ပြည်တွင်းရွှေဈေးကွက်တွင် စံချိန်တင်ကျဆင်းလျက်ရှိသော အခေါက်ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှု ကြောင့် တကျပ်သား ကျပ် ၇ သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ်မှာမူ အလွန် နည်းပါး လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် မေလအတွင်းက ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ အထိ စံချိန်တင်ထိုးကျခဲ့ပြီး မြန်မာ့ ရွှေဈေးမှာလည်း အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၆၀၀၀၀ ဝန်းကျင် အထိထိုးကျခဲ့ကြောင်း၊ ယခု ဇူလိုင်လ နှောင်းပိုင်းတွင်မူ ကမ္ဘာ့ရွှေဈေးသည် တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၁၉ ခန့်အထိ ပြန်လည် မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေတကျပ်သားလျှင် ၆၉၉၅၀၀ ကျပ်အထိ တရိပ်ရိပ် မြင့်တက်လာကြောင်း၊ ရွှေဈေးမြင့်တက် လာသော်လည်း ရွှေပြန်လည်ရောင်းချသူနှင့် ရွှေဝယ်ယူသူ အလွန်နည်းပါးနေလျှက်ရှိကြောင်း ရွှေကုန်သည်များထံမှ သိရှိရသည်။
ရန်ကုန်မြို့မှ နာမည်ကျော် ရွှေဆိုင်တခုဖြစ်သော အောင်သမာဓိရွှေဆိုင်မှ ကိုဝင်းငယ်က “ရွှေဈေးတက်လာပေမယ့် အရောင်းအဝယ် ပါးနေတာ ၃ ရက် ၄ ရက်လောက် ဖြစ်နေပြီ။ ဘာလို့လဲဆိုရင်တော့ ရွှေဈေးကို လေ့လာနေကြလို့ ဒီလိုဖြစ်နေတာ လို့ထင်တယ်။ ရွှေဈေးက ဒီထက် ထပ်တက်နိုင်သေးတယ်။ ဒီတော့ ပြန်ရောင်းတဲ့သူတွေ နည်းသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၂၄ ရက်နေ့က ပြည်တွင်းအခေါက်ရွှေဈေးသည် တကျပ်သားလျှင် ကျပ် ၇၂၅၀၀ ကျပ်အထိ မြင့်တက် ခဲ့သော်လည်း ရွှေဈေး တက်ဈေးမျှော်မှန်းမှုများကြောင့် ရွှေရောင်းသူ နည်းပါးသည်ဟု ရွှေကုန်သည်များက ဆိုကြသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က လတ်တလော ရန်ကုန်နှင့် မန္တလေး ရွှေဈေးကွက်များသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ရွှေကုန်ကြမ်းများ ပုံမှန်ဝင်ရောက်နေကြောင်း၊ အိမ်နီးချင်း နိုင်ငံများမှ ရွှေကုန်ကြမ်းများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာရခြင်းမှာ ပြည်တွင်းရွှေဈေးနှုန်း မြင့်မားနေခြင်း ကြောင့်ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
“အရင်က ပုံမှန်ဆိုရင် တရုတ်နဲ့ ထိုင်းနိုင်ငံတွေဆီ ရွှေကုန်ကြမ်း တရက်ကို ပိဿာ ၂၀ လောက် ဝင်ပေမယ့် အခုရက်ပိုင်းမှာ ၇ ပိဿာလောက်ပဲ ဝင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက ရွှေကုန်ကြမ်း ဝင်ရတာက ဈေးနှုန်း ကွာဟချက် တွေကြောင့်။ ရန်ကုန်နဲ့ မန္တလေး ရွှေ ဈေးကွက်က ဈေးနှုန်းက နယ်စပ် ရွှေဈေးနှုန်းနဲ့ယှဉ်ရင် ပြည်တွင်းရွှေဈေးက တကျပ်သားကို ၁၅၀၀၀ လောက် ပိုများလို့ ဝင်တာ” ဟု ဦးဝင်းမြင့်က ဆိုသည်။
ရွှေကုန်သည်အများစုကမူ ကမ္ဘာ့ရွှေဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ထပ်မံမြင့်တက်နိုင်ခြေရှိပြီး မြန်မာ့ရွှေဈေးနှုန်းလည်း ဆက်လက် မြင့်တက်မည့် အလားအလာများ ရှိနေသည်ဟု သုံးသပ်ပြောဆိုကြသည်။
အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင် အမေရိကန် တဒေါ်လာ ၉၈၁ ကျပ် ဝန်းကျင်ရှိပြီး အမေရိကန် ဒေါ်လာ တန်ဖိုး မြင့်တက်သည်နှင့်အမျှ ရွှေဈေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ ရွှေကုန်သည် များ၏ အဆိုအရ သိရှိရသည်။