[irrawaddy_gallery]
မန္တလေးမြို့တွင် ကျင်းပသော ဆရာတော် ဦးဝီရသူ၏ တရားပွဲတွင် ဒေသလုပ် လက်လုပ် ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၃၆ လမ်း၊ ၈၄ နှင့် ၈၅ လမ်းကြားတွင် ဆရာတော်ဦးဝီရသူ တရားပွဲ ကျင်းပခဲ့စဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး တရားပွဲလာ အမျိုးသမီး ပရိသတ် ၄ ဦးနှင့် ကိုရင် ၁ ပါး ဗုံးဆန်ထိမှန်ကာ ဒဏ်ရာရရှိပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခံလျှက် ရှိကြောင်း သိရသည်။
“လူနာအခြေနေကတော့ စိုးရိမ်စရာမရှိပါဘူး။ ဗုံးစမှန်တယ်ဆိုပေမယ့် အထဲကို စိုက်ဝင်သွားတာမျိုး မဟုတ်ဘူး။ ဘေးကနေ ကပ်ရှပ်ပြီး မှန်သွားတာပါ။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်နေပါတယ်” ဟု မဟာအောင်မြေ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ဦးဝီရသူ၏ တရားပွဲ ကျင်းပပြုလုပ်စဉ် ဒေသလုပ် လက်လုပ်ဗုံးတလုံး တရားပွဲ၏ အနောက်ဘက်သို့ ပစ်လိုက်ခြင်း ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ရဲမှူးက ဧရာဝတီသို့ ပြောသည်။
“ဗုံးဆိုတာကတော့ သေချာသွားပါပြီ။ ဗုံးက ဒေသလုပ် ဗုံးအမျိုးစားပါ။ ဗုံးထဲကို သံကြိုးစတွေထည့်ပြီး လုပ်ထားတာ။ ချိန်ကိုက်ဗုံး မဟုတ်ဘူး။ လူအုပ်ကြားထဲကို ပစ်လိုက်တဲ့ ဗုံးမျိုးပါ” ဟု မဟာအောင်မြေမြို့နယ် ရဲမှူးက ပြောသည်။
ဗုံးဟု ယူဆရသော အရာတခုသည် တရားပွဲတွင် တပ်ဆင်ထားသော လော်စပီကာပေါ်မှ တဆင့် လမ်းပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသည်ကို မြင်လိုက်ရကြောင်း ထိုနေရာတွင် ရှိနေသည့် ဒေသခံတဦးကလည်း ဆိုသည်။
ဆရာတော် ဦးဝီရသူသည် ယမန်နေ့ ည ၈ နာရီအချိန်မှ စတင်ပြီး တရားပွဲကျင်းပခဲ့ကာ ၈ နာရီ ၂၀ မိနစ်တွင် တရားပွဲ၏ အနောက်ဘက်မှ စတင်၍ ကျယ်လောင်သော အသံများ ထွက်ခဲ့ပြီး မီးပွားများလည်း လွင့်စင်ခဲ့သည်ဟု အခင်းဖြစ်စဉ်တွင် ကိုယ်တိုင် ရှိနေသူ တဦးက ပြောသည်။
“ဆရာတော် တရားဟောကာစပဲ ရှိဦးမယ်။ အုန်းဆိုပြီး အသံကျယ်ကြီး ကြားရပြီး ကောင်းကင်မှာလည်း မီးပွားတွေ ဖြာကျ နေတာ မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဗုံးပေါက်တာလိုလို၊ ကားဘီး ပေါက်တာလိုလိုနဲ့ ဖြစ်သွားခဲ့တာ။ ဆရာတော်ကလည်း ဒီအတိုင်းပဲ တရားဆက်ဟောတယ်။ ညပိုင်း ၁၀ နာရီ ထိုးခါနီးမှ တရားပွဲသိမ်းသွားတာပါ” ဟု သူက ဆိုသည်။
ဗုံးပေါက်ကွဲသည့် အရှိန်ကြောင့် တရားပွဲ၏ အနောက်ဘက်တွင် ရပ်နားထားသည့် အေးမေတ္တာ ဆေးခန်းမှ ဒေါက်တာတင်မြင့် ပိုင်၏ ၇က/ ၃၀၂၀ အဖြူရောင် ဆလွန်းကား နောက်ဘီးနှစ်လုံးနှင့် ရှေ့ဘီး တလုံး ကွဲခဲ့ပြီး ဆီတိုင်ကီမှ ဆီများ ယိုကျကာ ကားတစီးလုံးတွင် ဗုံးစများ မှန်ထားသည့် ဒဏ်ရာ ၃၆ နေရာ ရှိကြောင်း ဒေသရဲစခန်းက ထုတ်ပြန်သည်။ ပေါက်ကွဲမှုနှင့် အနီးဆုံး နေရာများရှိ အဆောက်ဦး များတွင်လည်း ဗုံးစများ ထိမှန်ထားကြောင်း သိရသည်။
ဗုံး စတင်ပေါက်ကွဲသည့် အရှိန်နှင့် ဗုံးဆန်များကြောင့် ကားအောက်ရှိ ဆီတိုင်ကီမှ ဆီများ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီး မီး မလောင် စေရန်အတွက် တရားပွဲလာ ပရိသတ်များက သဲများဖြင့် ဝိုင်းပက်ခဲ့ရသည်။
ဆရာတော် ဦးဝီရသူသည် ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွင် တရားပွဲ အရေတွက် ၅၀ ကျော် ကျင်းပ ဟောပြောခဲ့ပြီး ဖြစ်၍ ယမန်နေ့ညက တရားပွဲတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့ နံနက်တွင် BE တပ်မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးလျှက် ရှိနေပြီး တိုင်းနှင့် ခရိုင် ရဲမှူးကြီးများ၊ မြို့နယ်ရဲမှူးများတို့လာရောက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။
“ပေါက်ကွဲသွားတဲ့ တာယာစတွေကြားကနေ ဝါယာကြိုးမျှင်လေးတွေ တွေ့တယ်။ ဗုံးက ချိန်ကိုက်ဗုံးမျိုးတော့ မဟုတ်ဘူး။ ချိန်ကိုက်ဗုံးဆိုရင် ပေါက်ကွဲမှု ကြီးမားပြီး ဒဏ်ရာရရှိတဲ့ သူတွေလည်း ပြင်းထန်လောက်တယ်။ ကားရပ်ထားတဲ့ ကားလမ်းကလည်း ပေါက်ကွဲတဲ့ ဗုံးဒဏ်ကြောင့် အောက်ကို နဲနဲချိုင့်ဝင်သွားတယ်” ဟု အခင်းဖြစ်ပွားသည့် နေရာသို့ လာရောက် စစ်ဆေးသော BEတပ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ပ နံပါတ် ၄၅၉ နှင့် အမှုဖွင့်ထားပြီး ပုဒ်မနံပါတ် ၂၈၆ ဖြင့် အရေးယူထားကာ တရားခံကို အပူတပြင်း ရှာဖွေနေပြီ ဖြစ်သည်။
ဗုံးပေါက်ကွဲသည့် နေရာနှင့် ပေ ၁၈၀ အကွာတွင် CCTV ကင်မရာ တပ်ဆင်ထားသည့် အတွက် ယင်းကင်မရာ အချက်အလက် များကို ပြန်လည် ကြည့်ရှုစစ်ဆေးနေပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။