ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းမှ ကျေးရွာတချို့တွင် ဖျော်စပ် အရက်ဆီများ သောက်သုံးသည့် လူ ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်မှာ မူးမော်အော့အန်မှု ဖြစ်ပွားကြောင်း သိရသည်။
ပေါက်တောမြို့နယ် ဖရုံကာကျွန်း၊ ကြက်သရေရွာနှင့် ပိန္နဲချောင်းကျေးရွာတို့မှ ဦးသာစိန် (၅၆ နှစ်)နှင့်သားဖြစ်သူ ဦးမောင် သန်းဝင်း(၃၂ နှစ်)၊ ဦးလှထွန်းအောင် (၅၄ နှစ်)၊ ဦးခင်မောင်လှ (၄၉ နှစ်) တို့သည် ထို ဖျော်စပ် အရက်ဆီသောက်ရာမှ ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ဆက်တိုက် သေဆုံးခဲ့ကြကြောင်း ဇူလိုင် ၂၁ ရက်ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြ ထား သည်။
သေဆုံးသူ တချို့သည် ကျေးရွာတွင် ဖျော်စပ်သည့် အရက်အဆီများအား သောက်သုံးခြင်း ဖြစ်ပြီး တချို့မှာ စစ်တွေမြို့မှ ဝယ်ယူလာသော အရက်များကို ဖျော်စပ် သောက်သုံးရာမှ သေဆုံးခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြထားသည်။
ထို့အပြင် တခြားလူ ၁၀ ဦးကျော်မှာလည်း မူးမော် အော့အန်သည့် အတွက် စစ်တွေ ဆေးရုံ၊ ပေါက်တော ဆေးရုံတို့တွင် ကု သမှုခံယူရကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အရက်ရောင်းချသူ တချို့အား အရေးယူခြင်း၊ အရက်များကို သိမ်းဆည်း၍ ဓာတ်ခွဲ စမ်းသပ်နိုင်ရန် ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
သိမ်းဆည်းရမိသည့် အရက်များတွင် လိုင်စင်မဲ့ ဟိုက်ကလပ် ဝီစကီ ၁၂ လုံး၊ ရန်ကုန်ရမ် ၂၄ လုံး၊ တော့ပ်ဘရမ်ဒီ ၄၈ လုံး၊ အက်ဒမန် ဘီယာ ၄၈ လုံး၊ ဒါဘယ်စထရင်း ဘီယာ ၄၈ လုံး တို့လည်း ပါဝင်ပြီး စစ်တွေ မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း ပြည်နယ်အစိုးရ၏ သာစွဌာနေ ရခိုင်ပြေ လူမှုကွန်ရက် အင်တာနက် စာမျက်နှာ၌ ရေးသားထားသည်။
စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးသည်လည်း ဘီအီးအရက်ဖြူ သောက်သုံးရာမှ စစ်တွေဆေးရုံကြီး၌ ကုသမှုခံယူခဲ့ရပြီး သေဆုံးသွားကြောင်း သတင်းသည်လည်း ရခိုင်အခြေစိုက် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။
ပြည်နယ်အစိုးရ၏ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကမူ စစ်တွေ မြို့နယ် ရဲတပ်ဖွဲ့မှူး သေဆုံးသည့် သတင်းမှာ မမှန်ကန်ကြောင်း ငြင်း ဆို သည်။