်လည်း တဆက်တစပ်တည်း ဖွံ့ဖြိုးလာဖို့လိုသည်ဟု ကိုနေဘုန်းလတ်က လက်ခံထားသည်။ ဆက်သွယ်ရေးနှင့် အီလက်ထရွန်းနစ် ဥပဒေများ အပြင် ဆိုက်ဘာ ဥပဒေတခုကိုလည်း သီးခြား ပြဌာန်းသတ်မှတ်ရန် လိုအပ်သည်ဟုလည်း သူက အကြံပြုလိုက်သည်။
“အွန်လိုင်းပေါ်က ခြိမ်းခြောက်အကြပ်ကိုင်မှု၊ ကလေးငယ်တွေရဲ့ မဖွယ်မရာပုံတွေ ဖော်ပြမှု၊ အသရေဖျက်မှုနဲ့ လှုံ့ဆော်မှုတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတခု လိုအပ်နေပါတယ်။ e-commerce လို ကိစ္စမျိုးကတော့ သီးခြားကိစ္စ တခုအနေနဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာ ပါဝင်လို့ရပါတယ်” ဟု ကိုနေဘုန်းလတ်က ဆိုသည်။
e-commerce ကို မိတ်ဆက် လုပ်ဆောင်နေသည့် လုပ်ငန်းများသည်လည်း ဥပဒေအသစ် ရေးဆွဲရာတွင် ပူးပေါင်း ပါဝင်ကြသည်။ Creative Web Design ကို တွဲဖက် တည်ထောင်သူ ဦးဝေဖြိုးသူက သူ၏ ကုမ္ပဏီသို့ ဥပဒေသစ်တွင် မည်သည့် အချက်များ ပါဝင်သင့်ကြောင်း အကြံပြုချက်များ ပေးပို့ပါရန် တောင်းခံခြင်းများ ရှိခဲ့သည်ဟု ပြောသည်။
“ကျနော်ကတော့ ဒါဟာ ကောင်းဖို့အတွက် ပြောင်းလဲခြင်းလို့ ထင်ပါတယ်၊ မျှော်လည်းမျှော်လင့်ပါတယ်” ဟု ဦးဝေဖြိုးသူ က ပြောသည်။
ရန်ကုန်တွင် အခြေစိုက်သော ၎င်း၏ ဝက်ဘ်ဆိုက်ဒီဇိုင်း လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ အစပြုခဲ့ပြီးနောက်ပိုင်းတွင် တိုးတက်မှု ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအတွင်း ရှိခဲ့သည်ဟု ဆိုသည်။ “အရင်တုန်းကတော့ ဝက်ဘ်ဆိုက်ဆိုတာ ဘာအတွက်လဲ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ဘာတွေ အသုံးဝင်သလဲဆိုတာ လူတွေက မသိကြဘူး၊ ဒါက ပြောင်းလဲလာတာပေါ့” ဟုလည်း သူကပြောသည်။
သို့သော်လည်း သက်ဆိုင်သော ဥပဒေသစ်များ၊ ပြင်ဆင် ရေးဆွဲထားသည့် ဥပဒေများ နှင့် အဖွဲ့အစည်းများကို အခုမှ အတည်ပြုနေဆဲ တည်ထောင်နေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် သတင်းအချက်အလက် နည်းပညာနှင့် ၎င်းနှင့် ဆက်စပ်သော လုပ်ငန်းများ၏ အောင်မြင်နိုင်မှု အလားအလာကို ကောင်းစွာကိုင်တွယ် နိုင်ရန်အတွက် ဆက်သွယ်ရေး ဥပဒေသစ်အနေဖြင့် လုပ်ဆောင်စရာ များစွာ ရှိလာလိမ့်မည်ဟုလည်း ဦးဝေဖြိုးသူက သတိပေးလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတော်ဗဟိုဘဏ်ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးလိုက်သော ဥပဒေသစ်တခုကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် လာမည့် ၃ လအတွင်းတွင် ဘဏ်ဥပဒေသစ်များလည်း ထပ်မံ ပေါ်ထွက်လာတော့မည် ဖြစ်သည်။ ယခုလက်ရှိတွင် အွန်လိုင်းမှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းတခုကို လည်ပတ်နိုင်ရန် ကူညီပေးနေသည်။ PayPal ၏ ဒေသတွင်း ပြိုင်ဖက်ဖြစ်သော အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းကို သုံးစွဲသူ ၆၀၀ ခန့်ရှိနေပြီး ဗဟိုဘဏ်သစ်၏ စီမံခန့်ခွဲမှု အပြောင်းအလဲများက ၎င်းအပေါ် များစွာ သက်ရောက်မှု ရှိလာမည်ဖြစ်သည်။
“ဥပမာပြောရရင် တကယ်လို့ ဗဟိုဘဏ်က အွန်လိုင်းဘဏ်စနစ်နဲ့ ငွေချေမှုစနစ်နဲ့ပတ်သက်လို့ တခုခုပြောတော့မယ်ဆိုရင် အီလက်ထရွန်းနစ် ဒါမှမဟုတ် အင်တာနက် ဥပဒေကို ကြည့်ဖို့ လိုလာပြီလေ” ဟု ဦးဝေဖြိုးသူက ပြောသည်။