သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ရောက်ရှိနေချိန် ဥရောပ သမဂ္ဂ(EU) က ယနေ့စတင်၍ မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးခံစားခွင့် ပြန်လည် ပေးလိုက်ကြောင်း သိရှိရသည်။
ထိုအထူး အခွင့်အရေးအရ မြန်မာနိုင်ငံသည် ဥရောပ ဈေးကွက်သို့ စစ်လက်နက် ပစ္စည်းမှလွဲ၍ အခြားသော ကုန်ပစ္စည်း အားလုံး အကောက်အခွန် ကင်းလွတ်ခွင့်နှင့် နိုင်ငံအလိုက် ကုန်ပစ္စည်း ကန့်သတ်မှု ကင်းလွတ်ခွင့်များဖြင့် ကုန်သွယ်မှုကို ယနေ့မှ စတင် အသက်ဝင်ကြောင်း EU ၏ ယမန်နေ့က ကြေညာချက်တွင် ဖော်ပြထားသည်။
“ဒါဟာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ မြန်မာနိုင်ငံသားတွေအတွက် အင်မတန် ထူးခြားကြီးမားတဲ့ အခွင့် အလမ်းကြီး တခုပါပဲ”ဟု EU ကုန်သွယ်ရေး ဆိုင်ရာ ကော်မရှင်မင်းကြီး Karel De Gucht က အဆိုပါ ကြေညာချက်၌ ပြောကြားထားသည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကနှင့် အများပိုင် စီးပွားရေးလုပ်ငန်းများကို စွမ်းဆောင်ရည် မြင့်မားစေရန် EU အနေဖြင့် ယင်း အခွင့် အလမ်းသစ်များကို အသုံးချ၍ ဆက်လက်ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။ EU က မြန်မာနိုင်ငံ နှင့် ပတ်သက်ပြီး ကုန်သွယ်ရေး အထူးခံစားခွင့် ကို ၂၀၀၃ ခုနှစ်က ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
EU သည် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံရှိပြီး လူဦးရေ သန်း ၅၀၀ ကျော်ရှိသည့် ဈေးကွက်ဖြစ်၍ မြန်မာနိုင်ငံ အတွက် ကြီးမား သည့် အခွင့်အလမ်းတခုဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ EU က အထူး ကုန်သွယ်ခွင့်ပေးလိုက်၍ အလွန်ဝမ်းမြောက်ကြောင်း၊ နိုင်ငံတွင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက် လာမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးမြင့်လာမည်ဖြစ်ကြောင်း၊ ယခင်က အခွန် ၁၄ ရာခိုင်နှုန်း ဆောင်ရမည်ဖြစ်၍ ဘင်္ဂလားဒေ့ရှ် ကဲ့သို့ နာမည်ခံနိုင်ငံမျိုးကို လျှော့ဈေးဖြင့် ရောင်းချခဲ့ရကြောင်း၊ ယခု တိုက်ရိုက်ပို့နိုင်မည်ဖြစ်၍ အမြတ်အစွန်းများ ပိုရမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ လည်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင် တဦးလည်း ဖြစ်သော ဦးမြတ်သင်းအောင် က ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ကို LDC (အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်) အနေနဲ့ ဒီအခွင့်အရေး ပေးလိုက်လို့ အခွန်မပေးရတော့ ကျနော်တို့ ပိုမြတ် တာပေါ့၊ အခုဆို အမြတ်က ၂ ဆလောက် ပိုရမယ်။ လူတွေလည်း ကုန်ထုတ်လုပ်မှုမှာ ကြိုးစားကြမယ် ထင်တယ်”ဟု သူက ဆိုသည်။
ဥရောပနိုင်ငံများတွင် ဆင်းရဲသည့် နိုင်ငံများလည်း ရှိသေးကြောင်း၊ ထိုကဲ့သို့ အခွင့်အရေးမျိုး အမေရိကန် ဈေးကွက်ပါရလျှင် ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
စစ်လက်နက် ပစ္စည်းမှလွဲ၍ ဆိုသည့်အတွက် ကျောက်မျက် ရတနာ၊ သစ် စသည့် ကုန်ပစ္စည်းအားလုံး ပါဝင်၍ တိုင်းပြည် ဝင်ငွေလည်း ပိုမိုရကာ မြန်မာ့ စီးပွားရေးအတွက် အလားအလာကောင်းများ ဖြစ်ကြောင်းလည်း ဦးမြတ်သင်းအောင် က ဆက်လက် ပြောဆိုသည်။
မြန်မာနိုင်ငံအား ယခင်က နိုင်ငံတကာမှ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများရှိစဉ် အမေရိကန်အပါအဝင် ဥရောပ နိုင်ငံများသို့ ကုန်ပစ္စည်းပို့ရာတွင် ကန့်သတ်မှုရှိသည့်အတွက် သတ်မှတ်ကုန်များသည် ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ပိုင်ခွင့် မရခဲ့ဘဲ အစိုးရနှင့် စစ်တပ်တို့ကသာ ထို အခွင့်အရေးများကို ယူခဲ့သည်ဟုလည်း ဆိုသည်။
အနောက်နိုင်ငံ အစိုးရများက မြန်မာနိုင်ငံအား နိုင်ငံရေး လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး မှတ်တမ်းများ၌ အားနည်းချက်များ ရှိသော်လည်း ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် ဖြေလျှော့ပေးခဲ့ပြီး နောက် ယခုကဲ့သို့ အခွင့်အရေး ပေးလိုက်ခြင်းလည်း ဖြစ်သည်ဟု နိုင်ငံတကာ စီးပွားရေး သတင်းတပုဒ်၌ ဖော်ပြထားသည်။
သို့သော် Revenue Watch Institute အဖွဲ့ ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ ထုတ်ကုန်များနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာ မှု အနိမ့်ဆုံး အဆင့် သတ်မှတ်ထားသည်။
ထို့အပြင် ကမ္ဘာတလွှား လူ့အခွင့်အရေး၊ သဘာ၀ ပတ်ဝန်းကျင်၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ အဂတိလိုက်စားမှု စသည်များကို လေ့လာ စောင့်ကြည့်နေသော Earth Rights International(ERI) အဖွဲ့ကလည်း မြန်မာ့ ထွက်ကုန်များသည် စိုးရိမ် စရာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်နေသည့် အထောက်အထားများစွာ ရှိကြောင်း ပြောဆိုထားသည်။
EU ကလည်း ၁၉၉၇ ခုနှစ် စတင်၍ ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအား ကုန်သွယ်မှုကို ဆိုင်းငံ့ထားခဲ့သည်။ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ၊ ပြည်ဝင်ခွင့် ဗီဇာ ဆိုင်ရာများအပါအဝင် ကျောက်မျက် နှင့် သယံဇာတ ဆိုင်ရာ ပိတ်ဆို့မှုများကို EU က ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ဧပြီ ၂၂ ရက်နေ့တွင် EU က ပိတ်ဆို့ဒဏ်ခတ်မှုများကို စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုမှလွဲ၍ ရုပ်သိမ်းကြောင်း ကြေ ညာ ခဲ့သည်။
သို့သော်လည်း ၂၀၁၂ ခုနှစ် တွင် မြန်မာနိုင်ငံမှ EU သို့ ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၁၅ သန်း ရှိခဲ့ပြီး မြန်မာ၏ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့မှုစုစုပေါင်း၏ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း wired.gov သတင်းတပုဒ်က ဆိုထား သည်။
သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်ခရီးစဉ်အတွင်း အစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့်လည်း စီးပွားရေးပူးပေါင်း ဆောင် ရွက်ရေး ဆိုင်ရာများကို တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က ဗာဆိုင်းနန်းတော်သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ ကျော် ပန်းပုများရှိသည့် လုဗ် ပြတိုက်ကိုလည်း သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန်သည် ညနေပိုင်း တွင် ပြင်သစ် အခြေစိုက် French 24 ရုပ်မြင်သံကြား ဌာနနှင့် အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းတို့နှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့သည်။
French 24 နှင့် ဦးသိန်းစိန်တွေ့ဆုံမေးမြန်းခန်းတွင် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ အဖြစ် ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်မည်လားဟု မေးခွန်းအပေါ် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မစဉ်းစားနိုင်သေးကြောင်း ဖြေကြား ခဲ့သည်ဟု သမ္မတ ပြောခွင့်ရ ဦးရဲထွဋ် ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
“ကျနော့်အနေနဲ့ အခုအချိန်မှာ အရေးကြီးကိစ္စအဖြစ် စဉ်းစားဆောင်ရွက်နေတဲ့ လုပ်ငန်းသုံးခုပဲရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံအတွင်းမှာ ထာဝစဉ်တည်တ့ံ့မယ့် ငြိမ်းမ်းချမ်းရေး တည်ဆောက်နိုင်ဖို့။ နိုင်ငံနဲ့ နိုင်ငံသားများရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ဖို့၊ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တခု တည်ဆောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ဖြေကြားသည်။
ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း လွှတ်တော်၏ အတည်ပြုချက်ရရန် ၁ နှစ်ကျော်အချိန်ယူခဲ့ရပြီး နိုင်ငံတကာ မှ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းသွားရန် ၂ နှစ်ခန့် အချိန်ကြာမြင့်ခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေး ပြုပြင်ပြောင်း လဲမှု၏ ရလဒ်များကို ပြည်သူများ တိုက်ရိုက်ခံစားခွင့်ရရေး လုပ်ဆောင်ပေးနိုင်မှု အားနည်းခဲ့ရကြောင်းလည်း ဦးသိန်းစိန်က ပြောဆို သွားသည်။