ယခုနှစ် အာဇာနည်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ လမ်းမများပေါ်တွင် မော်တော်ကားဟွန်းသံများ နှင့် ဥသြဆွဲသံများက လုပ်ကြံခံခဲ့ရသော လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများကို နှစ်ပေါင်းများစွာ တိတ်ဆိတ်ခြင်းဖြင့် ဂုဏ်ပြုခဲ့ရခြင်းကို ဖြိုခွဲပစ်လိုက်ကြသည်။
လူအများအပြားက ဥသြဆွဲသံနှင့်တူသော တယ်လီဖုန်းမြည်သံများကို အင်တာနက်မှ ကူးယူကာ ၎င်းတို့၏ မိုဘိုင်းဖုန်းများတွင် ထည့်သွင်းခဲ့ကြပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ဗိုလ်ချုပ် အောင်ဆန်းနှင့် ဝန်ကြီးများ ကျဆုံးခဲ့သည့် ၆၆ နှစ်မြောက် အာဇာနည်နေ့တွင် ဥသြသံများ မြည်စေခဲ့သည့်အပြင် မြို့လည်တွင် မောင်းနှင်နေခဲ့ကြသောကားများကလည်း ရပ်တံ့အလေးပြုကာ ဟွန်းများကို တီးခဲ့ကြသည်။
ဗိုလ်ချုပ် အောင်ဆန်းကို လေးစားဂုဏ်ပြုသည့် အနေဖြင့် အစိုးရပိုင် အသံလွှင့်ဌာနများမှနေ၍ ဥသြသံများ ထုတ်လွှင့်ခဲ့သည့် အစဉ်အလာရှိခဲ့သော်လည်း စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် နှစ်များအတွင်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်ကြားမှုကို တားဆီးလျှော့ချနိုင်ရန် အတွက် ထိုအလေ့အထကို ရပ်တန့်ပစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်တွင် ၁၅ နှစ်ကြာ အကျယ်ချုပ်ချထားခဲ့သည်။
စစ်အစိုးရက ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတပိုင်း အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့ပြီး ယမန်နှစ် က အစိုးရပိုင်ရုပ်မြင်သံကြားဌာနက နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ အစီအစဉ်ကို ထုတ်လွှင့်ပေးခဲ့သည်။
ယခုနှစ် တွင် အတိုက်အခံ လွှတ်တော်အမတ်များက အာဇာနည်နေ့တွင် ဥသြဆွဲသည့် အစဉ်အလာကို ပြန်လည် ကျင့် သုံးရန် လွှတ်တော်တွင် တင်ပြတောင်းဆိုခဲ့သော်လည်း အစိုးရ အာဏာပိုင်များက လမ်းများပေါ်တွင် ယာဉ်မတော်တဆ မှုများ ဖြစ်ပွားစေနိုင်သည်ဟုအကြောင်းပြပြီး ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့များက မြို့ပေါင်း ၃၀မှ ပြည်သူများကို မိမိတို့ အစီအစဉ် ဖြင့် ဥသြဆွဲရန်၊ မော်တော်ကား ဟွန်းများတီးကြရန် တောင်းဆိုတိုက်တွန်းသော လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
အစိုးရရုံးများတွင် အလံများကို တိုင်တဝက်လျှော့ချ လွှင့်ထူထားပြီး ရွှေတိဂုံဘုရားအနီးမှာ အာဇာနည် ဗိမာန်တွင်လည်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အတိုက်အခံခေါင်းဆောင် ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်အောင်ဆန်း၏ အုတ်ဂူတွင် ပန်းခြင်း သုံးခြင်းချခဲ့ကြသည်။ ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများလည်း တက်ရောက်ခဲ့ကြသည်။
အသက် ၃၂ နှစ်အရွယ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရချိန်တွင် သူနှင့် အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၆ ဦးနှင့် အခြား အမှုထမ်း နှစ်ဦးတို့လည်း အသက်ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းကို သူကွယ်လွန်ပြီး ၆လ အကြာတွင်ရှိခဲ့ သည့် လွတ်လပ်ရေး၏ ဗိသုကာအဖြစ် သတ်မှတ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားတွင် “အာဇာနည်နေ့နဲ့ ပတ်သက်လို့ မသိကြတော့ဘူးလို့ ပြောကြတာကို ကျမတော့ မစိုးရိမ်ပါဘူး။ နိုင်ငံ့ရဲ့ အာဇာနည်ဆိုတာ နိုင်ငံရဲ့ ရတနာသိုက်ထဲမှာပါပါတယ်။ သဘာ၀ သယံဇာတက တချိန်မှာကုန်သွားမှာပါ။ ကျမတို့ ခေါင်းဆောင်ကောင်းများ ရဲ့စိတ်ဓါတ်၊ သင်ပေးခဲ့တဲ့ သင်ခန်းစာတွေဟာ နိုင်ငံတည်နေသ၍ တန်ဖိုးထားရတဲ့ အမွေအနှစ်တွေလို ကျန်သွားမှာပါ” ဟု ပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင်လည်း တက်ကြွလှုပ်ရှားသူများအဖွဲ့ ပေါင်း ၃၀ ကျော်က လူပေါင်း ၃၀၀ နှင့် ၅၀၀ ဝန်းကျင်က စုပေါင်းပြီး ဥသြသံများဖြင့် ကျင်းပခဲ့ရာတွင် တရားဝင်ခွင့်ပြုချက် မရခဲ့သော်လည်း လုံခြုံရေးများ လာရောက် နှောင့်ယှက်ခြင်း မရှိခဲ့ကြောင်း လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကဗျာဆရာ မိုးနေက ဧရာဝတီသို့ ပြောသည်။
“တကယ်လို့ အစိုးရဘက်က ဒီလိုလုပ်လို့ ကျနော်တို့ကို ဥပဒေအရ အရေးယူမယ်ဆိုရင်လည်း အရေးယူခံဖို့ အသင့်ပါပဲ။ ကျနော်တို့က အစိုးရအဖွဲ့တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းဂဏ္ဍကို မှေးမှိန်အောင် လုပ်တဲ့သူတွေ ရှိနေသေးတဲ့အ တွက် ဒီလိုပွဲမျိုး ဖောက်ထွက်ပြီး လုပ်ရတာဖြစ်တယ်။ သူတို့ ပြောတဲ့အထဲမှာ နိုင်ငံခြားတိုင်းပြည် ၁၆ နိုင်ငံ အာဇာနည်နေ့ ကို ကျင်းပတဲ့အထဲမှာ ဘယ်နိုင်ငံကမှ ဥသြမဆွဲဘူးပြောတယ်။ ဒါပေမယ့် အဲဒီ ၁၆ နိုင်ငံက နိုင်ငံခေါင်းဆောင်တွေနဲ့ ကျ နော်တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂုဏ်ဒြပ်ချင်းတူသလားဆိုတာ ပြန်လေ့လာဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
အာဇာနည်နေ့ကို မှတ်မှတ်ရရဖြစ်စေချင်ကြောင်း၊ အာဇာနည်နေ့ဆိုသည်က နိုင်ငံသမိုင်းကို ပြောင်းလဲချင်ခဲ့သော အာဇာ နည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်ရသော နေ့ဖြစ်ပြီး နောင်အနာဂတ်တွင် ယခုလို အဖြစ်အပျက်များ မဖြစ်ပွားစေ ချင်ကြောင်း၊ နောက်မျိုးဆက်များအနေဖြင့် အမှတ်ရနေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခေါင်းဆောင် ကြီးများ၏ လုပ်ဆောင်ချက်များကို အတုယူလေးစားနိုင်ရန် ရည်ရွယ်ကြောင်း မျိုးုဆက်သစ်လူငယ်များအဖွဲ့မှ ကော်မတီဝင် ကိုသူရိန်က ဧရာဝတီသို့ ပြောသည်။
“တရားဝင်ခွင့်ပြုတယ် မဟုတ်ပေမယ့် ပိတ်ပင်တားမြစ်တာလည်း မရှိ ခွင့်ပြုတာလည်း မရှိပါဘူး။ ကျနော်တို့ ဘာသာ လုပ်ကြတာပါ” ဟု ၎င်းက ဆိုသည်။
အာဇာနည်နေ့ကို အောက်မေ့သောအားဖြင့် ရန်ကုန်မြို့သာမက မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် အသီးသီးတွင်လည်း အခမ်းအနားများ ကျင်းပခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၁၉ မြို့နယ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းခဲ့ကြပြီး လပွတ္တာ၊ ပုသိမ်၊ ဘိုကလေး၊ မြောင်းမြမြို့များတွင် ဥသြသံဖြင့် အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လယ်သမားသမဂ္ဂများအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သည့် ကိုတင်ကိုလင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့အဖွဲ့တွေ ဥသြဆွဲတာကတော့ မြို့နယ်တိုင်း မဟုတ်ပါဘူး။ တချို့မြို့နယ်မှာပဲလုပ်တာ။ အရင်နှစ်တွေကတော့ ဥသြဆွဲတယ်ဆိုတာမျိုးအထိ မလုပ်ခဲ့ရပေမယ့် ဒီနှစ်တော့ ဘယ်သူမှ ခွင့်မပြုချင်ရင်နေ၊ ကိုယ့်ဘာသာလုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ နံနက် ၈ နာရီ ပြတိုက်ဖွင့်ချိန်မှ စပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကျဆုံးချိန်တွင် မိမိအသက် ၁၅ နှစ်သာရှိသေးပြီး ဗိုလ်ချုပ်ကို တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း ယခုလို ပြတိုက်သို့ လာရောက်ကြည့်ရှုချိန်တွင် ဝမ်းနည်းမှုနှင့် ဝမ်းသာမှု ၂ မျိုးစလုံးကိုခံစားရကြောင်း၊ ဗိုလ်ချုပ်ကျဆုံးသော သတင်းကို ကြားရချိန်တွင် မျက်ရည်များကျသည်အထိပင်ခံစားခဲ့ရကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုး ထပ်မံရှိနိုင်မည်ဟု မထင်မိကြောင်း မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာက ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ခဲ့ သော အသက် ၇၇ နှစ်ရှိ ဦးကျော်ဇင်က ဧရာဝတီသို့ ပြောသည်။