လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု ကြေးနီ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ သမ္မတရုံး ပြန်ထောင်စုဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
“လာမယ့် ၂ လအတွင်းမှာ စီမံကိန်းကို စလုပ်တော့မယ်။ စီမံကိန်းစတာနဲ့ လုပ်သားပေါင်း ၁၃၀၀ ကို အလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”ဟု ဝန်ကြီး ဦးလှထွန်းက ပြောဆိုသည်။
ထို ကြေးနီစီမံကိန်း ပြန်စမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာ- ဝမ်ပေါင်ကြေးနီကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ ဂျန်းရီကလည်း “မြန်မြန် စနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ရပ်ထားတဲ့ အချိန်တုန်းကလို ဆုံးရှုံးမှုတွေ ထပ်မဖြစ်စေချင်ဘူး။ ဒီစီမံကိန်းမှာ အရေးကြီးတာက ဒီစီမံကိန်းကို စလိုက်တာနဲ့ တပြိုင်နက် ဒေသခံတွေအတွက် အကျိုးရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောဆိုသည်။
မြန်မာ- ဝမ်ပေါင် ကုမ္ပဏီက လက်ပန်းတောင်းတောင် စီမံကိန်း အကောင်အထည်ဖော်ရာတွင် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။
လက်ပံတောင်း ကြေးနီသတ္တုတွင်းစီမံကိန်းအတွက် ကန်ထရိုက်စာချုပ်ကို အသစ်တဖန် ပြန်လည်ချုပ်ဆိုခဲ့ရာ မြန်မာအစိုးရအနေဖြင့် အမြတ် ၅၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်း ရရှိကြမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းပေးပို့ချက်အရ သိရသည်။
စာချုပ်အရ အသားတင်အမြတ် ၂ ရာခိုင်နှုန်းကို စီမံကိန်းလူမှုတာဝန်အတွက် သုံးစွဲရန် ရာထားခဲ့ပြီး အထူးသဖြင့် စီမံကိန်းဝန်းကျင်မှ ရပ်ရေးရွာရေး လိုအပ်ချက်များကို တာဝန်ယူ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အသုံးပြုမည်ဟု သိရသည်။
စာချုပ်အရ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် ကိုက်ညီသော သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဝမ်ပေါင် သတ္တုတွင်းလီမီတက်မှ စီးပွားဖြစ် ထုတ်လုပ်ရေး လုပ်ဆောင်နေစဉ် ကာလအတွင်း တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂ သန်း ပေးအပ်ရမည် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ပုလဲမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင် က ”အခုလို ပြောင်းလဲလာတဲ့ အပေါ်မှာတော့ ကျမတို့ ကြိုဆိုပါတယ်။ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေရကနေ အခုလိုပြန်ရတာကိုး။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုက အားနည်းနေတုန်းပဲလို့ ကျမတို့ သုံးသပ်တယ်” ဟု ဧရာဝတီကို ပြောဆိုပြီး စာချုပ်ကို အများပြည်သူတွေ လေ့လာခွင့်ရရှိစေရန် ထုတ်ဝေချပြရန်လည်း တိုက်တွန်းသည်။
ကြေးနီစီမံကိန်းစာချုပ်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ယခင်အစိုးရ နည်းတူ ပွင့်လင်းမြင်သာမှု မရှိဘဲ စာချုပ်ပြင်ဆင်ရေးတွင်လည်း အသိပေးခဲ့ခြင်းမျိုး မရှိခဲ့ဟုလည်း ဆိုသည်။
“လူထုကို သေချာ ချမပြခဲ့လို့ ပြသနာတွေ ဖြစ်ခဲ့ပြီးပြီ။ အခုလည်း လူနည်းစုနဲ့ပဲ စာချုပ်ကို ပြင်တယ်။ ဒါကတော့ မကောင်းဘူး။ မနေ့ကလည်း ဒီကိစ္စကို လွှတ်တော်မှာ ရှင်းပြသွားတာတွေ လုပ်ခဲ့ပေမယ့် အသေးစိတ် ရှင်းပြတာတွေ မလုပ်ခဲ့ဘူး”ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
စီမံကိန်းကို ဇွန်လ ၃ ရက်နေ့ ညပိုင်းက ခေတ္တရပ်နားပေးရန် ကုမ္ပဏီနဲ့ သဘောတူ ခဲ့ကာ ကြေးနီစီမံကိန်း စာချုပ်ပြင်ဆင်ချက်ကို ဇူလိုင်လ ၂၅ ရက်နေ့က ပြန်လည်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခန်းအနားသို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်အောင် နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နှင့် ဝမ်ပေါင်သတ္တုတွင်း လီမီတက် ဥက္ကဌ Chen Defeng တို့ တက်ရောက်ခဲ့ကြသည်။
လက်ပံတောင်းကြေးနီ သတ္တုတွင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် တည်ရှိသည်။
စီမံကိန်းကို ကနေဒါနိုင်ငံမှ အိုင်ဗင်ဟိုး ကုမ္ပဏီပြန်လည်ထွက်ခွာသွားပြီး ၂နှစ် အကြာ ၂၀၁၀ခုနှစ် မတ်လတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့် ဝမ်ပေါင် သတ္တုတွင်းလီမီတက်တို့က သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့ကြသည်။
လက်ပံတောင်း ကြေးနီသတ္တုတွင်း စီမံကိန်း ၏ အကျိုးအမြတ်ခွဲဝေမှုနှင့် ပတ်သက်၍ ယခင်က သဘောတူညီချက်များ အရ မြန်မာအစိုးရက ၁၆.၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ ၁၃.၈ ရာခိုင်နှုန်း နှင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ထားသည့် ဝမ်ပေါင် သတ္တုတွင်းလီမီတက်က ၁၃.၃၃ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ထုတ်လုပ်ရေးကုန်ကျ စားရိတ် ကို ၅၆ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ မကြာခဏ ဆိုသလို ဆန့်ကျင် ဆန္ဒပြတောင်းဆိုခြင်းများ ဖြစ်ပေါ်နေခဲ့ရာမှ ထိုနှစ် နိုဝင်ဘာလတွင် ဆန္ဒပြသူများကို ရဲများက ပြင်းထန်စွာ နှိမ်နင်းဖြိုခွဲခဲ့သည်။
ထို့နောက် မြန်မာအစိုးရက အတိုက်အခံခေါင်းဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်စေခဲ့ပြီး အဆိုပါ ကော်မရှင်က သမ္မတထံ သို့ ပေးပို့သော အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အစီရင်ခံစာတွင် နိုင်ငံ၏ စီးပွားရေးအကျိုးအမြတ်နှင့် အထူးသဖြင့် အနာဂတ်မျိုးဆက်သစ်များ ထိုအကျိုးအမြတ်ကို အပြည့်အဝခံစားနိုင်စေရန်အတွက် စီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ထောက်ခံတင်ပြသည်။
သို့သော် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများ အပြင် နိုင်ငံတကာဆက်ဆံရေး စသည့် ရှုထောင့် ပေါင်းစုံမှ ထည့်သွင်းသုံးသပ်၍ ပြင်ဆင်သင့်သည့် အားနည်းချက်များကိုလည်း ဖော်ပြခဲ့သည်။
အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် နေ့တွင်ပင် အစိုးရက စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော်ရန် နှင့် မြေယာ ဆုံးရှုံးခဲ့သော ဒေသခံ တောင်သူလယ်သမားများကို နစ်နာကြေးထုတ်ပေးရန်နှင့် ပြန်လည်နေရာချထားပေး ရေး အတွက် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အထူးကော်မရှင် တခုကိုဖွဲ့စည်းပေးခဲ့သည်။
နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးလှထွန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း ဘာပြဿနာမှ မရှိခဲ့ဘဲ ယခုအစိုးရ လက်ထက် နိုင်ငံရေး ကြားဝင် အမြတ်ထုတ်ကြသူတွေကြောင့်သာ ပြဿနာများ ပေါ်ခဲ့ရကြောင်း ပြောသည်။
ကြေးနီစီမံကိန်းအတွင်းရှိ သာသနိကအဆောက်အအုံတွေကိုလည်း နေရာရွှေ့ပြောင်းပြီး တည်ဆောက်ပေးသွားမည်ဟုလည်း ပြောသည်။
စီမံကိန်းကို ပြန်လည် စတင်လျှင် တလ ကြေးနီ စီးပွားဖြစ် တန်ချိန် ၄ သောင်းမှ ၁ သိန်းအထိ ထုတ်လုပ်သွားမည်ဟု သိရသည်။