ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း၊ အင်္ဂပူ၊ လပွတ္တာနှင့် ငပုတော မြို့နယ်များရှိ ထွန်တုံး တိုက်ပွဲဆင်နွှဲသူ လယ်သမား ၁၉ ဦး နှင့် ပုသိမ်မြို့အခြေစိုက် လယ်သမားအရေး လှုပ်ရှားသူများ တရားစွဲ ခံနေရကြောင်း သတင်းရရှိသည်။
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ၇ ဦး၊ လပွတ္တာမြို့နယ်မှ ၆ ဦး၊ အင်္ဂပူမြို့နယ်မှ ၃ ဦးနှင့် ငပုတောမြို့နယ်မှ ၃ ဦးတို့အား ဌာနဆိုင်ရာနှင့် လယ်လုပ်ကိုင်ခွင့် ရထားသူများက ပုဒ်မ ၄၄၇ ကျူးကျော်မှု၊ ၄၂၇ အကျိုးစီးပွား ဖျက်ဆီးမှု တို့ဖြင့် သက်ဆိုင်ရာ မြို့နယ် တရားရုံးများတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားများအား ယမန်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး လပွတ္တာမြို့နယ် ကျောက်တန်းကြီး ကျေးရွာအုပ်စုမှ လယ်သမားများကို ယနေ့ ရုံးထုတ် စစ်ဆေးကြောင်း သိရသည်။
“ဒီနေ့ လပွတ္တာမြို့နယ် ကျောက်တန်းကြီး ကျေးရွာအုပ်စုက လယ်သမားတွေကို မြို့နယ်တရားရုံးမှာ ရုံးထုတ်ပါတယ်။ တရားသူကြီး က လယ်သမားတွေကို အပြစ်ရှိသလားမေးတော့ လယ်သမားတွေက အပြစ်မရှိပါဘူးလို့ပဲ ပြန်ဖြေတယ်။ အဲဒါနဲ့ အာမခံယူပြီး ပြန် လာခဲ့ကြတယ်။ ဒီအမှုကို ကျနော်တို့ လူ့အခွင့်အရေး ရှေ့နေများနဲ့တိုင်ပင်ပြီး ခုခံချေပသွားမှာဖြစ်ပါတယ်”ဟု လယ်သမား အရေး လှုပ်ရှားသူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်(HRWDN)မှ ကိုထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။
ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သည့် ကျောက်တန်းကြီး ကျေးရွာအုပ်စု တဲကြီးစုကျေးရွာမှ ကိုထွန်းထွန်းဇော်၊ ကိုဆန်းထွန်း၊ ကိုမောင်နိုင် တို့ အပါအဝင် လယ်သမား ၆ ဦးအား လယ်ယာမြေကျူးကျော် ထွန်ယက်သည်ဟု ဆိုကာ တဲကြီးစုကျေးရွာနေ လယ်မြေ အပေါင် ခံသူ ငွေရှင် ဦးသောင်းဝင်းက ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ကိုထွန်းထွန်းဇော်၏ ဖခင်ဖြစ်သူ ဦးဝင်းကြည်က ၎င်းပိုင် လယ်မြေ ၄၆ ဧကအား ဦးသောင်းဝင်းထံ ငွေ ၁၂၀၀၀၀ ကျပ်ဖြင့် ၁၉၉၃ ခုနှစ်က လယ်ပြန်ငွေပြန်စနစ်ဖြင့် အပေါင်ထားခဲ့ကြောင်း၊ ယင်းနှစ်အတွင်း ပြန်ရွေးမည်ဟု ကတိပြုထားသည့်အတိုင်း ငွေပြန်ဆပ်ရာ တွင် ဦးသောင်းဝင်းက လက်မခံတော့ဘဲ လယ်မြေကို အပိုင်ရယူသွားသည့်အတွက် မိမိတို့ ဘိုးဘွားပိုင် လယ်မြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲရခြင်းဖြစ်ကြောင်း တရားစွဲခံနေရသူ ကိုထွန်းထွန်းဇော်က ပြောသည်။
“မဖြစ်စလောက်ငွေကို အတိုးတွေ အထပ်ထပ်တက်ပြီးတော့ မမျှတတဲ့ အကြွေးတွေ လုပ်တယ်။ ပြီးတော့ သူတို့က အာဏာပိုင် အဖွဲ့ အစည်းတွေနဲ့ပေါင်းပြီး ကျနော်တို့ကို ဖိနှိပ်ချုပ်ချယ်တယ်။ အဲဒီတော့ လွတ်လပ်ပွင့်လင်းလာတဲ့ခေတ်မှာ မတရားဆုံးရှုံးခဲ့ရတဲ့ ကျနော်တို့လယ်ပြန်ရဖို့ ထွန်တုံးတိုက်ပွဲ လုပ်တာပါ။ အခုလို တရားစွဲတဲ့အတွက် ပိုပြီးတော့တောင် အမှန်တရားပေါ်ပေါက်လာမယ် လို့ ယုံကြည်ပါတယ်”ဟု သူက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် စစ်တပ်၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီတို့ သိမ်းယူခဲ့သည့်မြေများ၌သာမက တာဝန်ကျေ စပါး မသွင်းနိုင်၍ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက သီးစားချထားမှု ရုပ်သိမ်းခဲ့သည့်မြေများနှင့် ငွေရှင်များမှ အကြွေးဖြင့်(လယ်ပြန်ငွေပြန်စနစ်) သိမ်းယူခဲ့သည့်မြေများတွင်လည်း ထွန်တုံးတိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားခဲ့သည်။
“တာဝန်ကျေစပါးကို တနှစ်မသွင်းနိုင်တာနဲ့ လယ်ယာမြေသီးစားချထားမှုကို သိမ်းဆည်းခွင့် မရှိပါဘူး။ တာဝန်မကျေရင် လိုနေတဲ့ စပါးကို နောက်နှစ်တွေမှာဆက်ပြီး ကျေအောင်သွင်းလို့ရတယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ၁ တင်းလျော့ရင်တောင် အဲဒီအချိန်က ကျေးရွာ ဥက္ကဋ္ဌတွေက သီးစားချထားမှု ပြန်သိမ်းပြီး သူပေးချင်တဲ့လူ ပြန်ချပေးခဲ့တာ တွေ ဖြစ်ခဲ့ပါတယ်”ဟု ပန်းတနော်အခြေစိုက် တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းဝင်းက
ပြောသည်။
ထို့ပြင် အကြွေးဖြင့်လည်း လယ်သိမ်းခွင့် မရှိသည့်အတွက် ယခင်ကာလများက အကြွေးဖြင့် လယ်သိမ်းသည့်ဖြစ်ရပ်များမှာ တရား မဝင်သည့် ကိစ္စများသာဖြစ်ကြောင်း ဦးသိန်းဝင်းက ဆိုသည်။
“အကြွေးရှိရင် ပိုင်ဆိုင်တဲ့နေအိမ်၊ ဥစ္စာပစ္စည်းကို တရားဥပဒေအရ သိမ်းယူခွင့်ရှိတယ်။ အကြွေးမပေးနိုင်ရင် လိမ်လည်မှုနဲ့ လူကို တရားစွဲ ထောင်ချနိုင်တယ်။ ဒါပေမယ့် လယ်ယာမြေနဲ့ လယ်ယာသုံးပစ္စည်းတွေဖြစ်တဲ့ ကျွဲ၊ နွား၊ ထွန်တုံး၊ ထွန်တံ၊ မျိုးစပါး အဲဒါတွေ ကို လုံး၀ သိမ်းဆည်းခွင့်မရှိဘူး”ဟု သူက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် မြို့နယ် ၂၆ ခု ရှိသည့်အနက် ပြီးခဲ့သည့် ၂ လအတွင်း ပုသိမ်၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ စသည့်မြို့နယ်များအပါအဝင် မြို့နယ် ၁၃ ခု၌ ထွန်တုံးတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထွန်တုံး တိုက်ပွဲပြုလုပ် သည့် လယ်သမားပေါင်း ၁၀၀၀ ကျော်ရှိပြီး အငြင်းပွားမှုဖြစ်နေသည့် လယ်မြေဧက သောင်းနှင့် ချီ၍ ရှိနေကြောင်း လယ်သမား အရေး လှုပ်ရှားသူများက ပြောသည်။
ထွန်တုံးတိုက်ပွဲကြောင့် ကန်ကြီးထောင့်နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားတချို့ ဖမ်းဆီးခံရမှုများ ရှိခဲ့ပြီး မြို့နယ်ပေါင်းစုံမှ လယ်သမား ၅၀ ထက်မနည်း သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့်ထားခြင်း ခံနေရသည်။
“တိုင်းအစိုးရအနေနဲ့ ထွန်တုံးတိုက်ပွဲလုပ်တဲ့ လယ်သမားတွေကို ဖမ်းဆီး၊ တရားစွဲတာထက် လယ်သမားတွေ ဒီထွန်တုံးတိုက်ပွဲတွေ ဘာကြောင့်လုပ်ရသလဲ။ သူတို့ ဘယ်လိုတွေနစ်နာခဲ့လို့ ဒီဟာကိုလုပ်ရသလဲဆိုတဲ့ အကြောင်းရင်းကိုရှာဖွေပြီး ဖြေရှင်းဖို့ကြိုးစား သင့်တယ်လို့ မြင်ပါတယ်”ဟု လယ်သမားအရေး ကူညီ ဆောင်ရွက်နေသူ HRWDN အဖွဲ့မှ ကိုမြင့်နိုင်က ပြောသည်။
မိမိတို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေပြဿနာများအား လယ်ယာမြေဥပဒေ ပြဌာန်းချက်များအတိုင်း ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း တိုင်းအစိုးရ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ပြောသည်။
“ဒီလယ်ယာမြေပြဿနာတွေဟာ အခုမှဖြစ်တဲ့ပြဿနာ မဟုတ်ပါဘူး။ ဟိုးအရင်နှစ်တွေက ဖြစ်ခဲ့တဲ့ကိစ္စတွေကို အခုချိန်မှာ တပြိုင် တည်း တထိုင်တည်း ဖြေရှင်းဖို့ မလွယ်ပါဘူး။ လယ်သမားက သူ့လယ်မြေမှန်ရင် ကျနော်တို့က ဥပဒေနဲ့အညီ ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဇူလိုင် ၄ ရက်နေ့က ပုသိမ်မြို့တွင်ပြုလုပ်ခဲ့သည့် လယ်သမားဆန္ဒပြပွဲ ဦးဆောင်သူ HRWDN မှ ကိုထွန်းထွန်းဦးနှင့် အမျိုးသား ဒီမိုကရေစီ ကွန်ရက်(NDN)မှ ဦးသန်းဝင်းတို့အား ပုသိမ်မြို့ အမှတ်၂ ရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်လင်းက တရားလိုပြုလုပ်၍ ပုဒ်မ ၁၈ ခွင့်ပြုချက်မရဘဲဆန္ဒပြမှု ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“ကျနော်တို့က တရားစွဲထောင်ချလည်း လယ်သမားအရေးက ဆက်ပြီးကူညီပေးနေဦးမှာပါပဲ။ ဘာလို့ဆိုတော့ ဆင်းရဲသား လယ် သမားတွေရဲ့ နစ်နာမှုတွေအတွက် တကယ်လုပ်ပေးရမယ့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ တာဝန်ရှိသူတွေက ဒီတာဝန်တွေလစ်ဟင်းနေလို့ ကျနော်တို့က ဝင်ထမ်းပေးဖို့ လိုအပ်နေတဲ့အတွက် ဖြစ်ပါတယ်”ဟု NDN ခေါင်းဆောင် ဦးသန်းဝင်းက ပြောသည်။
အစိုးရ လမ်းညွှန်ချက်ဖြင့် ရပ်/ကျေး အဆင့်တွင် ဖွဲ့စည်းထားသည့် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီများမှာ လယ်ယာမြေ ဥပဒေ ကို နားလည်မှုမရှိဘဲ စီမံခန့်ခွဲဆုံးဖြတ်နေသည့်အတွက် ပြဿနာများ မပြေလည်သည့်အပြင် ပိုမိုရှုပ်ထွေးလာနေကြောင်း ပုသိမ်မြို့မှ လယ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။