လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ လှုပ်ရှားခဲ့သည့် ပုသိမ်မြို့မှ တက်ကြွလှုပ်ရှားသူ ၃ ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့် ရဲက တရားလိုပြုလုပ်ကာ ရုံးတင်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များနှင့် လူထုအား မီးလောင်ဒဏ်ရာ ရသည်အထိ ဖြိုခွင်းခဲ့သည့် အစိုးရ၏လုပ်ရပ်အား ရှုတ်ချပွဲနှင့် စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုပွဲကို ပုသိမ်မြို့ရှိ တက်ကြွလှုပ်ရှားသူများက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့ အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ယင်းဆန္ဒပြပွဲကို ဦးဆောင်သူ ၃ ဦးဖြစ်သည့် တက်ကြွလှုပ်ရှားသူ ကိုကျော်စွာ၊ ဦးဇင်းနိုင်ကြီးနှင့် ကိုမြင့်အောင်တို့အား ပုသိမ်မြို့ အသည်ကြီးရဲစခန်း စခန်းမှူး ရဲအုပ် တင်မောင်သက်က တရားလို ပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက အမှုဖွင့်ထားခဲ့ပြီး ၇ လအကြာ ဇူလိုင်လ ၁၅ ရက် နေ့တွင် ပုသိမ်မြို့နယ်တရားရုံး၌ ရုံးတင် တရားစွဲဆိုခြင်း ဖြစ်သည်။
“ကျနော်တို့က ဥပဒေဘောင်ထဲက စာတင်ပြီး လုပ်ခဲ့တယ်။ သူတို့ ခွင့်မပြုတာတော့ မတတ်နိုင်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရ ဥပဒေဘောင်ထဲက လုပ်တယ်လို့ပဲ ခံယူတယ်။ ဒါကြောင့် ကျနော်တို့မှာ အပြစ်မရှိဘူးလို့ပဲ ခံယူတယ်” ဟု တရားစွဲဆိုခြင်း ခံထားရသည့် ကိုကျော်စွာက ဧရာဝတီသို့ ပြောသည်။
ဇူလိုင် ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် တရားခွင်သို့ တရားလိုဖြစ်သည့် ရဲအုပ် တင်မောင်သက် လာရောက်ခြင်းမရှိဘဲ ၎င်းအစား အသည်ကြီး ရဲစခန်းမှ ဒု ရဲအုပ် မောင်မောင်ရွှေ လာရောက်ခဲ့ပြီး မည်သည့်ကြားနာမှုမှ မပြုလုပ်ခဲ့ဘဲ စွပ်စွဲခံထားရသူ ၃ ဦးက အာမခံယူကာ ပြန်လာခဲ့ကြသည်။ ၎င်းတို့အား ဇူလိုင်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်မည်ဟု သိရသည်။
တရားစွဲသည့်ကိစ္စနှင့် ပတ်သတ်၍ ပုသိမ်မြို့ အသည်ကြီး ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက“ ကျနော်တို့ဆီမှာ
အမှုတွဲတွေ ကျန်နေတဲ့အတွက် ကိုယ့်လုပ်ဆောင်ရမယ့် တာဝန်ရှိတဲ့အတိုင်း ဥပဒေအကြံပေးတောင်းပြီး တရားရုံး တင်တဲ့သဘောပါ။ ကျန်တဲ့ ပုဒ်မ ၁၈ အမှုတွေလည်း ဥပဒေအကြံပေး တောင်းထားပါတယ်။ ကျလာရင် ရုံးတင်မှာပါ” ဟု ပြောသည်။
လက်ရှိတွင် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သတ်၍ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ပြင်ဆင် ချုပ်ဆိုခဲ့သည့် စာချုပ်အသစ်အား ဒေသခံ ပြည်သူများထံ ရှင်းလင်းပြောဆိုရန်၊ ဖမ်းထားသူများ ပြန်လွှတ်ပေးရန်၊ ဖမ်းဝရမ်းထုတ်ထားမူများ ရုတ်သိမ်းပေးရန် လက်ပံတောင်း ဒေသခံများက ဇူလိုင်လ ၂၁ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
လက်ပံတောင်းအရေး လုပ်ဆောင်နေသည့် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးကို ရွှေဘိုခရိုင်တရားရုံးက ပုဒ်မ ၁၄ ခုနှင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ၊ ဒေသခံ လယ်သမား ကိုစိုးသူနှင့် ကိုမောင်ဆန်းတို့ကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ထားသည်။
“အခု ကျနော်တို့ကို တရားစွဲတဲ့ကိစ္စက ဟိုလက်ပံတောင်းတောင် ဒေသမှာ ဖိအားပေးခံရတော့ တခြားဒေသမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားလိုက်ပေးတာလို့ မြင်မိတယ်” ဟု ကိုကျော်စွာက ပြောသည်။
လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ ၃ ဦး တရားရင်ဆိုင် နေရစဉ်မှာပင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပုသိမ်မြို့မှ ကချင်လွပ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ချီတက်လမ်းလျှောက်ရန ြကြိုးပမ်းခဲ့သူ ၅ ဦးအား အသည်ကြီး ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီး ရုံးတင်တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
ချီတက်လမ်းလျှောက်ရန် ကြိုးစားခဲ့သည့် ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘိုးတော် ဝင်းနိုင်၊ ဦးကျော့မောင်၊ ဦးဇင်းနိုင်ကြီး၊ ဦးမြင့်အောင်နှင့် ဦးလှမြင့်တို့အား အသည်ကြီးစခန်းမှူး ရဲအုပ် တင်မောင်သက်ကပင်တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အမှုဖွင့် ခံထားရသည့် ဘိုးတော် ဝင်းနိုင်က ပြောသည်။
“ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးကို အလိုရှိတယ်။ ပြည်သူလူထု အေးအေးချမ်းချမ်းနဲ့ နေတာကို မြင်ချင်တယ်။ ဒါကြောင့် ကျနော်တို့တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရပြီး အေးချမ်းစေလိုတဲ့သဘောနဲ့ လမ်းလျှောက်ဖို့စီစဉ်တာပါ။ ခုလို ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ကိစ္စကို အမှုဖွင့် အရေးယူတယ်ဆိုတော့ ဒါဟာ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားဘူးလို့ပဲ ယူဆပါတယ်” ဟု သူက ပြောသည်။
ချီတက်လမ်းလျှောက်မည့် အဖွဲ့သည် ပုသိမ်မှ ရန်ကုန်၊ ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ မြစ်ကြီးနား၊ မြစ်ကြီးနားမှတဆင့် လိုင်ဇာသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
“ကျနော်တို့က လမ်းလျှောက်ဖို့ အစီအစဉ်နဲ့ တကောင်းဘုရားမှာ စုဝေးနေတုန်း အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မယ် ဆိုတဲ့အကြောင်း၊ နောက်ဆုံးသတင်းပေါ့နော်၊ မိတ်ဆွေတယောက်က လာပြောတယ်။ အဲဒါနဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီး ဘုရားရှေ့ကနေပဲ အိမ်ပြန်လာခဲ့တယ်။ အဲသလို လမ်းမလျှောက်ဖြစ်တဲ့ ဟာကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာ” ဟု ဘိုးတော် ဝင်းနိုင်က ပြောသည်။
ပုသိမ်မြို့ရှိ လက်ပံတောင်းအရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားသူများအပြင် လယ်သမားအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခံထားရသည်။
ပုသိမ်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လယ်သမားများ ဆန္ဒပြပွဲကို ဦးဆောင်မှုဖြင့် လယ်သမားအရေး ကူညီပေးနေသူ ကိုထွန်းထွန်းဦးနှင့် အမျိုးသားဒီမိုကရေစီ ကွန်ရက် (NDN) မှ ဦးသန်းဝင်းတို့အား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်။
“ပုဒ်မ ၁၈ ဆိုတာ ကျနော်တို့ ခေတ်အခါနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး။ ကျားသနားမှ နွားချမ်းသာမယ့် ဒီမိုကရေစီမျိုးဆိုတာ ပုဒ်မ ၁၈ က ဖော်ပြနေပါတယ်။ ပြည်သူတွေ ငတ်မွတ်နေတဲ့ ဒီမိုကရေစီကို အဲဒီပုဒ်မ ၁၈ က ပါးစပ်ထဲရောက်မယ့် ထမင်းလုပ်ကို ပုတ်ချသလို ဖြစ်နေတယ်။ ကျနော်တို့တော့ အမှုဖွင့်ရုံမက ဖမ်းပြီးထောင်ချလည်း လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးတွေက ဆက်လုပ်နေမှာပါပဲ” ဟု ဦးသန်းဝင်းက ပြောသည်။