သတင်း

လွန်ခဲ့သည့် ၂ နှစ်က ဗုံးကွဲမှု ၃ ခုအတွက် ၅ ဦးကို ထောင်ဒဏ်ချ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များရှိ နေရာ ၃ နေရာတွင် ၂၀၁၁ ခုနှစ်က တပြိုင်တည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းအမှု သံသယရှိသူများအဖြစ် ရှမ်းတိုင်းရင်းသား ၅ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမနေသည့် အိမ်တလုံးတွင် လည်းကောင်း၊ မန္တလေးမြို့ ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင် လည်းကောင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃၊ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် လည်းကောင်း ဗုံးပေါက်ကွဲ ခဲ့မှုများနှင့် ပတ်သက်ပြီး၊ ဦးစိုင်းကျော်သန်းကို ထောင်ဒဏ် ၁၂ နှစ်၊ ကိုမျိုးခင်ကို ထောင်ဒဏ် ၁၀ နှစ်၊ ကိုစိုင်းသိန်းနိုင်ကို ထောင်ဒဏ် ၁၂ နှစ်၊ ကိုစိုင်းမိုးဟိန်းကို ထောင်ဒဏ် ၁၂ နှစ်၊ ကိုစိုင်းလှအောင် (ခ) အားဝေ ကို ထောင်ဒဏ် ၁၀ နှစ် စသဖြင့် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲစဉ်က သံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု တရားခံအဖြစ် သတ်မှတ်ကာ ထောင်ဒဏ်ချမှတ်ခြင်းကို ကျေနပ်မှု မရှိသည့်တွက် တိုင်းတရားရုံးသို့ ဆက်လက် အယူခံဝင်သွားမည် ဖြစ်ကြောင်း ထောင်ဒဏ်ချမှတ် ခံရသူများ၏ မိသားစုဝင်များက ဧရာဝတီသို့ ပြောသည်။

“အစတုန်းက သူတို့ခေါ်သွားတာက သက်သေထွက်ဖို့ဆိုပြီး ခေါ်ဆောင်သွားတာပါ။ အခုတော့ သူတို့ကို တရားခံအဖြစ် ထောင်ဒဏ် ချမှတ်လိုက်တာပါ။ ဒီလို ထောင်ဒဏ်ချမှတ် လိုက်တာကလည်း နောက်ကွယ်ကနေ ခိုင်းစေသလိုမျိုး ဖြစ်နေပါတယ်။ တရားခံ မဟုတ်ဘဲ တရားခံဆိုပြီး အမိန့်ချမှတ်ခဲ့တဲ့အတွက် ကျမတို့ တိုင်းတရားရုံးအထိ တက်ဖို့ လုပ်နေပါပြီ” ဟု ဦးစိုင်းကျော်သန်း၏ နှမဖြစ်သူက ဧရာဝတီကို ပြောသည်။

ဖမ်းဆီးစဉ်က တရားခံများ၏ သွားလာမှုနှင့် နေထိုင်မှုများကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး တကယ့်တရားခံ အစစ်များကို ဖမ်းဆီးမမိသည့်အတွက် အမှုတည်ဆောက်ရန် ခက်ခဲနေသဖြင့် အဆိုပါ ပုဂ္ဂိုလ်များအား တရားခံအဖြစ် စွပ်စွဲကာ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးစိုင်းကျော်သန်း၏ နှမ ဖြစ်သူက ဆက်လက် ပြောဆိုသည်။

ထောင်ဒဏ်ချမှတ်ခံရသူများကို မတရားအသင်းနှင့် ဆက်သွယ်မှု ရှိ/မရှိ၊ ထွက်ပြေး တရားခံများနှင့် ဆက်စပ်မှု ရှိ/မရှိ၊ အတူသွား၊ အတူလာခဲ့ဖူးခြင်း ရှိ/မရှိ စစ်ဆေးရန် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထွက်ပြေးသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း တရားခံများဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးဝင်းဆွေဦးက ပြောသည်။

“သူတို့ကို ထွက်ပြေးတိမ်းရှောင်ပြီး ဗုံးပေါက်ခွဲမှုမှာ ပါဝင်တဲ့လူတွေကို ကူညီဆောင်ရွက်တဲ့လူ အဖြစ်နဲ့ စွဲချက်တင်တာပါ။ ဒါကို ကျနော်က ဥပဒေနဲ့ ဘယ်လို ကူညီဆောင်ရွက်တာလဲ ဆိုတာ သက်သေထုတ်တဲ့အခါမှာ တရားလိုပြဘက်ကနေ သက်သေ မထွက်နိုင်ပါဘူး။ မတရားအသင်းနဲ့ ဆက်စပ်တယ်ဆိုပြီး ပြောတဲ့ အချိန်တုန်း ကလည်း မတရားအသင်းနဲ့ ဘယ်လို ဆက်စပ်တယ်၊ မတရားအသင်းမှာ ဘယ်နှစ်ဖွဲ့ ရှိတယ်ဆိုတာမျိုးကိုတောင် ရဲတွေက မသိပါဘူး။ အဲဒီ အပြင် ဒီအမှုမှာ သက်သေ ထွက်ဆိုချက်တွေ အားလုံးက သူတို့ကို တရားခံအဖြစ် ပြောဆိုနိုင်တာမျိုး မရှိဘဲ ခုလို တရားခံအဖြစ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။

တရားရုံးသို့ အမှုရင်ဆိုင်ချိန်တွင် တရားလို ရဲဘက်မှ သက်သေ ထွက်ချက် ၁၆၁ ယောက်က တရားခံဟု ယူဆရသည့် သက်သေ ပြနိုင်ခြင်း မရှိခဲ့ကြောင်း၊ အမှုရင်ဆိုင်ရန်အတွက် ချုပ်ရက်မှာ ၂ နှစ်နှင့် ၂၇ ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း မန္တလေးတိုင်း အတွင်းရှိ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့ လူစည်ကားရာ နေရာများတွင် ရက်ပေါင်း ၂၀ အတွင်း လက်လုပ်ဗုံး နှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading