မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများ နှင့် ပတ်သက်ပြီး ဥပဒေပိုင်းအရ အားနည်းချက်များ ရှိနေခြင်းကြောင့် လိုအပ်သော ပြင်ဆင်မှုများ မပြီးစီးမီ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ဆိုင်းငံ့ထားသင့်ကြောင်း ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က ပြောဆိုလိုက်သည်။
သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပွင့်လင်းမြင်သာမှု မရှိသည့် ဝင်ငွေ ခွဲဝေသုံးစွဲမှု စသည့် အားနည်းချက်များ ရှိနေခြင်းကြောင့် ယင်းသို့ ရပ်ဆိုင်းထားရန် လိုအပ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ဒီမိုကရေစီ နည်းလမ်း မကျခြင်း၊ လူထု သဘောထားနှင့် ကိုက်ညီမှု မရှိခြင်း၊ နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်မှု မရှိခြင်းများ ရှိနေပါက ကောင်းမွန်သော အစိုးရဖြစ်ရေးမှ သွေဖည် သွားနိုင်ကြောင်း၊ ထို့အပြင် နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အတွက်ပါ အခွင့်အလမ်းများ ဆုံးရှုံးသွားနိုင်ကြောင်း ရွှေဂက်စ်လှုပ်ရှားမှု အဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
“အခု အနေထားတခုမှာ နိုင်ငံရေးပြသနာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ၊ သယံဇာတ စီမံကိန်းတွေနဲ့ တွဲပြီး ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အလုပ်သမား အခွင့်အရေးတွေ၊ တိုင်းပြည် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်နေတဲ့နေရာမှာ စံချိန်စံနှုန်းနဲ့ ဥပဒေတွေက ရေရှည်အတွက် ကြည့်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်နေ့တွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က “မြန်မာနိုင်ငံ သဘာ၀ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ကောင်းမွန်သည့် အစိုးရ အုပ်ချုပ်ရေးစနစ် – မြန်မာနိုင်ငံ တည်ဆဲဥပဒေများ၏ အားနည်းချက်နှင့် ပြသနာများ” ခေါင်းစဉ်ဖြင့် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်တွင် ဥပဒေများကို အသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းတချို့ ပြုလုပ်လာခြင်းသည် ကောင်းမွန်သော လက္ခဏာရပ်များ ဖြစ်သော်လည်း လက်ရှိ ဖြစ်ပေါ်နေသော ပြသနာများကို ဆေးမြီးတိုနှင့် ကုသနေမည့် အစား ဥပဒေပိုင်းဆိုင်ရာ စံချိန်၊ စံနှုန်းများနှင့် ကိုက်ညှိပြီး ပွင့်လင်းမြင်သာမှု အပိုင်းကို ထိထိရောက်ရောက် ဖော်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံပြီးသား စီမံကိန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပွင့်လင်းမြင်သာမှု အားနည်းခြင်းများ၊ လူထုပါဝင်မှု အားနည်းခြင်းများ ကြောင့် အစိုးရအနေဖြင့် ကောင်းမှုသောအုပ်ချုပ်မှု၊ လူ့အခွင့် အရေးကို ကာကွယ်မြှင့်တင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း လူ့အခွင့်အရေး ပညာပေးဌာနမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။
“ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုတာ နိုင်ငံသားတိုင်း ပါဝင်နိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့မှာ အစိုးရတာဝန်ခံတွေရဲ့ တာဝန်ဖြစ်တယ်။ အဲဒီ လိုတာဝန်ခံတဲ့ အနေနဲ့ သယံဇာတ တူးဖော်မှုတွေကို ရပ်ဆိုင်းထားသင့်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် သဘာ၀ သယံဇာတမှ ရရှိသော နိုင်ငံ့ဝင်ငွေကို နိုင်ငံသားများ အတွက် မည်သည့်နေရာတွင် အသုံးပြုနေသည်ကိုလည်း နိုင်ငံသားများ သိရန်လိုအပ်ကြောင်း၊ ပွင့်လင်းမြင်သာမှု ရှိမှသာလျှင် လာဘ်စားမှုများ၊ အလွဲသုံးစားမှု များ၊ အစိုးရနှင့် နီးစပ်သည့် သူများကသာ ထိန်းချုပ်လုပ်ကိုင်နေမှုများ လျော့ပါးလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။
သဘာ၀ သယံဇာတ ထုတ်ယူနေသော နေရာများသည် တိုင်းရင်းသား ဒေသများတွင် အများဆုံး ဖြစ်သည့်အတွက် အဆိုပါ ဒေသခံ တိုင်းရင်းသားများ၊ အဆိုပါဒေသ အာဏာပိုင်များ၏ အသံကို ဆွေးနွေးခြင်း မရှိကြောင်း၊ သယံဇာတ ထုတ်ယူမှုသည် အစိုးရတခုတည်းသာ အကျိုးရှိနေရုံမကပဲ အဆိုပါဒေသခံများအတွက်လည်း အကျိုးရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ရင်းနှီး မြုပ်နှံမှုများမှ ရရှိသော တိုင်းပြည်ဝင်ငွေကို ပြည်သူများ လိုအပ်နေသော ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး ကိစ္စများတွင် မသုံးဘဲ ကာကွယ်ရေး အသုံးစရိတ် အတွက်သာ အသုံးပြုနေခြင်းကလည်း လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။
သဘာ၀ ပတ်ဝန်းကျင်နှင့် သယံဇာတ တူးဖော်မှု ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ဥပဒေများ ထွက်ပေါ်လာမည်ဆိုလျှင် တိုင်းပြည်၊ အစိုးရနှင့် လာရောက် ရင်းနှီးမြုပ်နှံကြမည့် လုပ်ငန်းများ အားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း ရွှေဂက်စ်လှုပ်ရှားမှု တာဝန်ခံ ကိုဝင်းအောင်က ဆိုသည်။
ယခုနှစ် မြန်မာနိုင်ငံ၏ သယံဇာတ အုပ်ချုပ်စီမံမှု စနစ်ကို လေ့လာလျှင် အနိမ့်ဆုံးအဆင့် ၅၈ နိုင်ငံတွင် နောက် ဆုံးနိုင်ငံ၌ ရှိနေကြောင်း၊ ဝေါလ်စထရိ ဂျာနယ်နှင့် မိတ်ဖက်ပူးတွဲတင်ပြသော ဟာရီတိတ်ချ် ဖောင်ဒေးရှင်း( Heritage Foundation) ၏ ၂၀၁၃ ခုနှစ် “စီးပွားရေး လွတ်လပ်မှု ညွှန်းကိန်းများ အစီရင်ခံစာ” အရ ရမှတ် ၁၀၀ တွင် ၃၉.၂ သာရှိနေ ကြောင်း မြန်မာ့သယံဇာတ ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို ကျွမ်းကျင်ပညာရှင်များ စုပေါင်းပြုစုထားသော ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာများ ထွက်ရှိလာချိန်တွင် ရွှေဂက်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်း အပြီးသတ်ရန် နီးကပ်နေချိန် ဖြစ်သလို ကမ်းရိုးတန်း သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၀ ကို နိုင်ငံခြား ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် ပေးမည့်အချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။