ဒီခေါင်းစဉ်ကို နိုင်ငံရေးသိပ္ပံပညာရှင် နှစ်ယောက်ဖြစ်တဲ့ အဲဖရက် စတီဗင်နဲ့ ဂျူအန် လူဝစ်တို့ရဲ့ စာတမ်း ခေါင်းစဉ်ကနေ ပွားယူထားတာပါ။ ပထမတယောက်ကတော့ ကိုလံဗီယာ တက္ကသိုလ်က ပါမောက္ခဖြစ်ပြီး ဒုတိယတယောက်က ယေးလ်တက္ကသိုလ် ပါမောက္ခပါ။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူတို့ နှစ်ယောက် ပူးတွဲရေးခဲ့တဲ့ စာအုပ် ဒီမိုကရက်တိုက်ဇေးရှင်း ပြသနာများ (Problems of Democratic Transition and Consolidation: Southern Europe, South America, and Post-Communist Europe) စာအုပ်က ထင်ရှားပါတယ်။ ဥရောပတောင်ပိုင်း၊ တောင်အမေရိကနဲ့ ဥရောပ ကွန်မြူနစ်နိုင်ငံဟောင်းတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေအပေါ် ချဉ်းကပ်တင်ပြခဲ့ပါတယ်။ အာရပ်နွေဦး မတိုင်ခင်အထိ ထပ်ဖြည့်စရာ မလိုအပ်သေးတဲ့ သီအိုရီလို့ ဆိုနိုင်ပါလိမ့်မယ်။
ဒါပေမယ့် လက်ရှိ အာရပ်နွေဦးရဲ့ ထူးခြား ဖြစ်စဉ်တွေအပေါ် အခြေခံပြီး သူတို့ မူရင်း သီအိုရီအပေါ်မှာ ထပ်ဖြည့်စွက်စရာပေါ်လာလို့ နောက်ထပ် စာတမ်းငယ်တစ်စောင်ကို ရေးပါတယ်။ အခု စာစုမှာ ပညာရှင်နှစ်ယောက်ရဲ့ အာဘော်တွေကို မိတ်ဆက်ရင်း မြန်မာ့နွေဦးအပေါ် တင်ကြည့်ချင်တဲ့ သဘောပါပဲ။
အမေရိကန် သမ္မတ ဘားရတ်အိုဘားမားဆီကနေ သမ္မတ ဦးသိန်းစိန် ငှားသုံးထားတဲ့ စကားတခွန်းကို သိကြမယ်ထင်ပါတယ်။ ဦးသိန်းစိန်နဲ့ အိုဘားမားတို့ ရန်ကုန်မှာ ခဏတွေ့တဲ့ အချိန်မှာ ဦးသိန်းစိန်ရဲ့ တခွန်းတည်းသော အင်္ဂလိပ်စကားက Move Forward ဆိုတဲ့စကားပါ။ အနာဂတ်ကို မျက်နှာမူပြီး “ရှေ့သို့ချီတက်” နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ကောက်ယူနိုင်ပါလိမ့်မယ်။
ဒီမှာ မေးစရာ မေးခွန်းက ဘယ်ကနေ လာလို့ ဘယ်ကို ချီတက်မှာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမိုကရေစီအသွင်ကူးပြောင်ရေးမှာ ဘယ်ကလာသလဲဆိုတဲ့ မေးခွန်းက အခြေခံ ကျပါတယ်၊ ဒီအခြေခံ (ရေခံမြေခံ) အပေါ် မူတည်ပြီး တနိုင်ငံနဲ့ တနိုင်ငံ အတွေ့အကြုံတွေကလည်း ခြားနားပါတယ်။
သီအိုရီသဘောအရ ဒီမိုကရေစီမဟုတ်တဲ့ အစိုးရ ၅ မျိုး ရှိပါတယ်။
(၁) တစိတ်တပိုင်း အာဏာပိုင်စနစ် (authoritarianism)
(၂) အကြွင်းမဲ့ အာဏာရှင်စနစ် (totalitarianism)
(၃) အကြွင်းမဲ့ အာဏာရှင်စနစ် အလွန် (post-totalitarianism)
(၄) ဘဝရှင်မင်းတရား စနစ် (sultanism)
(၅) ဒီမိုကရေစီတပိုင်း အာဏာရှင်စနစ် (authoritarian democratic hybrid)။
အထက်က ငါးမျိုးအပြင်၊ အရောအစပ်၊ အလျှော့အတင်းနဲ့ မူကွဲတွေလည်း ဖြစ်နိုင်ပါတယ်။ စာရှည်မှာစိုးလို့ အသေးစိတ်အထိ မသွားတော့ပါဘူး။ ဥပမာ အခု လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အီဂျစ်၊ လစ်ဗျား၊ တူနီးရှား၊ ဆီးရီးယား တို့မှာ ရှိခဲ့တဲ့၊ ရှိနေတဲ့ ဒီမိုကရေစီမကျတဲ့ အုပ်ချုပ်မှုစနစ်တွေကို ကြည့်ရင် နံပါတ် (၄) နဲ့ (၅) လက္ခဏာတွေ ရှိနေတယ်လို့ ပညာရှင်နှစ်ဦးက သတ်မှတ်ပါတယ်၊ မြန်မာပြည်ရဲ့ အခြေအနေကို ကြည့်ရင်လည်း ဒီသဘောမျိုးပဲ တွေ့ရပါတယ်။
သတင်းကောင်းကတော့ ဒီမိုကရေစီတပိုင်း အာဏာရှင်စနစ် (authoritarian democratic hybrid) ပုံစံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လမ်းကြောင်း ဖြောင့်ဖြူးနိုင်တဲ့ပုံစံ ဆိုတာပါပဲ။ “Four-Player Game” လို့ ခေါ်တဲ့ အာဏာရှင်အစိုးရအဖွဲ့ထဲက သဘောထား ပျော့ပျောင်းသူတွေနဲ့ အတိုက်အခံက သဘောထား ပျော့ပျောင်းသူတွေ ပေါင်းမိ၊ နှစ်ဘက်စလုံးက သဘောထားတင်းမာသူတွေကို ဘေးဖယ်ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဖန်တီးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဒါပေမယ့် အာရပ်နိုင်ငံတွေမှာ အပြောင်းအလဲက “Four-Player Game” ပုံစံနဲ့ မဖြစ်ခဲ့ဘဲ အာဏာရှင် ဖြုတ်ချရေးအထိ ခရီးကြမ်းကို ဖြတ်သန်းနေရပါတယ်၊ ဒါက သတင်းဆိုးဖြစ်သလို မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စိုးရိမ်စရာ ကိစ္စလည်း ဖြစ်နေပါတယ်။ အခုလို ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ခက်ခဲနေရတဲ့ အကြောင်းအရင်းက ဘဝရှင်မင်းတရားစနစ် (sultanism) ကြောင့်လို့ ဆိုနိုင်ပါတယ်။
Max Weber ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ Sultanism ဆိုတာ အဖေ့အရိုက်အရာကို သားက ဆက်ခံတဲ့ စနစ်၊ အုပ်ချုပ်ရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်ပြီး စစ်တပ်ကလည်း အရှင်သခင်ရဲ့ တစ်လက်ကိုင်တပ်ဖွဲ့ ဖြစ်နေတာကို ဆိုလိုပါတယ်။ တနိုင်ငံလုံးမှာ အာဏာရှင်က သူ့လက် သူ့ခြေ၊ တနိုင်ငံလုံးကို သူပိုင်ပစ္စည်းလို သဘောထားတာမျိုးပါ။
ဒါကြောင့် Sultanism အမာဖြစ်နေရင် “Four-Player Game” မရှိပါဘူး။ အုပ်စိုးတဲ့ စနစ်ထဲက သဘောထား ပျော့ပျောင်းတယ်လို့ သံသယရှိသူတွေကို အပြတ် ချေမှုန်းဖို့ပဲ ရှိပါတယ်။ ဒါကြောင့် အတိုက်အခံဘက်ကလည်း သူသေကိုယ်သေ အပြတ်ချရေးကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။ အတိုက်အခံကို မလှုပ်နိုင်အောင် ဖိထားရေးဟာ ဒီစနစ်ကို တည်မြဲစေဖု့ိ အဓိက သော့ချက်ဖြစ်သလို၊ အတိုက်အခံတွေဘက်ကလည်း အသွင်ကူးပြောင်းရေးအတွက် အကြမ်းဖက် နည်းလမ်းကလွဲလို့ တခြား ရွေးစရာ မရှိတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီစနစ်အောက်မှာ အာဏာရှင်ရဲ့ အဓိက ဖိနှိပ်ရေး လက်နက်ဟာ စစ်တပ်ပါပဲ၊ စစ်တပ်ဟာ အရှင်သခင်ကို သက်ပေးကာကွယ်တဲ့ တလက်ကိုင် အဖွဲ့ဖြစ်ပါတယ်။
အထက်က ပုံစံထက် ပျော့ပျောင်းတဲ့ စနစ်ကတော့ သက်ဦးဆံပိုင်စနစ်ဆိုပေမယ့် တချို့သော စီးပွားရေးလုပ်ငန်း၊ ဘာသာရေး အုပ်စုတွေကို အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်ပေးထားတဲ့ အနေအထားမျိုးပါ။ ဒီစနစ်အောက်မှာလည်း “Four-Player Game” နဲ့ ချောမွေ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မျိုးကို ဖြစ်နိုင်ပေမယ့် မြင်ရခဲပါတယ်။ ဖိလစ်ပိုင်မှာ ဖြစ်သွားတဲ့ ဖာဒီနန် မားကို့စ် အစိုးရ ပြုတ်ကျသွားတဲ့ (၁၉၈၆) အခြေအနေက ဖြစ်တောင့် ဖြစ်ခဲ ပုံစံပါပဲ။ ဖိလစ်ပိုင်အခြေအနေမှာ ဒီမိုကရေစီအင်အားစုဘက်က ဖိအားပေးလာတဲ့အခါ စစ်တပ်ကလည်း မားကို့စ်ကို စွန့်စားပြီး အကာအကွယ်မပေးခဲ့တဲ့ အခြေအနေမျိုးပါ။ ၂၀၁၁ အီဂျစ်မှာ တွေ့ရတဲ့ ပုံစံနဲ့ ဆင်တူပါတယ်။
မူဘာရတ်လက်အောက်က အီဂျစ်၊ ကဒါဖီ လက်အောက်က လစ်ဗျား၊ ဘန်အာလီ လက်အောက်က တူနီးရှား၊ အာဆတ် လက်အောက်က ဆီရီးယားတို့မှာ Sultanism စနစ်တွေကို ဒီဂရီအမျိုးမျိုးနဲ့ တွေ့ရပါတယ်။
ကဒါဖီရဲ့ လစ်ဗျားက Sultanism စနစ်ရဲ့ အပီပြင်ဆုံး ပုံစံပါပဲ။ သူ့ကို ဖြုတ်ချဖို့အတွက် အတိုက်အခံဘက်က သူပုန်ထခဲ့ရသလို၊ ကုလသမဂ္ဂ ဦးဆောင်တဲ့ နေတိုးတပ်ကလည်း စစ်ကူပေးမှ ပြုတ်ကျသွားပါတယ်။ ကဒါဖီ အလွန် လစ်ဗျားမှာ လက်နက်ကိုင် စစ်သွေးကြွအဖွဲ့တွေ အနည်းဆုံး ၆၀ လောက် ရှိပါတယ်။ ကိုယ့်နယ်မှာ ကိုယ်ထင်သလို ပါဝါပြနေကြတယ်။ ဗဟိုအစိုးရက အစိုးရတရပ်အနေနဲ့ တိုင်းပြည်မှာ အာဏာသက်ရောက်နိုင်စွမ်း မရှိပါဘူး။ No State = No Democracy လို့ ဆိုတဲ့ အတိုင်း လစ်ဗျား ဒီမိုကရေစီက အလှမ်းဝေး ပါသေးတယ်။
အာဆတ်လက်အောက်မှာလည်း ဆီရီးယားက ကဒါဖီလောက် တင်းတင်းကျပ်ကျပ်မဟုတ်ပေမယ့် Sultanism ပုံစံမျိုးပါပဲ။ တိုင်းပြည်ထဲမှာ စီးပွားရေးအရ အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့်ပေးထားတာပဲ လျှော့ရဲပါတယ်။ အာဆတ်က သူ့အဖေဆီက တိုင်းပြည်အာဏာကို ဆက်ခံပြီး စစ်တပ်ထဲက ခေါင်းဆောင်မှန်သမျှ အာဆတ်ရဲ့ လူယုံတွေချည်းပါပဲ။ သူနဲ့ အနွယ်တူတဲ့ အာလဝိုက် ဘာသာရေး ကိုးကွယ်သူတွေကိုပဲ စစ်တပ်ထဲမှာ နေရာပေးထားတယ်။ ဒါကြောင့် အာဆတ်ရဲ့အကျိုးစီးပွားက စစ်တပ်ရဲ့ အကျိုးစီးပွားလည်း ဖြစ်နေပါတယ်။ အာဆတ်ပြုတ်ရင် စစ်တပ်ကလည်း ဒုက္ခရောက်မယ်ဆိုတာကို စစ်တပ်က ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါကြောင့် ဆီရီးယားမှာ ပြည်တွင်းစစ်ကြီးကျယ်ပြန့်နေတုန်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အလှမ်းဝေး နေတုန်းပါပဲ။
မူဘာရတ်လက်အောက်က အီဂျစ်မှာလည်း ခရိုနီ အရင်းရှင်ဝါဒကို ကျင့်သုံးသလို အသက် ၉၀ တန်း ရောက်နေတဲ့ မူဘာရတ် လွန်တဲ့အခါ သူ့သား ဂမ်မေး မူဘာရတ်ကို အာဏာလွှဲပေးဖို့ လျာထားခဲ့တယ်။ ဒါပေမယ့် ထူးခြားချက်က လစ်ဗျားနဲ့ ဆီရီးယား စစ်တပ်တွေနဲ့ နှိုင်းယှဉ်ရင် အီဂျစ်စစ်တပ်ဟာ အော်တိုနိုမီနဲ့ အင်စတီကျူးရှင်း ပုံစံနဲ့ ရပ်တည်နိုင်တယ်။ နိုင်ငံထဲက နိုင်ငံငယ်လေးလို လည်ပတ်နေတယ်လို့တောင် ဆိုကြပါတယ်။ စီးပွားရေးကဏ္ဍ အတော်များများကို စစ်တပ်က လက်ဝါးကြီး အုပ်ထားပါတယ်။
ဒီကြားထဲမှာ မူဘာရတ်ရဲ့သား ဂမ်မေးက စစ်တပ် အကျိုးစီးပွားရေးတွေကို ဆန့်ကျင်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ဖို့ ခြေလှမ်းပြင်တဲ့အခါ စစ်တပ်နဲ့ ရန်စောင်လာတယ်။ လူထုအုံကြွမှုတွေ ပေါ်ပေါက်လာတဲ့အခါ စစ်တပ်က ပြည်သူတွေဘက်ကနေ ဝင်ရပ်ပြီး နာမည်ကောင်းဝင်ယူတယ်။ မူဘာရတ်ကို အကာအကွယ်မပေးတော့ဘူး။ မူဘာရတ် ပြုတ်ကျသွားတယ်၊ ရွေးကောက်ပွဲ နည်းလမ်းနဲ့ အာဏာရလာတဲ့ မော်စီ တက်လာတယ်။ ဒီကြားထဲမှာ လစ်ဘရယ်တွေနဲ့ အစ္စလမ္မစ် ဝါဒီတွေကြားမှာ သဘောကွဲရာကနေ စစ်တပ်က နောက်ထပ် တကြိမ် အာဏာသိမ်းပြန်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တွေ့ရလေ့ရှိတဲ့ အန္တရာယ် နှစ်ရပ်ရှိပါတယ်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လူတွေရဲ့ မျှော်လင့်ချက်တွေ မြင့်မားလွန်းနေတဲ့ ကိစ္စလို့ ဆိုပါတယ်။ အီဂျစ်မှာ ဖြစ်သွားတဲ့ ကိစ္စဟာ ဒီပြသနာ နှစ်ရပ်စလုံးနဲ့ ဆိုင်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်း စစ်တပ် အကျိုးစီးပွားတွေကို ဘယ်အတိုင်းအတာအထိ အထိခိုက်ခံပြီး ပြောင်းလဲမလဲဆိုတဲ့အပေါ်မှာ မူတည်နေ ပါတယ်၊ အာရပ်နိုင်ငံတွေထဲမှာ Sultanism စနစ် အပျော့ပျောင်းဆုံး နိုင်ငံက တူနီးရှားလို့ ဆိုနိုင်ပါတယ်။ ဘန်အာလီ မိသားစုက တူနီးရှားရဲ့ စီးပွားရေးကို သူတို့ အပိုင်လို ထင်တိုင်းကျဲတဲ့ ကိစ္စက လွဲလို့ တူနီးရှား စစ်တပ်ဟာ ပရော်ဖက်ရှင်နယ်စစ်တပ်အဖြစ် ရပ်တည်ပါတယ်။ အင်အားကလည်း ၄ သောင်း မပြည့်ပါဘူး။ အစိုးရရဲ့ အဓိက လက်ကိုင်တုတ်က ရဲတပ်ဖွဲ့ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံး လူထု အုံကြွမှုတွေ ပေါ်ပေါက်လာတဲ့အခါ ရဲတပ်ဖွဲ့က အကြမ်းဖက်တာမျိုး မကျူးလွန်အောင် စစ်တပ်က ဟန့်တားနိုင်ခဲ့ပါတယ်၊ အာဏာရှင်ကို စစ်တပ်က အကာအကွယ်မပေးဘဲ တိုင်းပြည်ကနေ ထွက်ပြေးဖို့ပဲ အခွင့်အရေး ပေးခဲ့ပါတယ်။ အီဂျစ်မှာလို စစ်တပ်အနေနဲ့ အခွင့်ထူးခံ အနေအထားမရှိတဲ့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စစ်တပ်က ထောက်ခံသွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် တူနီးရှားရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးက တခြား နိုင်ငံတွေထက် အခြေအနေ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
အထက်က ဥပမာတွေကို ကြည့်ရင် မြန်မာပြည်နဲ့ တနည်းမဟုတ် တနည်းနဲ့ ဆင်တူနေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးဟာလည်း ဒီနိုင်ငံတွေနည်းတူ ခက်ခဲမယ်လို့ သဘောပေါက်နိုင်ပါတယ်။
အစက မေးခွန်းကို ပြန်ကောက်ရရင် မြန်မာပြည် ဒီမိုကရက်တိုက်ဇေးရှင်းက ဘယ်ကနေ လာပြီး ဘယ်ကို သွားမှာလဲ။ မြန်မာပြည် ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်း ဖြောင့်ဖြူးမယ်၊ မဖြောင့်ဖြူးဘူး၊ ငြိမ်းချမ်းတဲ့ ပဋိညာဉ်အရ အပြောင်းအလဲ (peaceful “pacted” transition) ဖြစ်မဖြစ်၊ မေးခွန်းတွေနဲ့ အကဲဖြတ်နိုင်ပါတယ်။ မြန်မာပြည်မှာ Sultanism စနစ် အသက်ဝင်နေသလား၊ တည့်တည့်ပြောရရင် ဘဝရှင် မင်းတရားကြီး နောက်ကွယ်မှာ ရှိနေသေးသလား။ စစ်တပ်က ခေတ်အဆက်ဆက် ရခဲ့တဲ့ နိုင်ငံရေးနဲ့စီးပွားရေး အခွင့်ထူးခံတာတွေကို ဆက်ပြီး ကာကွယ်နေသလား။ ဘဝရှင်မင်းတရားကြီး (Sultan) နဲ့ အပေါင်းအပါတွေရဲ့ အကျိုးစီးပွားကိုပဲ အသေအလဲ အကွယ်ပေးနေတာလား ဆိုတဲ့မေးခွန်းတွေပါပဲ။
Move Forward လို့ ပြောနေပေမယ့် ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ အရင်စစ်အစိုးရအဖွဲ့ထဲက ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့ွ ဖြစ်နေလို့ ဒီမေးခွန်းက ပိုပြီး အရေးကြီးပါတယ်။ ဘဝရှင်မင်းတရားကြီး အနားယူသွားပြီ၊ စာဖတ်နေပြီလို့ ဆိုပေမယ့် သူ ချန်သွားခဲ့တဲ့ စနစ်နဲ့ ယန္တရားတွေက မြန်မာပြည် ရှေ့ခရီးအတွက် အန္တရာယ်ရှိနေဆဲပဲလို့ ကျနော် ထင်မြင်နေမိပါတယ်။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)