ရခိုင်ပြည်နယ်၏ မြို့နယ် ကျေးရွာ အများအပြားတွင် တရား ဥပဒေ စိုးမိုးမှု အားနည်းနေပြီး ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စ သည့် ဒုစရိုက်မှုများ ပိုမိုများပြားလာနေကြောင်း သိရသည်။
ဒုစရိုက်မှု ထူပြောလာခြင်းနှင့်ပတ်သက်၍ ရခိုင်အခြေစိုက် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် နေ့စဉ် တွေ့ရှိနေရ သည်။ ဒုစရိုက်မှုများသည် ယခင်ကလည်း ရှိခဲ့သည့်တိုင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး ပိုမိုများပြား လာသည်ဟု ဆိုရပေမည်။
ရခိုင်ဒေသတွင်း၌ အရေးအခင်းများ အပြီး တလလျှင် လူသတ်မှု ၁၀ မှုခန့် ဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် လူသတ်မှုပေါင်း ၁၀၀ ကျော်အတွက် တရားခံပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူနေရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း မကြာသေး ခင်က ထုတ်ပြန် ပြောဆိုထားသည်။
ဒုစရိုက်မှုများအနက် ခိုးမှုသည် အများဆုံးဖြစ်နေကာ ကျွဲ၊ နွားများ၊ အိမ်တွင်း ပစ္စည်း ခိုးမှုများ၊ လမ်းသွား လမ်းလာများကို လူခြေတိတ်သည့် နေရာ၌ ဓားထောက် လုယက်မှု စသည့် အမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် ဇူလိုင်တလတည်း၌ ကျွဲ ၂၈ ကောင်နှင့်နွား ၂၅ ကောင်ပျောက်ဆုံးမှု ဖြစ်ပွားကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော ကျွဲခိုးမှုနှင့်ပတ်သက်၍လည်း ပေါက်တောမြို့နယ်မှ အယ်လာမူဆောင်း၊ ရော်ဘီလာလောင်၊ နူကာ လောင်၊ အူစသွင်ဂေါ်ဦး စသည့်တရားခံ ၇ ဦးကို ကျွဲခိုးမှုဖြင့် ဖမ်းမိထားကြောင်း အစိုးရသတင်း စာများ ၌ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။
ပေါက်တော ဒေသခံတဦးက“ဒီတကြိမ်ပဲ မိသေးတယ်၊ နွားတွေ၊ ကျွဲတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီ တွေရော၊ ဒီဒေသမှာ နေသူတွေကပါ အုပ်စုဖွဲ့ခိုးတာတွေ အရင်လတွေကလည်း ရှိတယ်၊ ခိုးသူတွေက လူများတော့ ဒေသခံတွေ က ဒီအတိုင်း ကြည့်နေလိုက်ရတာတွေ ရှိတယ်၊ အာဏာပိုင်တွေကို တိုင်ရင်လည်း မြန်မြန်ဆန်ဆန် အရေးယူပေးတာမရှိဘူး” ဟု ဆိုသည်။
ထိုသို့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စသည့် ဒုစရိုက်မှုများ တိုးပွားလာခြင်းသည် အစိုးရအဖွဲ့များ ဖြစ်သည့် ပြည်ထဲရေး ဝန်ကြီး ဌာန၊ စစ်တပ်၊ ပြည်နယ်အစိုးရ အဖွဲ့တို့အကြား အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကိစ္စများတွင် ရောထွေးနေခြင်းကြောင့် ဖြစ်သည်ဟု သိရကြောင်း၊ ဗဟိုမှ တိုက်ရိုက်ကွပ်ကွဲသည့် ပြည်ထဲရေး လက်အောက်ခံ ဝန်ထမ်းများသည် ပြည်နယ် အစိုးရ၏ လမ်းညွှန်မှုကို လိုက်နာမှု အားနည်းကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် က ဧရာဝတီ ကို ပြောသည်။
ထို့အတူ အောက်ခြေ ဝန်ထမ်းများအတွက် ဗဟိုအစိုးရမှ ဘတ်ဂျက်ငွေ လုံလောက်စွာ ချမပေးခြင်း၊ အရေးပေါ် အသုံး စ ရိတ် ဖြည့်ဆည်းပေးမှု မရှိခြင်းတို့ သည်လည်း ပြဿနာများကို အချိန်မီ ဖြေရှင်းပေးနိုင်မှု မရှိဟု ဆိုရမည်ဖြစ်သည်။
“ဥပမာ မှုခင်းတခုဖြစ်တာနဲ့ ချက်ချင်းသွားမယ်ဆိုရင် ဆိုင်ကယ်နဲ့သွားရမယ့် နေရာမျိုးတွေ၊ စက်လှေတွေနဲ့ သွားရမယ့် နေ ရာ မျိုးတွေအတွက် လောင်စာဆီ မရှိလို့ ရုတ်တရက် မသွားနိုင်တာမျိုးတွေ ရှိတယ်လို့ ရဲဝန်ထမ်းတွေဆီက ကြားနေရတယ်”ဟု ဦးအောင်မြကျော် က ဆိုသည်။
ရခိုင်ပြည်သူအများစုသည် အရေးအခင်းနောက်ပိုင်း လုံခြုံရေးအတွက်သာ အာရုံစိုက်နေရသည့်အတွက် တခြားသော စီးပွားရေး၊ ပညာရေး စသည်တို့ကို အလေးထားမှု လျော့ကျလာသည်။ ထို့အတူ အလုပ်အကိုင်များ ရှားပါးနေကာ ရခိုင်ဒေသခံများ၏ အဓိကကျသည့် စိုက်ပျိုးရေး၊ ပင်လယ်ထွက်၍ တနိုင်တပိုင် ငါးဖမ်းခြင်း စသည့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများကို လည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။
“လုံခြုံရေး စိတ်မချရတော့ လယ်ကွင်းထဲသွားတာ၊ ငါးဖမ်းတာတွေ လုပ်ဖို့ တဦးတယောက်တည်း မသွားရဲကြတော့ဘူး၊ တ ယောက်တည်းသွားလို့ အသတ်ခံရတာ၊ ပြဿနာဖြစ်တာတွေလည်း အများကြီးကြုံနေရတယ်”ဟု မြောက်ဦးမြို့ခံ ဦးမောင် သန်း က ပြောသည်။
ရခိုင်ဒေသတွင်း အလုပ်အကိုင် ရှားပါးခြင်း၊ စီးပွားရေး မပြေလည်ခြင်း၊ အရက်သေစာ သောက်စားမှု၊ လောင်းကစားမှု စသည့် အကြောင်းအရာတို့ကြောင့် ဒေသခံများအကြား ပြဿနာဖြစ်ပွားခြင်း၊ အမူးလွန်၍ မတော်တဆမှုကြောင့် လူသတ်မှု ကျူးလွန်မိခြင်း စသည့် ပြဿနာများ မကြာခဏ ဖြစ်ပွားနေသည်ကိုလည်း လူမှုကွန်ရက် စာမျက်နှာများ၌ တွေ့နေရသည်။
ပြည်နယ်အစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြိုင်ကမူ ခိုးမှု ပြဿနာသည် ယခင်ကလည်းရှိခဲ့ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် အမှုအခင်းများသည်လည်း ရခိုင်ပြည်နယ် တခုတည်းတွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားနေ ကျ ပြဿနာမျိုးသာ ဖြစ်ကြောင်း ပြောဆိုသည်။
“မှုခင်းဆိုတာ ကျနော်တို့ ရခိုင်ပြည်နယ်တခုတည်း ဖြစ်နေတာမှ မဟုတ်ဘဲ၊ နေရာတိုင်းမှာရှိပါတယ်၊ လူတွေက ကျ နော်တို့ကို အပြစ်ပြောဖို့ပဲသိတယ်၊ မှုခင်းတွေဖြစ်ရင် ဖြေရှင်းဖို့လည်း အကုန်အဆင်သင့်ရှိပါတယ်”ဟု ဦးဝင်းမြိုင်က ဆိုသည်။
အရေးအခင်းများအပြီး အလုပ်အကိုင်ရှားပါးလာမှုကြောင့် ရခိုင်ဒေသတွင်း မြို့နယ်၊ ကျေးရွာ အများအပြားတွင် အရက်ဆိုင် များ အဆမတန် တိုးပွားလာနေသည်ဟုလည်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။ ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်းရှိ ကျေးရွာတချို့၌ ဖျော်စပ် အရက်ဆီများ သောက်သုံး၍ လူ ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် မူးမော်အော့အန်မှု တခုပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သေးသည်။
ထို့အတူ ကျောက်ဖြူဒေသ၌ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းများကို ကြီးကြပ်တည်ဆောက်နေသည့် တရုတ် အမျိုးသားရေနံ ကော် ပိုရေးရှင်း(CNPC)ကုမ္ပဏီ တည်ရှိရာ မဒေးကျွန်းပေါ်တွင် ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာငယ် ၄ ရွာတွင် ယခင်က ၂ ဆိုင်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ အရက်ဆိုင်ပေါင်း ၂၀ ကျော် အထိ တိုးပွားနေပြီဟု ဒေသခံများက ဆိုသည်။
ကျောက်ဖြူမြို့ပေါ်တွင်လည်း နေရာဒေသ အသီးသီးမှ လူမျိုးပေါင်းစုံ အခြေချနေထိုင်လာကြသကဲ့သို့ ခိုးမှုများသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကြောင်း၊ သို့သော် တရားခံများကိုမူ ဖမ်းမိခြင်း နည်းပါးကြောင်း မြို့ခံတချို့က ပြောသည်။
“အရင်က အသေးအမွှားပဲ ခိုးတာရှိပေမယ့် အခုက ဆိုင်ကယ်တွေပါ ခိုးလာကြတယ်၊ အရက်ဆိုင်တွေ၊ ပြည့်တန်ဆာ လုပ် ငန်းတွေလည်း တနေ့ထက်တနေ့ တိုးလာနေတယ်၊ မူးယစ်သောက်စားပြီး ပြဿနာ ဖြစ်ကြတာလည်း ခဏခဏပဲ”ဟု ကျောက်ဖြူ မြို့ခံ တဦးက ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောဒေသတွင် အရေးအခင်းများကြောင့် လုံခြုံရေး တိုးချပေးထားသော်လည်း မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များရှိ ဘင်္ဂါလီကျေးရွာများနှင့်နီးစပ်သည့် လယ်ယာမြေကို လုံခြုံရေးကြောင့် လုပ်ကိုင်လိုသူ နည်းပါးသည်ဟု သိရသည်။
ဒေသခံများ မလုပ်ကိုင်ရဲသည့် လယ်ယာမြေများကို ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးဌာန က လုပ်ဆောင်ပေးသွား မည်ဟု ပြည်နယ် အာဏာပိုင်တို့က ပြောဆိုထားသည်။
မောင်တောဒေသနှင့်နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သော နစက အဖွဲ့ကိုမူ မကြာသေးခင် ကဖျက်သိမ်းလိုက်ပြီး ယခုအခါ ရဲတပ်ဖွဲ့က ပုံမှန်အတိုင်း လုံခြုံရေး တာဝန်ယူနေပြီဖြစ်ကြောင်း၊ လတ်တလောတွင် အခြေ အနေ တည်ငြိမ်နေကြောင်း မောင်တော မြို့ခံများက ပြောသည်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တဝန်း၌ တရားဥပဒေ စိုးမိုးမှု အားနည်းနေသည်ဟု ဆိုကာ ငြိမ်းချမ်းရေးနှင့်တရား ဥ ပဒေ စိုးမိုးရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်မှာ လအတန်ကြာပြီ ဖြစ်သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိ သေး ပေ။