မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲအနီးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ နှစ်ဦးကို အမှတ် (၉) ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၃၆ လမ်း၊ ၈၄ နှင့် ၈၅ လမ်းကြားတွင် ဆရာတော် ဦးဝီရသူ တရားပွဲ ကျင်းပခဲ့စဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး တရားပွဲလာ အမျိုးသမီး ပရိသတ် ၄ ဦးနှင့် ကိုရင် ၁ ပါး ဒဏ်ရာရခဲ့သည်။
တရားပွဲအနီးတွင် တပ်ဆင်ထားသော CCTV လုံခြုံရေး ကင်မရာ မှတ်တမ်းများမှတဆင့် သံသယရှိသူများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားနှစ်ဦးသည် တရားပွဲအနီးတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခြင်း၊ တရားပွဲအတွင်း အကျႌချွတ်၍ သွားလာနေခြင်းနှင့် တခြားသော မသင်္ကာစရာများကို တွေ့ရှိထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ ရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။
“လောလောဆယ်တော့ သူတို့နှစ်ယောက်ကို မသင်္ကာတဲ့တွက် စစ်ဆေးနေတုန်းပဲ။ အတိကျတော့ ပြောလို့ မရပါသေးဘူး။ စစ်ဆေးရင်းနဲ့ မဟုတ်ဘူးဆိုရင်လည်း သူတို့ကို ပြန်လွှတ်ရမှာပါ၊ ကျန်တဲ့အပိုင်းတွေကတော့ တရားခံကို လမ်းစ ပေးသလို ဖြစ်သွားမှာ စိုးတဲ့အတွက် ထုတ်ပြောလို့ မရတာတွေ ရှိပါတယ်။ တရားခံဆိုတာ သိတာနဲ့ ချက်ခြင်း ထုတ်ပြန်ပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်က ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်တစီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သည်နှစ်ဦးနှင့် အရပ်သားတဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ မသင်္ကာသူများကို စုံစမ်းဆဲဖြစ်ကြောင်း ရဲမှူး ဦးစိုးငြိမ်းက ဆိုသည်။
“ပြင်ဦးလွင်မှာ ခွဲတဲ့ဗုံးအမျိုးစားနဲ့ ဒီမှာကွဲတဲ့ ဗုံးအမျိုးစားတို့က သေချာမသိရင်တော့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် ကွဲပြားတယ်။ ပြင်ဦးလွင်မှာ ကွဲခဲ့တဲ့ဗုံးက အထဲမှာ ဘောသီးတွေ ထည့်ထားတာ။ ဗုံးကို ပြင်ဆင်တဲ့ ပုံစံကလည်း နာနတ်သီးလို ဗုံးစံ အပြင်ဘက်ကနေ ပတ်ထားတာ။ ပြီးတော့ ဝါယာကြိုးစတွေ တွေ့တယ်။ အခုဗုံးက အထဲမှာ ယမ်းရော၊ သံကြွပ်စတွေကို အစုံထည့်ပြီး ပစ်လိုက်တဲ့ဗုံးမျိုး။ ဒါ့ကြောင့်လည်း ဒဏ်ရာ မပြင်းထန်တာပါ” ဟု ရဲမှူး ဦးစိုးငြိမ်းက ရှင်းပြသည်။
မန္တလေးရှိ ပြည်သူများ အနေဖြင့် ယင်းဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူများ၊ အနီးနား သွားလာရင်း မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့သူများ ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ သတင်းပို့ကြရန် အသိပေးထားကြောင်း သိရသည်။
ဗုံးခွဲမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူများကို ဖမ်းဆီးရာတွင် မလိုလားအပ်သော ဖမ်းဆီးမှုများ ဖြစ်မည်ကို စိုးရိမ်ကြောင်း မန္တလေးမှ နိုင်ငံရေးသမား တချို့က ပြောသည်။
“သံသယရှိသူတွေကို စစ်ဆေးမေးမြန်းတာ ကောင်းပါတယ်။ ဒါပေမယ့် သံသယရှိတယ်ဆိုပြီး နှစ်အကြာကြီး ဖမ်းဆီးထားတာမျိုး၊ ပြီးတော့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားတာမျိုးတွေတော့ မဖြစ်စေချင်ဘူး။ အဲဒီလိုမျိုးနဲ့ နစ်နာခဲ့ရတဲ့ လူတွေမနည်းတော့ဘူး” ဟု နိုင်ငံရေး အကျဉ်းသာများ လူမှုကူညီရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုလေး ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် မန္တလေး ဈေးချို ဗုံးကွဲမှု၊ ပြင်ဦးလွင်နှင့် နေပြည်တော် ဗုံးကွဲမှုများတွင် ရှမ်းတိုင်းရင်းသား တချို့ကို သံသယမှုများနှင့် ဖမ်းဆီးကာ တရားရုံးသို့ တင်ခဲ့သော်လည်း ယခုချိန်အထိ အဖြေမပေါ်သေးပေ။
မကြာမီ ကျင်းပမည့် သီတဂူဆရာတော်ကြီး၏ တရားပွဲအပါဝင် တခြားသော တရားပွဲများကိုလည်း လုံခြုံရေး အပြည့်အ၀ ချထားသွားမည် ဖြစ်ကြောင်း သိရှိရသည်။