ရခိုင်ပြည်နယ်အတွင်းရှိ ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တလျှောက်မှ အဓမ္မ သိမ်းယူထားသော လယ်မြေများအနက် လျော်ကြေးမရသေးသည် များအား လျော်ကြေး အမြန်ပေးရန်နှင့် ၎င်းတို့၏ အထွေထွေနစ်နာမှုများ အမြန်ဆုံး ဆောင်ရွက်ပေးရန် ကျေးရွာ ၂၀ ကျော်မှ ရခိုင်ဒေသခံများ က တောင်းဆိုမည်ဟု သိရသည်။
ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်မှ သိမ်းထားသော လယ်မြေများတွင် တန်ရာတန်ကြေး လျော်ကြေး မပေးသေးသည့် လယ်ဧက အများအပြားရှိသေး၍ အမြန်ဆုံးလျော်ကြေးပေးရေး၊ ပိုက်လိုင်းလမ်း တလျှောက်ရှိ ကျေးရွာများအတွက် ရွာချင်းဆက် လမ်းများဆောင်ရွက်ပေးရေးနှင့် လျှပ်စစ်မီး ရရှိရေးတို့ကို ယခု ရက်ပိုင်းအတွင်း တောင်းဆိုသွားမည် ဟု ကျောက်ဖြူ လူမှုကွန်ရက် အဖွဲ့မှ ဦးထွန်းလွင် က ဧရာဝတီ ကို ပြောသည်။
ဒေသခံများ၏ တောင်းဆိုချက်များကို ခရိုင်၊ မြို့နယ်အဆင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်ဂက်စ်ပိုက်လိုင်း ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC) ကုမ္ပဏီတို့ထံ ပထမအဆင့် အနေဖြင့် တင်ပြ တောင်းဆိုရန် ကျောက်ဖြူဒေသရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများနှင့်ရခိုင်ဒေသ အခြေစိုက် လူမှုကွန်ရက် အဖွဲ့ တချို့က ဇူလိုင်လ ၂၂ ရက်နေ့တွင် အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဦးထွန်းလွင် က“ကျနော်တို့ရဲ့ နစ်နာမှု၊ ရပိုင်ခွင့်တွေကို ဒီ ၃ ရက်လောက်အတွင်းမှာ တင်ပြတောင်းဆိုသွားမယ်၊ ၁၀ ရက်အ တွင်းမှာ တခုခု တုံ့ပြန်ဖို့လည်း တောင်းဆိုမယ်၊ ၁၀ ရက်အတွင်း တခုမှ အကြောင်းမပြန်ရင် ဥပဒေ ဘောင်အတွင်း က လုပ် သင့်တာတွေ ဆက်လုပ်သွားကြမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ထို့အပြင် ကျောက်ဖြူ အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စသည့် နိုင်ငံရေးပါတီများထံလည်း တင်ပြသွားမည်ဟု သိရသည်။
ဒေသတွင်း လျှပ်စစ်မီး ရရှိရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် ဗဟိုအစိုးရ က ဒေသဆိုင်ရာ အာဏာပိုင်များကို လွှဲအပ်ထားကြောင်း၊ ထို့ကြောင့် ၎င်းတို့ထံ ပထမ အဆင့်အနေဖြင့် တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မပေး ပါက သမ္မတနှင့် ဗဟိုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရ၊ လွှတ်တော် အသီးသီးတို့ထံလည်း တင်ပြသွားရန် အစည်းအဝေး၌ ဆုံးဖြတ် ခဲ့ကြသည်။
China National Petroleum Corporation (CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျေးရွာများမှ ဒေသခံများသည်လည်း ၎င်းတို့၏ နစ်နာဆုံးရှှုံးမှုများအတွက် ပြီးခဲ့သည့် ဧပြီလအတွင်းက CNPC ရုံးသို့ လမ်းလျှောက်ချီတက်၍ အချက် ၉ ချက် ကို ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ရာ ပြေလည်မှု တချို့ရှိခဲ့သည်။ သို့သော် ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို တရား စွဲထား၍ အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။ မဒေးကျွန်းတွင် ရွာ ၄ ရွာရှိပြီး လူဦးရေ ၃၀၀၀ ခန့်ရှိသည်။
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူတဦး ဖြစ်ပြီး မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးအတွက် ဦးဆောင်ပေးနေသူ တဦးလည်း ဖြစ်သည့် ဦးထွန်းကြည် က “တောင်းဆို ချက်တွေက ကျေးရွာလမ်းတချို့ခင်းဖို့ လုပ်နေတယ်၊ လျှပ်စစ်မီးတိုင် တချို့လုပ်ဆောင်နေ တာ တွေ့ရပေမယ့် ထိထိရောက်ရောက် လုပ်ပေးတာ ဘာမှ မရှိသေးဘူး”ဟု ဧရာဝတီ ကို ပြောသည်။ ဦးထွန်းကြည်ကို ဆန္ဒပြရာတွင် ဦးဆောင်မှုဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက တရားစွဲဆိုထားသည်။
ဂက်စ်ပိုက်လိုင်း စီမံကိန်း၊ ရေနံပိုက်လိုင်း စီမံကိန်းများအပြင် ၎င်းတို့နှင့်ဆက်စပ်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသ ခံများ၏ လယ်မြေသိမ်းမှု ပြဿနာများ၊ ဒေသတွင်း လမ်းများပျက်စီးသွားမှုများ၊ ပိုက်လိုင်း တလျောက်ရှိ လယ်မြေများ ပျက် စီးသွား၍ လုပ်ကိုင်မရတော့ခြင်း၊ သဘာ၀ ပျက်စီးမှု ဆုံးရှှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့် ပြဿနာများကို ဖြေရှင်းပေးမှု မရှိသေးဘဲ သဘာဝဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်နေပြီဟု CNPC က ပြောဆိုထားမှု အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကာ ပိုက်လိုင်းအတွင်း ဓာတ်ငွေ့များ စတင် ဖြည့်တင်းနေကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ CNPC ကမူ ယခု လ ၁၅ ရက် နေ့မှစတင်၍ ဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်နေပြီဟု ထုတ်ပြန်ထားသည်။
ဂက်စ်ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ မှ စတင်၍ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ် သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။
ရခိုင်ဒေသအတွင်း ဂက်စ်ပိုက်လိုင်းသည် ရွာပေါင်း ၄၀ ဝန်းကျင် ဖြတ်သန်းသွားကြောင်း သိရသည်။