အစ္စလမ်ဝါဒအား ထိမ်းချုပ်ခြင်း
အင်ဒိုနီးရှားနိုင်ငံသည် အစ္စလမ်ဝါဒအား ထိန်းသိမ်းနိုင်ခဲ့သော ဒီမိုကရေစီစနစ်၏ စွမ်းရည်ကို အကောင်းဆုံး ဖော်ပြနိုင်သည့် နိုင်ငံတနိုင်ငံလည်း ဖြစ်သည်။ ဆူဟာတို လက်ထက်တွင် အင်ဒိုနီးရှား နိုင်ငံအား အစ္စလမ်နိုင်ငံအဖြစ် ထူထောင်ရေး အစ္စလမ် အစွန်းရောက်များ၏ လှုပ်ရှားမှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့သည်။ အသွင်ကူးပြောင်းစ အစောပိုင်း ကာလများတွင် အစ္စလမ်အစွန်းရောက် အယူအဆများ လူထုအတွင်း အကြီးအကျယ်ပြန့်နှံ့ကာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေးတွင် နှစ်ပေါင်းများစွာ အားကောင်းခဲ့သော ဘာသာရေးနှင့် နိုင်ငံရေးကို သီးခြားခွဲခြားထားသည့် အမျိုးသားရေးဝါဒကို ဖယ်ရှားပစ်မည့် အန္တရာယ်နှင့် ကြုံခဲ့ရသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲများတွင် ပါတီတော်တော်များများက အစ္စလမ်နိုင်ငံ ထူထောင်ရေး ကြွေးကြော်သံများဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ကြပြီး ပါလီမန်အတွင်းတွင်လည်း အခြေခံဥပဒေအား အစ္စလမ်ဘာသာရေး စည်းမျဉ်း ရှာရီးရားကို ထည့်သွင်းရေးဆွဲရန် အကြီးအကျယ် ငြင်းခုံဆွေးနွေးခဲ့ကြသည်။ လမ်းမများပေါ်တွင်လည်း စစ်သွေးကြွအဖွဲ့များ ပေါ်ထွက်လာကြပြီး ဒီမိုကရေစီအား ၎င်းတို့လူ့အဖွဲ့အစည်းနှင့် မသင့်လျော်သော အနောက်တိုင်း လူ့အဖွဲ့အစည်း၏ အယူအဆအား သွတ်သွင်းခြင်းသာ ဖြစ်သည်ဟု ဆိုကြပြန်သည်။
သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအပေါ် အစ္စလမ်ဝါဒ လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းမှုမှာ ကြီးမားကျယ်ပြန့်သော အဆင့်သို့ မည်သည့်အခါကမှ မရောက်ရှိခဲ့ချေ။ အင်ဒိုနီးရှားနိုင်ငံ၏ အစ္စလမ်လှုပ်ရှားမှု ပင်မရေစီးအတွင်းရှိ အဓိက အဖွဲ့အစည်းကြီး နှစ်ခုဖြစ်သော အစ္စလမ် အစဉ်အလာဂိုဏ်း Nahdlatul Ulama နှင့် ခေတ်သစ်ဂိုဏ်း Muhammadiyah တို့မှာ နိုင်ငံရေးအရ အလျော့အတင်းပြုလုပ်ခြင်းကို လက်ခံကာ အယူအဆအားဖြင့် အလယ်အလတ် အယူအဆကို လက်ခံထားသူများ ဖြစ်ကြသည်။ ဆူဟာတို၏ အစီအစဉ်အသစ် (New Order) နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလများတွင် ထိုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် အစိုးရနှင့် အပေးအယူ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး အစ္စလမ်ဘာသာ တခုတည်းကိုသာ လက်ခံခြင်းထက် ဘုရားသခင် တပါးတည်းကိုသာ အားလုံးက ကိုးကွယ်ယုံကြည်သည် (Pancasila) ဆိုသည် အယူအဆကို နိုင်ငံ၏ အဓိက ဦးတည်ချက် ယုံကြည်ချက်အဖြစ် လက်ခံခဲ့ကြသည်။
ဆူဟာတို အုပ်စိုးမှု ပြီးဆုံးပြီးနောက်တွင် ၎င်းပါတီများသည် အစ္စလမ်ဘာသာ အခြေခံ ပါတီအဖြစ် ရပ်တည်ကြသော်လည်း ဗဟုလူ့အဖွဲ့အစည်း အယူအဆကို လက်ခံကျင့်သုံးကာ ၎င်းတို့၏ အဓိက ထောက်ခံသူ အစ္စလမ် လူ့အသိုင်းအဝိုင်းအား ကျော်လွန်ကာ အင်ဒိုနီးရှား တရုတ်လူမျိုးများ၊ ခရစ်ယာန် ဘာသာဝင်များနှင့် အခြားသော လူနည်းစုများ၏ ထောက်ခံမှုအား ရရှိလာစေရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ ထို့အပြင် အစ္စလမ်နိုင်ငံရေးသည် အင်ဒိုနီးရှားနိုင်ငံတွင် လူ့အဖွဲ့အစည်း၏ အဓိက တိမ်းညွတ်မှု မဟုတ်ဘဲ အနည်းစု၏ တိမ်းညွတ်မှုသာဖြစ်သည်။ အစ္စလမ်ဘာသာ အဓိကပါတီများနှင့် ဗဟုဝါဒီ အစ္စလမ်ပါတီ အပါအဝင် အခြားသော အစ္စလမ်ပါတီများ၏ ဆန္ဒမဲရရှိမှုမှာ ၁၉၉၉ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်း၊ ၂၀၀၄ ခုနှစ်တွင် ၃၇.၅ ရာခိုင်နှုန်း နှင့် ၂၀၀၉ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။
ထိုသို့ ကျဆင်းသွားရသည့် အကြောင်းအရင်းများတွင် အစ္စလမ်နိုင်ငံရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေသော အင်ဒိုနီးရှားနိုင်ငံ၏ အဓိက ပင်မနိုင်ငံရေးရေစီးသည် အစိတ်အပိုင်းတခုအဖြစ် ပါဝင်သည်။ အင်ဒိုနီးရှားရှိ အစ္စလမ်ဝါဒီ အများစုမှာ အာဏာပိုင်များကို ဖြုတ်ချလိုက်ခြင်းထက် ထိုအာဏာ လက်ဝယ်ရရှိခြင်းမှ ရလာမည့် အကျိုးအမြတ်ကို ပိုမို စိတ်ဝင်စားလာကြသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းရေး အစောပိုင်းကာလများရှိ အဓိက အစ္စလမ် နိုင်ငံရေးပါတီကြီး နှစ်ပါတီမှာ ဆူဟာတို၏ အစီအစဉ်အသစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလအတွင်း တင်းကြပ်စွာ ထိန်းချုပ်ထားသည့် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ရထားသည့် ပါတီကြီး သုံးပါတီအနက် တခုဖြစ်သည့် United Development Party (PPP) နှင့် အတန်အသင့် အရွယ်အစားသာရှိ ပိုမိုရှေးရိုးစွဲသော Moon and Star Party (PBB) သာ အားကောင်းကောင်းနှင့် တည်ရှိခဲ့ကြသည်။ ထိုပါတီနှစ်ခုလုံးက အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး၊ ဥပဒေ နှင့် လူမှုရေးဆိုင်ရာ ကျင့်ဝတ်များတွင် ရှားရီးရား နှင့် အညီ ရေးဆွဲရန် ကြွေးကြော်သူများ ဖြစ်ကြသော်လည်း PPP မှာ PBB ပါတီလောက် မပြင်းထန်ခဲ့ချေ။ ထိုပါတီ နှစ်ပါတီလုံးသည် ၎င်းတို့ရှုံးနိမ့်မည်ကို သိလျက်နှင့် အခြေခံ ဥပဒေတွင် ရှားရီးရား နှင့် အညီ ရေးဆွဲရန် အဆိုတင်သွင်း ငြင်းခုံခဲ့ကြသည်။
နောက်ပိုင်းတွင် ထိုခေါင်းဆောင်များသည် အစိုးရတွင်း ပါဝင်ခြင်းနှင့် ထိုပါဝင်ခြင်းမှ ရလာမည့် အကျိုးအမြတ်ကသာလျှင် ပိုမို လက်တွေ့ကျသည့် ဆိုသည့် အမြင်ကို လက်ခံခဲ့ကြသည်။ ဘာသာရေး ကျင့်ဝတ်အား ထည့်သွင်းရန် အပြင်းအထန် တောင်းဆိုခဲ့ကြသော်လည်း ထိုပါတီများ အရွေးချယ်ခံရသူများမှ အကျင့်ပျက်ခြစားမှု ကြီးကြီးမားမား ဆက်စပ်နေပြီး အရည်အချင်း ပြည့်ဝမှု မရှိသောသူများသာ ဖြစ်ကြသည်။ ဥပမာ PBB ၏ ဥက္ကဌဖြစ်သည့် M.S. Kaban မှာ အဆင့်မြင့် အရာရှိကြီးများ၏ လာဘ်စားမှုတခုနှင့် ကြီးကြီးမားမား ပတ်သက်နေသူတဦး ဖြစ်သည်။ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီကမှ ရလဒ်ကောင်း မရရှိခဲ့ဘဲ PBB ၏ အတက်အကျမှာ ၂ ရာခိုင်နှုန်းခန့်ရှိပြီး၊ PPP ၏မဲမှာ ၁၉၉၉ ခုနှစ်တွင် ၁၀.၇ ရာခိုင်နှုန်းမှ ဆယ်စုနှစ် တခုအကြာတွင် ၅.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
ထိုပါတီကြီး နှစ်ပါတီ၏ ဖြစ်စဉ်သည် အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းပြီး ဆယ်စုနှစ် တခုအကြာတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲများတွင် အစ္စလမ်စစ်သွေးကြွ အသံများ မှေးမှိန်ပျောက်ကွယ်သွားသည် ဆိုသည်ကို ပြက်ပြက်ထင်ထင် ပြသနေသည်။ မည်သည့်ပါတီကမှ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေးအား ရှားရီးရှား ကျင့်ဝတ်အညီ ပြဌာန်းရမည် ဆိုသည်ကို ပြောင်ပြောင်တင်းတင်း တောင်းဆိုခြင်း သို့မဟုတ် အလေးပေးခြင်းကိုပင် မပြုလုပ်ကြတော့ချေ။ ဤရလဒ်ကို ထွက်ပေါ်စေသည့် အဓိက ဖိအား နှစ်ခုရှိသည်။ ပထမ ဖိအားမှာ အောက်ခြေမှ ပေါ်ပေါက်လာသော ဖိအားဖြစ်သည်။ သဘောထားစစ်တမ်း ကောက်ယူမှုများက ထပ်ခါတလဲလဲ ပြသနေသည်မှာ မဲဆန္ဒရှင်များအနေဖြင့် ဘာသာရေး ကိုင်းညွတ်ခြင်းထက် ၎င်းတို့၏ လူမှုစီပွားရေး အခြေအနေ ပိုမိုကောင်းမွန်ရေးကိုသာ ပိုမို အာရုံထားသည်၊ ဂရုပြုသည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ဒုတိယ ဖိအားမှာ အပေါ်မှလာသော ဖိအားဖြစ်ပြီး ပင်မနိုင်ငံရေးရေစီးအတွင်း ပါဝင်မှု လက်ခံနိုင်မှု ဖြစ်သည်။ ပထမဖိအားမှာ ဒီမိုကရေစီစနစ် ကိုယ်တိုင်၏ ရလဒ် ဖြစ်ပြီး ဒုတိယဖိအားမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင့်သုံးသော ဒီမိုကရေစီ အမျိုးအစား ပုံသဏ္ဍာန်ကြောင့် ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။
အထက်ပါ နိုင်ငံရေး အလှုပ်အရမ်းအား ထင်ထင်ရှားရှား ပြသနေသည်မှာ Prosperous Justice Party (PKS) ပါတီ ပေါက်ဖွားလာခြင်းပင် ဖြစ်သည်။ ဤပါတီမှ အရှေ့အလယ်ပိုင်းရှိ Muslim Brotherhood (မွတ်စလင် သွေးသောက်ညီနောင်များ) အဖွဲ့၏ လှုပ်ရှားမှုကို အတုယူကာ တက္ကသိုလ်ကျောင်းဝန်းများ အတွင်းမှ ပေါက်ဖွားလာသော ပါတီဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်များမှာ လှုပ်ရှားမှုအား တဆင့်ခြင်း မြှင့်တင်သွားရမည် ဆိုသည့် နည်းလမ်းကို ကျင့်သုံးခဲ့ကြသည်။ ပထမဦးစွာ အဖွဲ့ဝင်များအတွင်း အစ္စလမ်ဘာသာအား နားလည် သဘောပေါက်လာပြီး အဖွဲ့ဝင်များအားလုံး ထိုအစ္စလမ် ကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်သွားရန်၊ ထိုမှတဆင့် ထိုစံနမူနာ ကောင်းများကို ပြသပြီး လူအဖွဲ့အစည်းအား တဖြည်းဖြည်းခြင်း အစ္စလမ်ဘာသာ ကိုးကွယ်မှုသို့ ကူးပြောင်းခြင်းဖြင့် လူ့အဖွဲ့အစည်းအား အစ္စလမ် လူ့အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းရန်၊ နောက်ဆုံး အနာဂတ်ကာလ တခုခုတွင် နိုင်ငံတော်အား အစ္စလမ် နိုင်ငံတော်အဖြစ် ပြောင်းလဲရန် ဖြစ်သည်။
၁၉၉၉ ခုနှစ် ပထမ ရွေးကောက်ပွဲခြေလှမ်းတွင် PK ပါတီ (Justice Party) အဖြစ် အသိများပြီး အင်ဒိုနီးရှားနိုင်ငံရေးတွင် ပျောက်ဆုံးနေသော အိုင်ဒီယိုလိုဂျီခိုင်မာမှု၊ ကျင့်ဝတ်စည်းမျဉ်း ခိုင်မာမှု နှင့် အစီအစဉ် အတိအကျ ချမှတ်ထားမှု စသည့် တိကျခိုင်မာသော မျှော်မှန်းချက်အား အင်ဒိုနီးရှားပြည်သူကို ချပြခဲ့သည်။ သို့သော်လည်း ၎င်းရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း ၁.၄ သာ အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ပင်မ နိုင်ငံရေး ရေစီးအား သဘောပေါက် နားလည်သွားသည်။ နောက်ဆုံးတွင် အစ္စလမ် ဘာသာကိုသာ ရှေ့တန်းတင်ထားသည့် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်အား လျှော့ချကာ ပိုမိုကျယ်ပြန့်သော ထောက်ခံမှုရရှိရန် ကြိုးပမ်းခဲ့သည်။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့၏ ကြွေးကြော်သံများအား သန့်ရှင်းသော အစိုးရ၊ လူထုအား ဂရုစိုက်စောင့်ရှောက်သော အစိုးရအဖြစ် ကြွေးကြော်ကာ ၎င်းပါတီဝင်များ၏ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ ပါတီမှ အကောင်အထည် ဖော်နေသည့် လူမှုရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းများ၊ ပါတီ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမူဝါဒ၊ လူမှုဖူလုံရေးမူဝါဒနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဝါဒများကို ချပြကာ မဲဆွယ်ခဲ့ကြသည်။ အောင်မြင်မှု အတော်အတန် ရရှိသည်ဟု ဆိုရပါမည်။ ထိုရွေးကောက်ပွဲတွင် အနိုင်ရသည့် မဲ ၇.၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။
ဤ လွှတ်တော် ရွေးကောက်ပွဲရလဒ်သည် ၎င်းပါတီကို အမျိုးအသားအဆင့် နိုင်ငံရေးအခန်းကဏ္ဍတွင်ပါ ပိုမို အရေးပါသော အခန်းကဏ္ဍကို ရရှိစေခဲ့သည်။ သမ္မတ ယူဒိုယိုနို၏ ပထမ အစိုးရအဖွဲ့အတွင်း နေရာ သုံးနေရာ ရရှိခဲ့ပြီး အခြားသော မြို့တော်ဝန်နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူ ရွေးကောက်ပွဲများတွင်လည်း အရေးကြီးသော နေရာများကို ရယူနိုင်ခဲ့သည်။ ထိုသို့ PKS ပါတီအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ပင်မရေစီးအတွင်းသို့ ဝင်ရောက်လိုက်ခြင်းကြောင့် ၎င်း၏ နိုင်ငံရေးပုံရိပ် နှင့် ပတ်သက်ကာ ဝေဖန်ခြင်းကို ပြင်းပြင်းထန်ထန် ခံလိုက်ရသည်။ ၎င်းတို့၏ အမာခံ ထောက်ခံသူများက ပါတီ၏ အနေအထားသစ်၊ ၎င်းတို့၏ အဆိုအရ ပွင့်လင်းသောပါတီ နှင့် ပတ်သက်ကာ ပါတီ၏ နဂိုမူလ ရည်မှန်းချက်ဖြစ်သည့် အစ္စလမ်နိုင်ငံအဖြစ် ပြောင်းလဲရေးမူအား စွန့်လိုက်မည်ကို စိုးရိမ်ကြောင့်ကြလာကြသည်။
တက္ကသိုလ်နယ်မြေများတွင် PKS အား ထောက်ခံသူ အကြီးအကျယ် ကျဆင်းသွားပြီး ဒီမိုကရေစီအား ရှုတ်ချပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ပိုမိုစစ်သွေးကြွသော Hizbut Thahrir (Party of Liberation) ကို ထောက်ခံသူ ပိုမို များပြားလာခဲ့သည်။ ပို၍ဆိုးဝါးသည်မှာ ပါတီ၏ အကျင့်သီလ သန့်ရှင်းမှုနှင့် ပြုပြင်ပြောင်းလဲရေး မူဝါဒမှာ ပါတီခေါင်းဆောင်များနှင့် အကျင့်ပျက်ခြစားမှု ပြဿနာများ ပတ်သက်နေမှုနှင့် ဒေသန္တရအဆင့် အရာရှိများကို ခေါ်ယူစစ်ဆေး ခံရခြင်းကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် ပါတီ၏ လူကြိုက်များမှု ကျဆင်းလာစေပြီး ၂၀၀၉ ခုနှစ်တွင် အနိုင်ရသည့် မဲရာခိုင်နှုန်း ၇.၉ ရာခိုင်နှုန်းသာ တက်ခဲသည်။ မျှော်မှန်းထားသည့် ၂၀ ရာခိုင်နှုန်းအောက်သို့ အကြီးအကျယ် ကျဆင်းခဲ့သည်။
အစ္စလမ်ဘာသာအား နိုင်ငံရေးတွင် အပေါ်ယံ သွတ်သွင်းခြင်း
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးပင်မရေစီးနှင့် အုပ်ချုပ်ရေး ယန္တယားအတွင်းသို့ အစ္စလမ် နိုင်ငံရေး အင်အားစုအား ပါဝင်စေနိုင်ခဲ့ခြင်းက အင်ဒိုနီးရှားနိုင်ငံ၏ လူမှုရေးဆိုင်ရာ မူဝါဒနှင့် လူမှုနိုင်ငံရေး မျက်နှာစာတွင် အစ္စလမ်ဘာသာရေး တစိတ်တပိုင်း လက်ခံကျင့်သုံးရန် ဖြစ်လာစေခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘာသာရေးကင်းသော အမျိုးသားရေးဝါဒီ ပါတီများနှင့် ခေါင်းဆောင်များက အစ္စလမ် လူမှုရေးအဖွဲ့အစည်းများနှင့် အစ္စလမ်ဘာသာ ကိုင်းရှိုင်းသူများ၏ ထောက်ခံမှုကို ရရန်ကြိုးပမ်းမှုကြောင့်သည်လည်း တစိတ်တပိုင်းအားဖြင့် ပါဝင်သည်။ နိုင်ငံတော်၏ အုပ်ချုပ်ရေး စနစ်အတွင်း ပါဝင်နေကြသော အစ္စလမ်ခေါင်းဆောင်များ ကိုယ်တိုင်၏ ပါဝင်မှုသည်လည်း အရေးကြီးသော အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သည်။ အချို့သော အင်ဒိုနီးရှား မွတ်စလင်ခေါင်းဆောင်များက ဆိုလျှင် အင်ဒိုနီးရှားနိုင်ငံအား မွတ်စလင်ဒီမိုကရေစီဟုပင် အနောက်နိုင်ငံရှိ ဒီမိုကရေစီစနစ်အား ခရစ်ယာန်ဒီမိုကရေစီအဖြစ် နှိုင်းယှဉ်၍ပင် သုံးနှုန်းကြသည်။
ထိုနိုင်ငံရေး အခင်းအကျင်းနှင့် လားရာသည် ဒီမိုကရေစီစနစ်ကို မဆိုထားနှင့် လူမှုရေး နိုင်ငံရေး ဗဟုဖြစ်မှု အပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ ဥပမာအားဖြင့် အစ္စလမ် အဖွဲ့အစည်းခွဲ တခုဖြစ်သည့် Ahmadiyah အဖွဲ့အား အခြား အစ္စလမ်အဖွဲ့တခုက အကြမ်းဖက်သည်ကို အစိုးရအနေဖြင့် အကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိသည့်အပြင် ၂၀၀၈ ခုနှစ်တွင် Ahmadiyah အဖွဲ့အား ၎င်းတို့၏ ယုံကြည်မှုများကို ဖြန့်ဝေခြင်းမပြုရန် တားမြစ်ခြင်းခံရသည်။
ထိုနှစ်အတွင်းမှာပင် ပါလီမန်မှ ညစ်ညမ်းပုံ ဆန့်ကျင်ရေး ဥပဒေတခုအား ပြဌာန်းလိုက်သည်။ ဥပဒေအရ ကျင့်ဝတ်နှင့် မညီညွတ်သော၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ် နှင့် ဆန့်ကျင်နေသော လိင်ပိုင်းဆိုင်ရာ အသုံးချမှုများ ပါဝင်သော အရာဝတ္တုအားလုံးကို တားမြစ်လိုက်သည်။ ထိုယေဘုယျ ဆန်သော အဓိပ္ပာယ်ဖွင့်ဆိုမှုအရ အနုပညာရှင် အမြောက်အများနှင့် ပညာတတ် အမြောက်အများ၏ အနုပညာဖန်တီးမှု နှင့် လွပ်လပ်စွာ ထုတ်ဖော်ခွင့်အား ပိတ်ပင်ခံရနိုင်ပြီး လူနည်းစုဘာသာရေး အဖွဲ့အစည်းဝင်များ အနေဖြင့်လည်း ၎င်းတို့၏ ယုံကြည်မှုနှင့် ရိုးရာအလေ့အကျင့်များကို ရာဇဝတ်မှုအဖြစ် ကန့်သတ်ခံရနိုင်သည်။
အချို့သော ဒေသများတွင် ဒေသခံ အာဏာပိုင်များက ပိုမိုတင်းကြပ်သော ရှားရီးရား ကျင့်ဝတ်ပုံစံ အမိန့်များ ထုတ်ပြန်ကာ အမျိုးသမီးများအတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ အဝတ်အစားနှင့် ပတ်သက်ပြီး တင်းကြပ်သော စည်းကမ်းများ ထုတ်ပြန်ခြင်းနှင့် ပညာရေးတွင် အစ္စလမ်ဘာသာရေးကို ထည့်သွင်းရန် တင်းကြပ်ခြင်းမျိုးကိုပင် ပြုလုပ်လာကြသည်။ ယခင် PBB ပါတီဥက္ကဌဟောင်း တရားမျှတမှုနှင့် လူ့အခွင့်အရေး ဝန်ကြီး Yusril Ihza Mahendra သည် နောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ၎င်းကိုယ်တိုင်ပင်လျှင် ရာဇဝတ်မှု ကျင့်ထုံးများအား အစ္စလမ်ဘာသာရေးနှင့် အညီ ပြောင်းလဲသွားရန် ပြောခဲ့ဖူးသည်။
ထိုဖြစ်စဉ်များမှာ နိုင်ငံတော်အား အတွင်းပိုင်းမှတဆင့် အစ္စလမ်နိုင်ငံအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားရန် ရေရှည် ကြိုးပမ်းမှု၏ ပဏာမအဆင့် ဖြစ်သည်ဟု ဆိုရမည်။ ခြုံငုံသုံးသပ်ရလျှင် အင်ဒိုနီးရှားနိုင်ငံသည် စိုးရိမ်တကြီး စောင့်ကြည့်လေ့လာသူများ စိုးရိမ်သကဲ့သို့ ရှားရီးရား ကျင့်ဝတ်စည်းမျဉ်းများအား တိတ်တဆိတ် သွတ်သွင်းခြင်း ဖြစ်စဉ် ဖြစ်ထွန်းနေသည်ဟု မဆိုနိုင်ချေ။ နိုင်ငံတော်က ဦးဆောင်သည့် ဘာသာရေးလှုပ်ရှားမှုကား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပါကစ္စတန်နှင့် မလေးရှားနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက မဆိုစလောက်သာ တွေ့ရသည်။ လက်ရှိအခြေအနေတွင် အင်ဒိုနီးရှား၏ နိုင်ငံရေး ပင်မရေစီးအတွင်း အစ္စလမ်ပါဝင်လာရေး ကြိုးပမ်းမှုမှာ အစ္စလမ် ဘာသာရေး ပါတီများအား ၎င်းတို့၏ ရည်မှန်းချက်များအား နိုင်ငံရေး အခွင့်အလမ်းခွဲဝေမှု ဒီမိုကရေစီ ပုံသဏ္ဍာန်အတွင်းသို့ ပေါင်းစပ်နိုင်ခဲ့ပြီး ၎င်းတို့အား ဘာသာရေးအခြေခံထက် ၎င်းတို့၏ မူဝါဒအခြေခံပေါ်မှ လူထု၏ ထောက်ခံမှုကို ရယူနိုင်ရန် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ အစိုးရအဖွဲ့အတွင်းမှ ဗဟုလူ့အဖွဲ့အစည်း အယူအဆအား တဖြည်းဖြည်းခြင်း ပယ်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုမှာ ယခင်က မည်သို့သော အကြောင်းဖြင့် ဖြစ်နိုင်ချေ မရှိသော်လည်း ယခုအခါ ဖြစ်နိုင်ချေ အချို့ကို တွေ့နေရပြီဖြစ်သည်။
အောင်မြင်မှုအတွက် ပေးဆပ်ရသည့်တန်ဖိုး
အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီကို လေ့လာဆန်းစစ်ရမည်ဆိုပါက အောင်မြင်မှုနှင့် ကျရှုံးမှု ဒွန်တွဲနေသည်ကို ပြက်ပြက်ထင်ထင် တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတကာ မီဒီယာများ၊ နိုင်ငံတကာ အစိုးရများ နှင့် အင်ဒိုနီးရှား၏ နိုင်ငံရေးခေါင်းဆောင်များ အတွက်မူ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အခွင့်အရေးများအား အာမခံနိုင်မှု၊ စစ်တပ်အား နိုင်ငံရေးမှ ဆုတ်ခွာသွားစေရန် စွမ်းဆောင်နိုင်မှု၊ နှင့် အစ္စလမ် အခြေခံဝါဒီများကို ထိန်းချုပ်ထားနိုင်မှုတို့သည် အင်ဒိုနီးရှားနိုင်ငံ၏ အောင်မြင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အဖြစ် ပုံဖော်ကြသည်။ သို့သော်လည်း အင်ဒိုနီးရှား ပညာတတ်များနှင့် အရပ်ဖက် လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ အပါအဝင် ပညာရှင်များ၏ စာတမ်းများနှင့် သုံးသပ်ချက်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ အရည်အသွေး နိမ့်ကျသော ဒီမိုကရေစီ၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ကိုယ်ကျိုးအတွက် အသုံးချနေမှုများ၊ အခွင့်ထူးခံ အာဏာရ လူတန်းစားများ၊ နေရာအနှံ့ တွေ့နေရသော အကျင့်ပျက်ခြစားမှုများ စသည်ဖြင့် စိတ်ပျက်စရာ သုံးသပ်ချက်များကိုသာ တွေ့ရသည်။
ထိုလက္ခဏာနှစ်ရပ်ကို တွေ့ရသည်ဆိုသည်မှာ မှန်ပါသည်။ အမှန်တကယ်အားဖြင့် တခုနှင့်တခု နီးနီးကပ်ကပ်ပင် ဆက်စပ်နေသည်။ အင်ဒိုနီးရှား၏ ဒီမိုကရေစီ အောင်မြင်မှုနှင့် ထိုဒီမိုကရေစီ၏ အရေအသွေး မပြည့်ဝမှုမှာ ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းသာဖြစ်သည်။ ဤသို့ အရည်သွေး မပြည့်ဝသော ဒီမိုကရေစီကိုသာ ရရှိခြင်းကြောင့်လည်း အင်ဒိုနီးရှား၏ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းဖြစ်စဉ် လွယ်ကူ ချောမွေ့ခဲ့ခြင်းဖြစ်သည်။ အီလစ်များနှင့် နိုင်ငံရေးဖြစ်စဉ်အတွင်း ဝင်ရောက်စွက်ဖက် အဟန့်အတား ဖြစ်စေသည့် စစ်တပ်ကဲ့သို့သော နိုင်ငံရေးအင်အားစုများကို အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်မှ ဖယ်ရှားနိုင်ခဲ့ခြင်း မရှိသေးချေ။ အမှန်တကယ်အားဖြင့် ဖယ်ရှားခြင်းထက် ထိုအင်အားစုများက နိုင်ငံရေးဖြစ်စဉ်အတွင်း မပါဝင်ဘဲ အပြင်ဖက်မှ နှောက်ယှက်ဟန့်တားသည်ကို တားဆီးလိုသဖြင့် ၎င်းတို့ကို ဒီမိုကရေစီဖြစ်စဉ်မှ အခွင့်အလမ်းများ ခွဲဝေခံစားစေခြင်းဖြင့် နှစ်သိမ့်ခဲ့ခြင်းသာ ဖြစ်သည်။ ဤနည်းလမ်းကို အသုံးပြုခဲ့သောကြောင့် ရလဒ်အဖြစ် အင်ဒိုနီးရှား၏ ဒီမိုကရေစီ အရည်အသွေးကို ထိခိုက်နစ်နာစေသည့် အင်အားစုများကို နိုင်ငံရေးစနစ်အတွင်း လုပ်ပိုင်ခွင့်များ ပေးလိုက်ရခြင်း နှင့် ပို၍ အရေးကြီးသည်မှာ ထိုသို့အခွင့်အလမ်းများ ပေးအပ်ခြင်း နှင့် အဂတိလိုက်စားမှုများသည်ပင်လျှင် နိုင်ငံရေးဖြစ်စဉ်ကို ဟန့်တားမည့်သူတိုင်းအား နိုင်ငံရေးပင်မရေစီးအတွင်း ဝင်ရောက်စေခြင်းဖြင့် နှစ်သိမ့်သည့် အဓိကနည်းလမ်း ဖြစ်လာခြင်းပင်ဖြစ်သည်။
ထိုသို့ နှောက်ယှက်ဟန့်တားမည့်သူများအား စနစ်အတွင်း သိမ်းသွင်းခြင်းနှင့် အီလစ် လူတန်းစားများ တည်ထောင်ခဲ့ခြင်းသည် ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့သော အင်ဒိုနီးရှား၏ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းဖြစ်စဉ်ကို အတော်အသင့် ချောမွေ့ စေခဲ့သည်ဟု ဆိုနိုင်သည်။ အသွင်ကူးပြောင်းခြင်းသည် အချို့နေရာများတွင် အကြမ်းဖက်မှုအသွင် ဆောင်သော်လည်း နေရာ တော်တော်များများတွင် ဒေသခံ အီလစ်များအတွက် အခွင့်အလမ်း ဖြစ်ခဲ့သည်။ နိုင်ငံတော် အဆင့်တွင်လည်း ယခင် အင်ဒိုနီးရှားနိုင်ငံ အပြောင်းအလဲတွင် ကြုံတွေ့ခဲ့ရသော သွေးထွက်သံယိုမှုများ ထပ်မံကြုံတွေ့ရလိမ့်မည်ဟု အများက မှန်းဆကြသော်လည်း ကံကောင်းထောက်မစွာပင် ၎င်းအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိချေ။ (သမ္မတ ဆူကာနို၏ ပဲ့ကိုင်ထိန်းကြောင်းထားသော ဒီမိုကရေစီစနစ်မှ ဆိုဟာတို၏ လူမှုအစီအစဉ်သစ် ခေတ် အပြောင်းအလဲကာလ ၁၉၆၅-၆၆ ခုနှစ်များတွင် ကွန်မြူနစ်ဟု စွပ်စွဲခံရသူများ နှင့် ၎င်းတို့အား ထောက်ခံသူဟု စွပ်စွဲခံရသူ ၅၀၀၀၀၀ ခန့်သတ်ဖြတ်ခံခဲ့ရသည်။) အိုင်ဒီယိုလိုဂျီ ငြင်းခုန်မှုများမှာ နိုင်ငံတော်အဆင့်ထိအောင် ပြင်းထန်ခဲ့ခြင်းမရှိဘဲ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီ စနစ်များအရ တဦးတယောက်တည်းကိုသာ အသာစီးရစေခြင်းကို တားမြစ်နိုင်ခဲ့ပြီး အသစ်ဖြစ်ထွန်းလာသော နိုင်ငံရေး အခင်းအကျင်းက နိုင်ငံရေး အင်အားစုများ အားလုံးကို အခင်းအကျင်းအတွင်း သွတ်သွင်းနိုင်ခဲ့သည်။
ရရှိလာသော ဒီမိုကရေစီ၏ အောင်မြင်မှုရလဒ်နှင့် ဒီမိုကရေစီ၏ အရည်အသွေးကို လဲလှယ်ရသည့် အင်ဒိုနီးရှား နိုင်ငံအတွက် ထိုက်တန်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်လာနိုင်သည့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရုံသာမက ဒီမိုကရေစီ စနစ်သစ်အား ဟန့်တားနှောက်ယှက်မည့် သူများကိုပါ ထိန်းသိမ်းနိုင်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တကမ္ဘာလုံး၏ ဒီမိုကရေစီအရေး အောင်မြင်မှုဟု ဆိုနိုင်သော လုပ်ထုံးလုပ်နည်းအရ အလုပ်ဖြစ်သော ဒီမိုကရေစီစနစ် တခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သည်။ ဤဆောင်းပါးတွင် ဖော်ပြထားခြင်း မရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ ဒီမိုကရေစီ စနစ်ကို ကဏ္ဍတော်တော်များများ၌ အောင်အောင်မြင်မြင် ပုံဖော်နိုင်ခဲ့ပြီး ယခုအခါတွင်လည်း အိမ်နီးချင်း နိုင်ငံများက အားကျရသည့် ပွင့်လင်း၍ ဗဟုဖြစ်သော နိုင်ငံရေးစနစ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
ထိုမျှသာမက အင်ဒိုနီးရှားသည် အောင်မြင်သော နိုင်ငံရေးပြုစုပျိုးထောင်မှု တခုဟုလည်း ဆိုကောင်း ဆိုနိုင်သည်။ ၂၀၀၄ ခုနှစ်အထိသည် နိုင်ငံတွင်း ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရေးကိုသာ အလေးထားသည့် ပြုပြင်ပြောင်းလဲရေးဖြစ်သည်။ ထိုကာလမှစ၍ ကောင်းမွန်သော အုပ်ချုပ်ရေးကို အလေးပေးသည့် ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ခဲ့သည်။ ထိုပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (Corruption Eradication Commission – KPK) ၏ လုပ်ရပ်များကို ကြည့်က ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ ထိုအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများ နှင့် အခြားသော အဆင့်မြင့် အရာရှိများ ပါဝင်ပတ်သက်နေသော လာဘ်စားမှု ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး ၎င်းတို့ အပေးအယူ လုပ်နေသည့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများကို ပြည်သူများအား ထုတ်လွှင့်ခြင်းဖြင့် လူထု၏ စိတ်ကို ကျေနပ်စေခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှ နိုင်ငံရေး အခွင့်အရေးများကို တိုးချဲ့ အာမခံပေးခဲ့ခြင်းနှင့် နှစ်ပေါင်းများစွာ အဖြေရှာမရသော ရွေးကောက်ပွဲ စီမံခန့်ခွဲခြင်း ပြဿနာအပါအဝင် အခြားနိုင်ငံရေး ပြဿနာများကို ပြေလည်အောင်ဖြေရှင်း နိုင်ခဲ့ခြင်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေး တည်ဆောက်ရန် ရည်မှန်းသည့် ဒုတိယအကျော့ ပြုပြင်ပြောင်းလဲရေး၏ သက်သေသာဓကပင် ဖြစ်သည်။ ဒေသန္တရရွေးကောက်ပွဲများတွင် မဲထည့်သူဦးရေ တိုးတက်များပြားလာမှုနှင့်အတူ မဲဆန္ဒရှင်များ အနေဖြင့် အကျင့်ပျက်ခြစားပြီး အရည်အသွေး မပြည့်ဝသူဟု ယုံကြည်သည့် ဒေသန္တရ အုပ်ချုပ်ရေးမှူးများကို ဖြုတ်ချရန် အဆင်သင့် ရှိသည်ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရသည်။
သို့သော် မည်သူအတွက်မဆို သို့မဟုတ် လူတိုင်းအတွက် လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးသည် အလွန်အရေးကြီးသည့် အခွင့်အလမ်း ဖြစ်နေသေးသည့် ဒီမိုကရေစနစ်မျိုးတွင် ထိုဒီမိုကရေစနစ်အား ထိုစနစ်အတွင်းမှ ပျက်စီးရန် ဆောင်ရွက်နိုင်သည့် အန္တရာယ် ရှိနေသေးသည်မှာ ငြင်းဆန်၍မရပါ။ သမ္မတ ယူဒိုရိုနို၏ ပထမသက်တမ်း ၂၀၀၄-၂၀၀၉ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးကို ကျယ်ကျယ်လောင်လောင် ကြွေးကြော်လင့်ကစား ဒီမိုကရေစီ ခိုင်မာအမြစ်အတွယ် စေသည့် ပြောင်းလဲမှုနှင့် ပတ်သက်၍ အောင်မြင်မှု ကြီးကြီးမားမားကို အနည်းငယ်သာ တွေ့ခဲ့ရသည်။ ထို့အပြင် အဓိက အောင်မြင်မှုများမှာလည်း ပထမအကျော့ ပြုပြင်ပြောင်းလဲရေးအရ ထွက်ပေါ်လာသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၏ ရလဒ်များသာဖြစ်သည်။
အထူးသဖြင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်များသာ ဖြစ်ကြသည်။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကဲ့သို့သော အရေးပါသည့် ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ တုံ့ဆိုင်း ချိနဲ့နေသည်ကို တွေ့ရသည်။ အောင်မြင်မှုတိုင်း၏ နောက်တွင် နောက်ကြောင်း ပြန်မှုများကိုလည်း တွေ့ရစမြဲပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အဆင့်မြင့် ရဲအရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အီလစ်များ ပူးပေါင်းကာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့အား အင်အားချိနဲ့စေရန် ကြိုးပမ်းခဲ့ကြပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ဝင် ကော်မရှင်နာ နှစ်ဦးကိုပင် အကျင့်ပျက် လာဘ်စားမှုဖြင့် တရားစွဲရန် ကြံစည်ခဲ့ကြသည်။ ထိုဖြစ်ရပ်သည် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်တွင် မည်မျှအင်အားချိနဲ့နေသည် နှင့် ခြစားနေသည်ကို ဖော်ပြနေပြီး ပြုပြင်ပြောင်းလဲရေး သမားများ အကြားတွင်လည်း ယခင်အာဏာရှင် စနစ်ဟောင်း၏ အလေ့အကျင့်ဆိုးများ ပြန်လည် အသက်ဝင်လာမည့် အရေးကို စိုးရိမ်ပူပန်စေခဲ့သည်။ တချိန်တည်းမှာပင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားနှင့် ဥပဒေပြုရေးကဏ္ဍရှိ ရှေးရိုးစွဲများကလည်း အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိ ခံစားနေရသည့် လွတ်လပ်မှုများကို ချုပ်ခြယ်ကန့်သတ်မည့် ဥပဒေကြမ်းများကို တင်သွင်းရန် ကြိုးပမ်းလျှက်ရှိရာ နိုင်ငံအတွင်းရှိ အင်အားတောင့်တင်း ခိုင်မာသော အရပ်ဖက် လူ့အဖွဲ့အစည်းများ နှင့် မီဒီယာများ၏ ကန့်ကွက်မှုများကြောင့်သာ ပယ်ချနိုင်ခဲ့ကြသည်။
လွန်ခဲ့သော ၅ နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် တကမ္ဘာလုံး နှင့် ပြည်သူလူထုက ဒီမိုကရေစီ ဘက်တော်သားအဖြစ် သတ်မှတ်ထားပြီး တန်ဖိုးထား ထိန်းသိမ်းကာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုများကိုပါ ထိန်းသိမ်း ထားနိုင်သည့် သမ္မတကောင်းတဦးအား ကံကောင်းထောက်မစွာ ရရှိခဲ့သည်။ ထို့အပြင် နိုင်ငံအနေဖြင့် တနှစ်လျှင် စီးပွားရေး တိုးတက်မှု ၅ ရာခိုင်နှုန်းဖြင့် ၎င်း၏ ဒီမိုကရေစီစနစ်အား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် အမြစ်တွယ်နေသော ဆိုဟာတို အာဏာရှင်စနစ်၏ အမွေဆိုး အီလစ်များနှင့် ဆွေစဉ်မျိုးဆက် အုပ်ချုပ်ရေးပုံစံမှာ မပြောင်းမလဲဘဲ နဂိုအတိုင်း ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ ၁၉၉၈ ခုနှစ်က ဆိုဟာတိုကို ဖြုတ်ချစဉ်က အကျင့်ပျက်ခြစားမှု၊ ပူးပေါင်းကြံစည်မှု နှင့် သာတူညီမျှ ကောင်းစားရေး မူဝါဒများသည် အဓိက အကြောင်းအရင်းများ ဖြစ်ခဲ့သော်လည်း ထိုအမူအကျင့်များကို လက်ရှိနိုင်ငံရေးလောကတွင် တွေ့နေရပြီး ဒီမိုကရေစီစနစ်အား သာမန် နိုင်ငံသားများထံသို့ ရောက်ရှိစေရန် အကောင်အထည်ဖော်ရခြင်း နှင့် ဒီမိုကရေစီအား သာမန်လူထုက နားလည်လက်ခံပုံတို့နှင့် ပတ်သက်ပြီး ကြီးမားသော ဆိုးကျိုးကို ဖြစ်စေခဲ့သည်။ ညံ့ဖျင်းသော အုပ်ချုပ်ရေးသည် အာဏာရှင်ကို ပြန်လည်မွေးထုတ်ပေးမည့် လက်သည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အယ်လ်ဘတ်တို ဖူဂျီမိုရီ၊ သက်ဆင် ရှင်နာဝပ် သို့မဟုတ် ဗလာဒီမီယာ ပူတင် တို့ကို မမွေးထုတ်သေးသော်လည်း အင်ဒိုနီးရှား ဒီမိုကရေစီသည် ဘေးအန္တရာယ်ဆိုး စက်ဝန်းမှ လုံးလုံးလျားလျား လွတ်ကျွတ်နေဟု မဆိုနိုင်သေးချေ။
(၂၀၁၀ ဧပြီလထုတ် Journal of Democracy ပါ အက်ဒ်ဝပ် အက်စ်ပင်နယ်လ် (Edward Aspinall) ၏ The Irony of Success ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ အက်ဒ်ဝပ် အက်စ်ပင်နယ်လ်သည် Australian National University ရှိ နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု လေ့လာရေးဌာန၏ အကြီးတန်း အဖွဲ့ဝင်ဖြစ်သည်။ Islam and Nation: Separatist Rebellion in Ache (2009) စာအုပ်ကိုလည်း ရေးသားခဲ့သည်။)