နိုင်ငံပြိုကွဲမည့်အရေးအား တားဆီးခြင်း
အင်ဒိုနီးရှား နိုင်ငံသားများအဖို့ ၎င်းတို့၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အတွင်း အကြီးအကျယ် ထိတ်လန့် တုန်လှုပ်စေသည့် ဖြစ်ရပ်မှာ ထိုအသွင်ကူးပြောင်းမှု ဖြစ်စဉ်နှင့်အတူ ပါလာသည့် ဒေသအလိုက် ဖြစ်ပွားနေသော ပဋိပက္ခ လှိုင်းလုံးများပင် ဖြစ်သည်။ ၁၉၉၈ ဆူဟာတို အစိုးရ ပြုတ်ကျပြီး (အချို့ဖြစ်ရပ်များသည် ဆူဟာတို လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်) နောက်တွင် ဒေသအလိုက် ပြင်းထန်သော ပဋိပက္ခများ အမြောက်အများ ပေါ်ပေါက်ခဲ့သည်။ သေဆုံးသူဦးရေ စုစုပေါင်း ၁၉၀၀၀ ခန့်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယား နိုင်ငံများကဲ့သို့ နိုင်ငံပြိုကွဲစေမည့် အန္တရာယ်နှင့် နီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရသည်။
အကြမ်းဖက်မှု အများစုမှာ အဓိကအားဖြင့် ဒေသအဆင့်အတွင် ဖြစ်ပွားလေ့ရှိသည်။ အချို့သောဒေသများ ဥပမာအားဖြင့် ကာလီမန်တန် ဒေသတွင် ဒေသခံများ လူမျိုးစု အုပ်စုများက အင်ဒိုနီးရှား၏ အခြားဒေသများမှ လာရောက် အခြေချ နေထိုင်သူများကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အခြားသော ဒေသများ ဖြစ်သည့် အန်ဘွန်၊ မြောက် မာလုကူ နှင့် ဆူလာဝေစီ အလယ်ပိုင်းရှိ ပိုဆို ဒေသများတွင်လည်း ဘာသာရေး အဖွဲ့အစည်းအများ အချင်းချင်းကြားနှင့် လူမျိုးစုများအကြား စစ်ပွဲငယ်များ ဖြစ်ပွားခဲ့ကြသည်။ နှစ်ပေါင်းများစွာ နှိပ်ကွပ်ခြင်း ခံထားခဲ့ရသည့် အရှေ့တီမော၊ ပါပူဝါနှင့် အာချေးဒေသများတွင် ခွဲထွက်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီး အရှေ့တီမော၊ ခွဲထွက် လက်နက်ကိုင်များ အလွန် အားကောင်းသည့် အာချေး နှင့် အတန်ငယ် ငြိမ်းချမ်းသော်လည်း ခွဲထွက်ရေး ဆန္ဒပြင်းထန်သော ပါပူဝါဒေသများတွင် ကုလသမဂ္ဂက ကြီးမူးသည့် ပြည်သူဆန္ဒခံယူပွဲများ ကျင်းပရသည့် အဆင့်တိုင်အောင် ပြင်းထန်ခဲ့သည်။ အချို့သော အင်ဒိုနီးရှား နိုင်ငံသားများအတွက် စိုးရိမ်စရာ အကောင်းဆုံး ဖြစ်ခဲ့သည်မှာ သမိုင်းကြောင်းအရ ခွဲထွက်ရေး လှုပ်ရှားမှုမရှိခဲ့သော ဆူမားတြားဒေသရှိ ရေနံကြွယ်ဝသော ပြည်နယ်ဖြစ်သည့် Riau ဒေသတွင် ခွဲထွက်ရေးလက္ခဏာများ တွေ့လာရခြင်းပင် ဖြစ်သည်။
ထိုပဋိပက္ခတိုင်းတွင် ဒေသခံလူထုသည် ၎င်းတို့၏ နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရသော နာကြည်းမှုများ ဖြစ်သည့် ဗဟိုအစိုးရ ချုပ်ကိုင်မှု ကြီးမားခြင်း နှင့် ဒေသခံများ၏ အကျိုးစီးပွားအား လျစ်လျူရှုထားခြင်း သို့မဟုတ် ချိုးဖောက်ခံရခြင်းများကို ထုတ်ဖော်ကြသည်။ ထိုပဋိပက္ခအများစုတွင် ဒေသခံအစိုးရအပေါ် ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံ အခွင့်ထူးခံ လူတန်းစား အချင်းချင်း ပြိုင်ဆိုင်မှုများနှင့် ထိုဒေသခံအစိုးရ၏ လုပ်ပိုင်ခွင့်အရ ရရှိလာမည့် အကျိုးအမြတ်များအပေါ် ပြိုင်ဆိုင်မှုများ အမြောက်အများ ပါဝင်သည်။ အကြမ်းဖက်မှု အများစုမှာ ဒေသအလိုက် ဖြစ်ပွားကြသော်လည်း လူအများ၏ နာကြည်းမှုနှင့် အထက်လွှာများ အချင်းချင်း ပြိုင်ဆိုင်မှုမှာ ဒေသကို ကျော်လွန်နေသည်။ နိုင်ငံတစ်ဝန်းရှိ ဒေသတိုင်းတွင် ဒေသခံအထက်လွှာ လူတန်းစားများအကြား အာဏာရရှိရန် ပြိုင်ဆိုင်မှုမှာ အလွန်ကြီးမားပြီး တခါတရံ ထိုပြိုင်ဆိုင်မှုနှင့် အတူ လူမျိုးစွဲစိတ်ဓာတ်များ ပြန်လည် ထွန်းကားလာသည်ကို တွေ့ရသည်။
ဆယ်စုနှစ် တခုခန့်ကြာသောအခါ အင်ဒိုနီးရှားနိုင်ငံသည် ထိုအခြေအနေများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထိုပဋိပက္ခ မီးလျှံများကြောင့် နိုင်ငံ တစစီ ပြိုကွဲသွားသည့် အခြေအနေမျိုးအထိ မရောက်ရှိဘဲ ဆူဟာတို အလွန် အစောပိုင်းကာလ အကြမ်းဖက်မှု ပဋိပက္ခများမှာ ငြိမ်းချမ်းရေး သဘောတူညီမှုများကြောင့် လျော့ပါးသွားသည်၊ ငြိမ်းအေးသွားသည်။ အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရပြီး အစောပိုင်းကာလများတွင် ဖြစ်ပွားခဲ့သော ဂျာဗားဒေသနှင့် အခြားသော အပြင်ဘက်ရှိ ကျွန်းများအကြား ဖြစ်ပွားသော ဒေသအချင်းချင်းကြား ပဋိပက္ခမှာ ပြည်ထောင်စုအဆင့် နိုင်ငံရေးတွင် အဓိကလက္ခဏာအဖြစ် ပါဝင်ခြင်း မရှိတော့ချေ။ ခွဲထွက်ရေး လှုပ်ရှားမှုများ အားလုံးအား ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဤအခြေအနေမျိုးသို့ ရောက်ရှိစေသည့် အကြောင်းအရင်းခံ အမြောက်အများရှိသည်။ သို့သော် အကြောင်းအရင်း အားလုံးကို မတင်ပြတော့ဘဲ ထိုအထဲမှ အရေးအကြီးဆုံး သုံးချက်အား ထုတ်နုတ် တင်ပြလိုပါသည်။
ပထမအချက်မှာ နိုင်ငံ၏ ရွေးကောက်ပွဲစနစ် ရွေးချယ်မှုမှာ အလွန်အရေးကြီးသည်ဟု ဆိုချင်သည်။ ၁၉၉၉ ခုနှစ်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် အချိုးကျ ရွေးကောက်ပွဲ ပုံစံအမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့သည်။ ထိုစနစ်အရ လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားလှယ်တဦးထက် ပိုသော မဲဆန္ဒနယ်များမှ ရွေးချယ်တင်မြှောက်လေ့ရှိသည်။ အချို့သော ပြုပြင်ပြောင်းလဲရေး သမားများက အရွေးကောက်ခံ ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ မဲဆန္ဒရှင်များအပေါ် တာဝန်ယူမှု ပိုမိုမြင့်မားလာစေရန် မဲဆန္ဒနယ်တခုမှ ကိုယ်စားလှယ် တဦးတည်းရွေးချယ်သော စနစ်ကို ကျင့်သုံးရန် အကြံပြုကြသော်လည်း ထို မဲအသာရသူကိုသာ အနိုင်ပေးရသည့်စနစ်သည် အင်ဒိုနီးရှားနိုင်ငံ၏ လူမျိုးစု ဗဟုဖြစ်မှု နှင့် ဘာသာရေး ဗဟုဖြစ်မှုကို ထိခိုက် ပျက်စီးစေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆန်လေ့ရှိသည်။ သို့သော် အရေးကြီးသော အရံအတားတခုအား ထိုစနစ်အတွင်း ထည့်သွင်း ဖွဲ့စည်းထားနိုင်ခဲ့သည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်လိုပါက ပါတီများအနေဖြင့် နိုင်ငံတဝန်းလုံးရှိ ပြည်နယ်နှင့် ခရိုင်များ (ပြည်နယ်များအောက်တွင် အုပ်ချုပ်နယ်မြေမှာ ခရိုင်အဆင့်ကိုသာ ဖွဲ့စည်းထားသည်) တွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်ကို ပြသစေခြင်းဖြင့် နယ်မြေဒေသ အခြေခံပါတီများအား ထိထိရောက်ရောက် ဖယ်ရှားနိုင်ခဲ့သည်။
ထိုသို့နယ်မြေဒေသ အခြေခံပါတီများကို ထိထိရောက်ရောက် တားမြစ်နိုင်ခဲ့သဖြင့် အင်ဒိုနီးရှား၏ ပြည်ထောင်စုအဆင့် အင်စတီကျူးရှင်းများ အနေဖြင့် နယ်မြေဒေသ နှင့် လူမျိုးစုကို အခြေခံကာ အချင်းချင်း အာဏာလု ပြိုင်ဆိုင်မည့်အရေးကို ထိထိရောက်ရောက် ကာကွယ်နိုင်သည့်အပြင် နယ်မြေဒေသ အခြေစိုက် အင်စတီကျူးရှင်းများကိုလည်း လူမျိုးစု ဆန့်ကျင်ရေး လှုပ်ရှားမှုများအား ကာကွယ်တားဆီးနိုင်ခဲ့သည်။ တချိန်တည်းမှာပင် အချိုးကျ အနိုင်ရ ရွေးကောက်ပွဲ စနစ်ကလည်း အကွဲကွဲအပြားပြား ဖြစ်နေသော ပါတီစနစ်ကို အားပေးသဖြင့် မည်သည့်ပါတီကမှ လွှမ်းမိုးချုပ် နိုင်ခွင့်မရခဲ့ချေ။ ၁၉၉၉ ခုနှစ်တွင် ပါတီကြီး ငါးပါတီသည် မဲအရေအတွက် စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကိုသာ အနိုင်ရခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အကြီးဆုံးပါတီကြီး ၇ ပါတီက ၈၀ ရာခိုင်နှုန်း နှင့် ၂၀၀၉ ခုနှစ်တွင် အကြီးဆုံး ပါတီ ၉ ပါတီက စုစုပေါင်း ၈၀ ရာခိုင်နှုန်း ကျော်ကျော်သာ အသီးသီး အနိုင်ရခဲ့သည်။ ဤအခြေအနေအား ဆူဟာတို၏ အမွေကို ဆက်ခံထားသည့် အထက်အောက် ဆက်ဆံရေး နိုင်ငံရေးစနစ်နှင့် ပေါင်းစပ်လိုက်သောအခါ ထို မတူကွဲပြားမှုသည် ပါတီအချင်းချင်းကြား မဟာမိတ်ဖွဲ့ခြင်း၊ အလျှော့အတင်း ပြုလုပ်ခြင်းနှင့် အပေးအယူ ပြုလုပ်ခြင်း သဘာဝကို အားကောင်းလာစေရန် ဖန်တီးပေးထားပြီး ၎င်းအခြေအနေသည် ကောင်းမွန်သော အုပ်ချုပ်မှုကို အားမပေးသော်လည်း နိုင်ငံရေးဗဟုဖြစ်မှုကို အားပေးကာ ဒေသအလိုက် တင်းမာမှုများကိုမူ လျှော့ချနိုင်ခဲ့သည်။
ဒုတိယနှင့် အရေးအကြီးဆုံးသော အချက်မှာ ၁၉၉၉ ခုနှစ်တွင် သမ္မတ ဟာဘီဘီ အကောင်အထည် ဖော်ခဲ့သည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် ဗဟိုချုပ်ကိုင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လျှော့ချခဲ့သော မူဝါဒပင် ဖြစ်သည်။ ကမ္ဘာ၏ ဖြစ်စဉ်များတွင် အဆန်းအကျယ်ဆုံး ဖြစ်သည့် စကြဝဠာ ပေါက်ကွဲမှု ဖြစ်စဉ်ကဲ့သို့ပင် ထို ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း မူဝါဒ ပေါက်ကွဲခြင်း ဖြစ်စဉ်ကြီးတွင် နိုင်ငံရေးလုပ်ပိုင်ခွင့်ပါဝါ တော်တော်များများကို ခရိုင်အဆင့်အထိ ခွဲဝေပေးနိုင်ခဲ့ပြီး ပြည်နယ်များ၏ ဘတ်ဂျတ် ထိန်းချုပ်ခွင့်ကိုပါ အတိုင်းအတာတခုအထိ ပေးထားသည်ကို တွေ့ရသည်။ ထိုအာဏာခွဲဝေမှုကြောင့် နယ်ပယ်ဒေသရှိ နိုင်ငံရေး ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအား ဗဟိုအစိုးရအဆင့်အထိ ယှဉ်ပြိုင်မလိုတော့ဘဲ ဒေသအဆင့်၌လည်း အဆင်ပြေလာသည့် အလျောက် ဗဟိုအစိုးရနှင့် နယ်ပယ်ဒေသများ အကြား တင်းမာမှုကို လျှော့ချပေးနိုင်ခဲ့သည်။ ထိုမျှသာမက အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် အကြီးဆုံး အောင်မြင်မှုတခုဟု စာဖွဲ့နိုင်သည့် ဒေသအဆင့် ဒီမိုကရေစီကို အားကောင်းစေခဲ့သည်။ နိုင်ငံတဝန်းလုံးရှိ ဒေသန္တရအဆင့် နိုင်ငံရေး အဖွဲ့အစည်းများတွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပ ယှဉ်ပြိုင်နိုင်ခဲ့ကြကာ ဒေသန္တရ အစိုးရများအနေဖြင့် ဒေသဆိုင်ရာ သယံဇာတ အရင်းအမြစ်များအား မည်သို့မည်ပုံ အသုံးချမည်ဆိုသည်နှင့် ပတ်သက်ကာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အမြောက်အများ ရရှိလာကြသည်။
သို့သော် ဤဖြစ်စဉ်မှာလည်း လုံးဝ စင်းလုံးချော ဖြစ်စဉ်တခုတော့ မဟုတ်ချေ။ အထူးသဖြင့် အသွင်ကူးပြောင်းမှု အစောပိုင်း ကာလများတွင် အချို့သော ဒေသများ၌ နိုင်ငံရေး ပါဝါအတွက် ယှဉ်ပြိုင်ရာတွင် အကြမ်းဖက်မှု အမြောက်အများကို ဖြစ်ပေါ်စေခဲ့သည်။ ဒေသအဆင့် အခွင့်ထူးခံ လူတန်းစားများသည် ၎င်းတို့၏ အာဏာရလိုရေးအတွက် လူမျိုးစုများကို စည်းရုံးလှုံ့ဆော်ခြင်းဖြင့် တင်းမာမှုများ အကြမ်းဖက်မှုများကို ဖြစ်ပေါ် စေခဲ့သည်။ နိုင်ငံရေးနှင့် သယံဇာတ အရင်းအမြစ် ပြိုင်ဆိုင်မှုအား ဒေသန္တရ အဆင့်သို့ ရွှေ့ ပြောင်းလိုက်ခြင်းဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း မူဝါဒသည် ထိုပြိုင်ဆိုင်မှုကို နေရာအနှံ့ ကွဲပြားသွားစေနိုင်ခဲ့သဖြင့် နိုင်ငံပြိုကွဲမည့် အဓိကအန္တရာယ်ကိုပါ လျှော့ချနိုင်ခဲ့သည်။ ထိုမျှသာမက ပြည်ထောင်အဆင့်တွင် တွေ့ရသော အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်အား ဒေသန္တရအဆင့်တွင် တွေ့လာရပါသည်။ ပါတီအချင်းချင်း မဟာမိတ်ပြုဖွဲ့ရေး၊ ပူးပေါင်းရေးမှာ နိုင်ငံရေးသမားများ၏ နိစ္စဓူဝအလုပ်ဖြစ်လာပြီး အမျိုးသားအဆင့် မဟုတ်သည့် ရွေးကောက်ပွဲများတွင်ပင် ဒေသခံ နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲတွင် အနိုင်ရလိုပါက အခြားနယ်များနှင့်ပါ မဟာမိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ကို နားလည်လာကြသည်။
ထိုနည်းတူစွာပင် မူဝါဒနှင့်ပတ်သက်၍ အခက်အခဲ အများအပြား ရှိနေသေးသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဒေသန္တရ နိုင်ငံရေးလေ့လာသူများ အထပ်ထပ်အခါခါ ဆိုထားသကဲ့သို့ပင် ထိုဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် ဒေသန္တရ အဆင့်တွင် ကိုယ်ကျိုးရှာမှုကိုပါ အားကောင်းစေခဲ့ပါသည်။ ဒေသဆိုင်ရာ ပါလီမန်များမှာ နိုင်ငံရေးသမားများအတွက် အပေးယူလုပ်ရာ၊ အဂတိလိုက်စားရာနေရာဖြစ်လာကြပြီး လွှတ်တော်ကိုယ်စားလှယ်များမှာ အစိုးရဝန်ထမ်းများ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ နိုင်ငံ၏ ဘတ်ဂျတ်ငွေကြေးများအား နိုင်ငံတော် စီမံကိန်းများအဖြစ်အသွင်ပြောင်းကာ မိမိတို့နှင့် အလွမ်းသင့်သူ စီးပွားရေးသမားများအား လုပ်ပိုင်ခွင့်များကို ချမှတ်ပေးခဲ့ကြသည်။ အချို့သော ဝေးလံ ခေါင်ပါးသောဒေသများတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းမူဝါဒသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင် နှင့် ထိုင်း နိုင်ငံများတွင် တွေ့ရသော ဒေသခံမျိုးနွယ်စုများက ၎င်းတို့ အုပ်ချုပ်ရာဒေသများကို အပိုင်စားရသော နယ်ပယ်များကဲ့သို့ သတ်မှတ်ကာ ဆက်ကြေး ကောက်ခံအုပ်ချုပ်ကြသည်ကို တွေ့ရသည်။ မဲဝယ်ခြင်းနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်သော ဝန်ထမ်းများအား လာဘ်ထိုးခြင်းစသည့် အသပြာနိုင်ငံရေးသည် ဒေသန္တရအဆင့် ရွေးကောက်ပွဲဖြစ်စဉ်၏ သန့်ရှင်းစင်ကြယ်မှုကို အကြီးအကျယ် ထိခိုက်စေသည့် အပြုအမူများပင် ဖြစ်သည်။
ဤအပြုအမူများကို အင်ဒိုနီးရှားနိုင်ငံတွင် ပန်းမံမျိုးစုံပွင့်ဖူးခြင်းဟု လူသိများသော မဲဆန္ဒနယ်အသစ်များ အများအပြား ထပ်မံဖော်ထုတ်ခြင်း ဖြစ်စဉ်က ပိုမိုအားကောင်းစေရန် ဖန်တီးနေပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းဖြစ်စဉ် စတင် စဉ်ကာလ၌ အင်ဒိုနီးရှားနိုင်ငံတွင် ခရိုင်စုစုပေါင်း ၃၄၁ ခုသာ ရှိသည်။ ၂၀၀၉ ခုနှစ် နှောင်းပိုင်းတွင် ခရိုင်ပေါင်း ၅၀၀ အထိ များပြားလာခဲ့သည်။ ထိုသို့နယ်မြေဒေသ တခုအတွင်းမှ နယ်မြေဒေသ အသစ်တခု ထပ်မံ တိုးချဲ့ရေးဆွဲခြင်းနှင့် ပတ်သက်၍ တရားဝင် ကြေညာထားသည့် အကြောင်းပြချက်မှာ တနေရတည်းတွင် စုဝေးနေထိုင်နေကြသော လူမျိုးစုငယ်များအား ကိုယ်ပိုင် စီမံအုပ်ချုပ်ပိုင်ခွင့် ပေးရန်နှင့် အခြားအုပ်စုများနှင့် တင်းမာမှုများ လျှော့ရန် ဖြစ်သည်ဟု ဆိုသည်။ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ထိုဒေသအား လွှမ်းမိုးထားသည့် အုပ်ချုပ်ရေးဝန်ထမ်းများ၊ နိုင်ငံရေးခေါင်းဆောင်များ နှင့် အုပ်စုကွန်ယက်များအတွက် အရင်းအမြစ်ဝေစု ခွဲခြမ်းပေးခြင်းသာ ဖြစ်သည်။ နယ်မြေအသစ် ပေါ်လာခြင်းသည် ကိုယ်စားလှယ်နေရာအသစ်၊ ခရိုင်နယ်မြေ ဘတ်ဂျတ်အသစ်၊ မိသားစုဝင် သို့မဟုတ် ဆွေမျိုးမိတ်ဆွေများကို ခန့်ထားနိုင်သည့် ရာထူးအသစ် နှင့် အုပ်ချုပ်ရေး အဖွဲ့အသစ်အတွက် အဆောက်အအုံအသစ် တည်ဆောက်ပေးရမည့် ကန်ထရိုက်အသစ်များ ပေါ်လာခြင်းသာဖြစ်သည်။ တခါတရံတွင် ထိုနယ်မြေအသစ်များ ထပ်မံ ရေးဆွဲရေးမှာ ဒေသတစ်ခုတွင် အရှုံးနှင့် ရင်ဆိုင်လိုက်ရသည့် ကိုယ်စားလှယ်လောင်းက အခြားနေရာသစ်တွင် ယှဉ်ပြိုင်ရန် လော်ဘီလုပ်ခြင်းကြောင့် ပေါ်ထွက်လာရသည်လည်း ရှိသည်။
အတိုချုံးရလျှင် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းသည် ဒီမိုကရေစီအားနှောင့်နှေးပျက်စီးစေမည့်သူများကို စည်းရုံးခြင်း၊ တင်းမာများလျော့ချခြင်းနှင့် ပင်မနိုင်ငံရေးရေစီးအတွင်းသို့ သွပ်သွင်းရန်အတွက် နိုင်ငံတော်၏ စွမ်းရည်ကို ချဲ့ကားလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။ အပြင်ပန်းအားဖြင့် ဒေသအလိုက် သြဇာကြီးမားသော နိုင်ငံရေးသမားများသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြိုင်ဆိုင်မှု ပုံသဏ္ဍာန်အရ ဒေသန္တရအဆင့်တွင် အနိုင်ရရန် မျှော်လင့်ချက် ရှိနေသည်။ အကယ်၍ ရွေးကောက်ပွဲတွင် ရှုံးနိမ့်စေကာမူ လွှတ်တော်အတွင်း မဟာမိတ် နိုင်ငံရေးပါတီများမှတဆင့် ဆောက်လုပ်ရေး ကန်ထရိုက်များ၊ မြေယာများ၊ အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း စသည့် အခွင့်အရေးများ ဆက်လက်ရရှိနိုင်သည်။ အကယ်၍ ဤအခြေအနေသည် စိတ်ကျေနပ်ဖွယ် အဖြေမဟုတ်ခဲ့ပါက နယ်မြေအသစ် ဖန်တီးရေးဆွဲ ဖော်ထုတ်ကာ ကိုယ်ပိုင်နယ်မြေ ထူထောင်ခွင့် ရှိနေသည်ဖြစ်သည်။ ထိုသို့နယ်မြေ အသစ်များရေးဆွဲရာတွင် နိုင်ငံရေး ခေါင်းဆောင်များသည် အများအားဖြင့် လူမျိုးစုမျဉ်းအား အခြေခံကာ ရေးဆွဲခြင်း ဖြစ်သောကြောင့် လူအုပ်စု အချင်းချင်းကြား ရန်စောင်မှုသည် သယံဇာတ ခွဲဝေရေး ကွန်ရက်အဖြစ်သို့ ပြောင်းလဲသွားသည်။
တတိယအချက်မှာ အသွင်ကူးပြောင်းကာလ တလျှောက်လုံး အကြမ်းဖက်မှုများ ပဋိပက္ခများနှင့် လုံးထွေးနေသော ဒေသများတွင် ငြိမ်းချမ်းရေး သဘောတူညီမှုသည် အခွင့်အရေးနှင့် မျက်နှာသာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမှုကြောင့် ခိုင်မာလာသည်။ ထိုကဲ့သို့သော အမွေစားအမွေခံ ငြိမ်းချမ်းရေးမျိုးကို အာချေးဒေသတွင် ထင်ထင်ရှားရှား တွေ့နိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ ဆူဟာတို အလွန်ခေတ်၏ အပြင်းအထန်ဆုံးသော ခွဲထွက်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်ရာ ဤဒေသတွင် ၂၀၀၅ ခုနှစ်မှစ၍ ဟယ်လ်ဆင်ကီမြို့တွင် ရေးထိုးသော ငြိမ်းချမ်းရေး သဘောတူညီမှုအရ အာချေး လွတ်မြောက်ရေး လှုပ်ရှားမှု ခွဲထွက်ရေး စစ်ပွဲမှာ အံ့ဖွယ်ပြီးဆုံးသွားခဲ့သည်။ ထိုသဘောညီမှုအား လက်မှတ်ရေးထိုးရသည့် အဓိက အကြောင်းအရင်းမှာ အင်ဒိုနီးရှား အစိုးရအနေဖြင့် ခွဲထွက်ရေး လက်နက်ကိုင်များကို ၎င်းတို့ဒေသရှိ ဒေသန္တရအဆင့် ရွေးကောက်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေး သဘောတူညီမှုပါ အဓိက အချက်မှာ အာချေးပြည်နယ်တွင် ဒေသန္တရအဆင့် ပါတီများအား တည်ထောင် ယှဉ်ပြိုင်ခွင့်ပြုခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကျင့်သုံးနေသော နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ကျော်လွန်၍ အထူးအခွင့်အရေး အနေဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခင် သူပုန်ခေါင်းဆောင်များနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များမှာ ခရိုင် ၂၃ ခရိုင်နှင့် ပြည်နယ် ၁၀ ခုတို့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ ဖြစ်လာကြသည်။ ၎င်းတို့၏ ပါတီမှာလည်း ဒေသန္တရအဆင့် လွှတ်တော်များတွင် အင်အားကြီးပါတီများ ဖြစ်လာကြပြီး ခရိုင် ၂၃ ခုအနက် ၁၆ ခရိုင်တွင် အင်အားအကြီးဆုံးပါတီ ဖြစ်လာသည်။
ယခင်က အစိုးရ၏ အကျင့်ပျက် ချစားမှုများနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် မသိကျိုးကျွန် ပြုမှုများကြောင့် လက်နက်ကိုင် တော်လှန်ခဲ့ကြသည့် သူပုန်ခေါင်းဆောင်များသည် အာဏာ လက်ဝယ် ရရှိသည်နှင့် ယခင်၎င်းတို့ ဆန့်ကျင်ရှုတ်ချခဲ့သော အပြုအမူများကို ကိုယ်တိုင် ကျင့်သုံးလာကြသည်ကို တွေ့လာရသည်။ တော်တော်များများမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအဖြစ် နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားကြသည်ဟု ဒေသခံများက ဆိုသည်။ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံ မရှိသော်လည်း ပေါ်ပေါက်လာသည့် နိုင်ငံရေး အခင်းအကျင်းအသစ် နှင့် အဆက်အသွယ်များအရ အစိုးရ ဆောက်လုပ်ရေး စီမံကိန်း ကန်ထရိုက်များကို ရယူနိုင်ခဲ့ကြသည်။
ပိုဆို နှင့် မလူကူ ဒေသနှစ်ခု၏ ပဋိပက္ခကို ချုပ်ငြိမ်းစေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုတို့တွင်လည်း အလားတူပင်ဖြစ်သည်။ ဆောက်လုပ်ရေး ကန်ထရိုက်များနှင့် အရင်းအမြစ်များကို ယခင် လက်နက်ကိုင် ခေါင်းဆာင်များအား လုပ်ပိုင်ခွင့်ပြုခြင်းကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှုနှင့် အတူတကွ တွေ့ရသည်။ ပါပူဝါတွင် ကျင့်သုံးသော ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ရ အထူးဥပဒေနှင့် ဒေသန္တရ တိုက်ရိုက် ရွေးကောက်ပွဲများမှာ ထိုဒေသ၏ ခွဲထွက်ရေးသမားများ၏ ခွဲထွက်လိုစိတ်အား အောင်အောင်မြင်မြင် ဖြေလျော့နိုင်ခြင်း မရှိသော်လည်း ဒေသတွင်းရှိ တိုင်းရင်းသား ခေါင်းဆာင်များ ဗြူရိုကရက်များအား ၁၉၉၉ ခုနှစ် နှင့် ၂၀၀၀ ပြည့်နှစ်ခန့်က ကြွေးကြော်ခဲ့သော ခွဲထွက်ရေးကြွေးကြော်သံများဆီမှ ခေါ်ထုတ်လာနိုင်ခဲ့ပြီး ဒေသန္တရ ရွေးကောက်ပွဲများ နှင့် pemekaran များမှတဆင့် အခွင့်အလမ်းများနှင့် ရပိုင်ခွင့်များကိုသာ ဦးတည် အာရုံစိုက်စေရန် လမ်းလွဲနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် တိုင်းရင်းသား ပဋိပက္ခများ နှင့် ခွဲထွက်ရေး လှုပ်ရှားမှုများကို ဖြေလျှော့ ထိန်းကြောင်းနိုင်သည် ဆိုသည့် ဒီမိုကရေစီစနစ်၏ စွမ်းဆောင်မှုအား အဖက်ဖက်မှ သက်သေပြနေသည်။ လူမှုရေးကွဲပြားမှု အလွန်ကြီးမားသော အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အစောပိုင်းကာလများ၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည့် ဒေသဆိုင်ရာ ပဋိပက္ခများ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ဤသို့အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ခြင်းမှာလည်း ဒီမိုကရေစီ၏ အမျိုးအစားကဲ့သို့ပင် အရေးပါသော အသွင်သဏ္ဍာန်ကြောင့်လည်း ဖြစ်သည်။ Instrumentalist လေ့လာဆန်းစစ်မှု အရ တိုင်းရင်းသား ပဋိပက္ခများမှာ အဓိကအားဖြင့် ဒေသတွင်းရှိ အထက်တန်းလွှာ ခေါင်းဆောင်များအကြား ရုပ်ဝတ္တု အမြတ်အစွန်း နှင့် နိုင်ငံရေး အာဏာအတွက် မိမိ၏ သစ္စာခံများ တပည့်တပမ်းများအား အသုံးပြုကာ အချင်းချင်း ပြိုင်ဆိုင်ရာမှ စတင်သည်ဟု ဆိုပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဤကဲ့သို့သော ရုပ်ဝတ္တုနှင့် အာဏာအတွက် အကြမ်းဖက်သည့် နည်းကိုသုံးကာ ရယူလိုသည့် ခေါင်းဆောင် အမြောက်အများ ရှိသည် သို့သော် အာဏာ၊ အခွင့်အရေးနှင့် အကျိုးအမြတ်တို့ကို နိုင်ငံတွက် လက်ရှိ ကျင့်သုံးနေသော သားတူညီမျှ ကောင်းစားရေး ဒီမိုကရေစီပုံ သဏ္ဍာန်အရ ထိုခေါင်းဆောင် လူတန်းစားများမှာ အခွင့်အရေးနှင့် အကျိုးအမြတ်တို့ကို အကြမ်းဖက်စရာ မလိုဘဲ အလွယ်တကူ ရနိုင်ကြပါသည်။ ထိုပုံသဏ္ဍာန်သည် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို အကြီးအကျယ် လျော့ကျ သွားစေသော်လည်း အကျင့်ပျက်ခြစားမှု လျှော့ချရေးနှင့် အစိုးရ၏ စွမ်းဆောင်ရည်တို့အပေါ် မည်သို့မျှ သက်ရောက်မှု မရှိသည်ကို တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။
(၂၀၁၀ ဧပြီလထုတ် Journal of Democracy ပါ အက်ဒ်ဝပ် အက်စ်ပင်နယ်လ် (Edward Aspinall) ၏ The Irony of Success ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ အက်ဒ်ဝပ် အက်စ်ပင်နယ်လ်သည် Australian National University ရှိ နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု လေ့လာရေးဌာန၏ အကြီးတန်း အဖွဲ့ဝင်ဖြစ်သည်။ Islam and Nation: Separatist Rebellion in Ache (2009) စာအုပ်ကိုလည်း ရေးသားခဲ့သည်။)