သတင်း

မြန်မာ့ ဆက်သွယ်ရေးနှင့် တရုတ်ကုမ္ပဏီ ပူးပေါင်း၍ ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် အင်တာနက် အပါအဝင် ဆက်သွယ်ရေး ကွန်ရက်များတိုးချဲ့ အသုံးပြုနိုင်ရေး အတွက်  ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ်တခု ချိတ်ဆက် တည်ဆောက်ရေးအတွက် တရုတ်အစိုးရပိုင် China Unicom ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ သဘောတူညီစာချုပ်တရပ် ချုပ်ဆိုလိုက်ပြီး ယင်းဆက်ကြောင်းကို ၂၀၁၄ ခုနှစ်တွင် အပြီး တည်ဆောက်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွက် ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ်တခု ထပ်မံ ချိတ်ဆက်ရာတွင် အာရှပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အနောက်ဥရောပနိုင်ငံများသို့ ချိတ်ဆက်ထားသော SEA.ME.WE 5 ဖိုက်ဘာ ဆက်ကြောင်း နှင့် ချိတ်ဆက်မည် ဖြစ်ပြီး ဖိုက်ဘာ ဆက်ကြောင်းသစ်သည် ဧရာဝတီတိုင်း ဒေသကြီး၊ ငွေဆောင်ကမ်းခြေမှ ရှမ်းပြည်နယ်၊ မူဆယ်မြို့အထိ ကီလိုမီတာ ၁၅၀၀ ခန့် ရှိမည်ဖြစ်သည်ဟု သိရှိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ လုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိုးသိန်းက ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်ဆက်မှု အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက China Unicom ကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက်မှု စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်အရ ချိတ်ဆက်ပြီး ဖိုက်ဘာဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တဝက်ပိုင်ဆိုင်မှုရရှိမည်ဟု ဆိုသည်။

“တရုတ် ကုမ္ပဏီနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက Cooperation Agreement ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီမှု စာချုပ် ချုပ်ဆိုထားတာ။ ဇူလိုင် ၄ ရက်နေ့က ချုပ်ဆိုထားတယ်။ အင်တာနက်၊ မိုဘိုင်းလ်နဲ့ ဆက်သွယ်ရေးအတွက် သုံးလို့ ရမယ့် ဖိုက်ဘာဆက်ကြောင်း။ ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာဆက်ကြောင်းကို တဝက် သုံးလို့ရမယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် တင်ဒါရရှိထားသည့် Telenor ကုမ္ပဏီနှင့် Ooredoo ကုမ္ပဏီတို့က အသစ် ချိတ်ဆက်ထားသော ရေအောက်ဖိုက်ဘာ ဆက်ကြောင်းကို အသုံးပြုလိုပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

“ဖိုက်ဘာဆက်ကြောင်းကို ဆက်သွယ်ရေး တင်ဒါရသွားတဲ့ ကုမ္ပဏီတွေက သုံးမယ်ဆိုရင်လည်း ငှားပေးလို့ရပါတယ်။ သဘောတူညီချက်နဲ့ ငှားပေးလို့ရတယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

အဆိုပါ ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်ဆက်မှု တာဝန်ယူထားသည့် China Unicom ကုမ္ပဏီမှာ တရုတ်နိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့တတိယ အကြီးမားဆုံးသော ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်သည်ဟု သိရှိရသည်။

အိုင်တီ ပညာရှင်တဦးဖြစ်သူ ဦးရဲမြတ်သူက မြန်မာနိုင်ငံအတွက် ဖိုက်ဘာဆက်ကြောင်းသစ်တခု ထပ်မံ ချိတ်ဆက်မှုအပေါ် ကြိုဆိုသော်လည်း မြန်မာအစိုးရ အနေဖြင့် တရုတ်ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့် ပေးမှုအပေါ်  သေချာဆန်းစစ် လေ့လာပြီး ဆောင်ရွက်ခွင့် ပေးသင့်သည်ဟု သုံးသပ်သည်။

“တရုတ်လုပ်လို့ ကောင်းတယ်၊ မကောင်းတယ် ဆိုတာထက် အဓိက တရုတ်ရဲ့ နည်းပညာက အမေရိကားတို့ ဂျပန်တို့ကို မမီတာပဲ။ ဒါပေမယ့် အခု လုပ်မယ့်အလုပ်က နည်းပညာ အရမ်းမလိုဘူး ဆိုရင်တော့ တရုတ်ကုမ္ပဏီဆိုရင်လည်း ပြဿနာမရှိဘူး။ ကျနော်တို့က ကန်ထရိုက်စာချုပ်ကို ဘယ်လိုလုပ်မလဲ။ ဘယ်လို အရည်အသွေးကို ရမလဲ။ ကျနော်တို့က ဈေးဆစ်ပြီး ရအောင်လုပ်ပေး ဆိုရင်တော့ ဖြစ်ကတတ်ဆန်းပဲ ထွက်လာမှာပဲ။ ရေထဲမှာ ပိုက်ချတဲ့ကိစ္စမှာ ဘယ်သူက အရည်အသွေးကောင်းသလဲ၊ ဈေးတန်သလဲ၊ အာမခံချက် ဘယ်လောက်ပေးနိုင်သလဲ ဆိုတဲ့အချက်တွေကို ကြည့်ပြီး အာမခံချက်ပေးနိုင်တဲ့ ကုမ္ပဏီမျိုးကို ရွေးသင့်တယ်။ အဲဒီလို မရွေးဘဲနဲ့ တရုတ်နဲ့ပဲ သိလို့ ရွေးတာဆိုရင်တော့ မကောင်းဘူးပေါ” ဟု ဦးရဲမြတ်သူက ပြောသည်။

မြန်မာနိုင်ငံတွင် ရေအောက် ဖိုက်ဘာဆက်ကြောင်း  SEA.ME.WE 3 နှင့် ချိတ်ဆက်ထားသော ဖိုက်ဘာ ဆက်ကြောင်း၊ တရုတ်နှင့် ထိုင်းနယ်စပ် ကုန်တွင်းဒေသ ဖြတ်ကျော် သွယ်တန်းထားသော ဆက်ကြောင်းများရှိပြီး  လတ်တလော SEA.ME.WE 3 ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသည် ဖျာပုံမြို့နယ်အနီးတွင် ဇူလိုင်လ ၂၂ ရက်နေ့က  ချွတ်ယွင်းသွားသည့်အတွက် အင်တာနက်မြန်နှုန်းများ တလတိတိ  နှေးကွေးနေမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading