ယခုနှစ် ဇူလိုင်လအစမှ လဝက်အထိ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းတွင် အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လိုင်းကား မော်တော်ယာဉ် မတော်တဆမှုများကြောင့် ၂ ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ဒဏ်ရာရသူ ၂၀ ဦး ရှိကြောင်း သိရသည်။
ယခုလ လဝက်အတွင်း ကောက်ယူသော စာရင်းများအရ ရန်ကုန်စည်ပင်သာယာရေး ဧရိယာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇ မှုနှင့် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ၁ မှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၂၀ ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟိုကော်မတီ (မ.ထ.သ) ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ယာဉ်မတော်တဆမှုများ လျှော့နည်းစေရန် ယာဉ်ကြံ့ခိုင်မှုနှင့် စည်းကမ်းလိုက်နာမှု စစ်ဆေးရေးအဖွဲ့ကို ယခင် ၈ ဖွဲ့မှ ယခု ၁၆ ဖွဲ့အထိ တိုးချဲ့ ဖွဲ့စည်းထားကြောင်း မ.ထ.သ ဥက္ကဌ ဦးလှအောင်က ပြောသည်။
“စည်းကမ်း မလိုက်နာတဲ့ ယာဉ်တွေကို မ.ထ.သက တကယ်ရော အရေးယူရဲ့လားလို့ မေးကြတယ်။ ကျနော်တို့မှာ စာရင်းဇယားတွေ လုပ်ထားတာရှိပါတယ်။ အရေးယူခဲ့တာတွေကို မှတ်တမ်းတင်ထားတာကို လာကြည့်နိုင်ပါတယ်” ဟု ဦးလှအောင်က ဆိုသည်။
ယခုနှစ်စမှ ဇွန်လအထိ ဘတ်စ်ကားများကို နေ့စဉ်အသုံးပြုနေရသည့် ခရီးသွားများထံမှ တိုင်ကြားမှုပေါင်း ၉၃ မှု လက်ခံရရှိထားပြီး ယခုလ ၁ ရက်မှ ၂၂ ရက်အတွင်း အမှုပေါင်း ၂၀ တိုင်ကြားစာများ လက်ခံရရှိထားကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
၂၀၁၂ ခုနှစ် မေလတွင် ကောက်ယူခဲ့သည့် စာရင်းဇယားများအရ ယာဉ်တိုက်မှုပေါင်း ၁၆ မှု၊ ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၇၇ ဦး ရှိခဲ့ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် မေလတွင် ကောက်ယူခဲ့သော စာရင်းအရ ယာဉ်တိုက်မှုပေါင်း ၁၄ မှု၊ ရေယာဉ် ၁ စီး အပါအဝင် ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရသူပေါင်း ၉၆ ဦး ရှိခဲ့သည့်အတွက် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် တိုးမြင့်များပြားလာကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယာဉ်လိုင်းပေါင်း ၃၉၅ လိုင်းရှိကာ ပြေးဆွဲခွင့် မှတ်ပုံတင် ချပေးထားသည့် ဘတ်စ်ကား အစီးရေပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊ ခရီးသည်တင် ကားများအနက် ဒိုင်နာ ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၈၈၉ စီး၊ ဟိုင်းလပ်အမျိုးအစား ခရီးသည်တင်ယာဉ် ၈၈၅ စီး ရှိပြီး ဒိုင်နာနှင့် ဟိုင်းလပ် ခရီးသည်တင် ယာဉ်များသည် ယာဉ်တိုက်မှုနှင့် မတော်တဆမှု အများဆုံး ဖြစ်ပွားကြောင်း မ.ထ.သ၏ စာရင်းဇယားများအရ သိရသည်။