မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကို ပြည်သူ့လွှတ်တော် တင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးရာတွင် မပြေလည်သောကြောင့် လွှတ်တော် ကိုယ်စားလှယ် တဦးဦးမှ တဆင့် လွှတ်တော်သို့ တိုက်ရိုက် တင်သွင်းရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။
သတင်း မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်သည့် ညှိနှိုင်းပွဲကို ယခုလ ၂၄ ရက်နေ့ နေ့လည် ၃ နာရီက နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှတာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
“အဓိကကတော့ ကျနော်တို့ ဆွဲထားတဲ့ မီဒီယာဥပဒေထဲက ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံနိုင်တဲ့ အချက် ၁၇ ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ ဒီ အချက် ၁၇ ချက်ကို ပြန်ကြားရေးက လက်မခံနိုင်ဘူး။ ဒါကြောင့် ပြန်ကြားရေးအနေနဲ့ ပြည်သူ့လွှတ်တော်ကို တင်သွင်းပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့အတွက် ကျနော်တို့ ကိုယ်တိုင်ပဲ လွှတ်တော်ကိုယ်စားလှယ် တဦးဦး သို့မဟုတ် ကော်မတီ တခုခုကနေ တင်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးက ဧရာဝတီသို့ ပြောသည်။
စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသည့် သတင်းမီဒီယာ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ် တဦးမှ တဆင့် ပြည်သူ့ လွှတ်တော်သို့ တိုက်ရိုက် တင်သွင်းမည်ဖြစ်သော်လည်း မည်သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် မည်သည့် နေ့ရက်တွင် တင်သွင်းမည် ဆိုသည်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ သို့သော် လက်ရှိ ကျင်းပနေသည့် လွှတ်တော်ကာလ အတွင်း တင်သွင်းနိုင်ရန် လုပ်ဆောင်နေပြီး ယခုရက်ပိုင်းအတွင်းမှာပင် တင်သွင်းပေးမည့် လွှတ်တော် ကိုယ်စားလှယ်ထံ ကိုယ်စားလှယ်လွှဲစာဖြင့် ဥပဒေကြမ်းကို ပေးသွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တွင် အမြန်ဆုံး တင်သွင်းနိုင်ရေးမှာမူ လွှတ်တော်ကိုယ်စားလှယ်နှင့်သာ သက်ဆိုင်ကြောင်း ဦးဇော်သက်ထွေးက ဆိုသည်။
စာနယ်ဇင်းကောင်စီက ရေးဆွဲထားသည့် ဥပဒေကို ပြန်ကြားရေး ဝန်ကြီးဌာနက လက်မခံသည့်အတွက် ယမန်နေ့ နေ့လည်တွင် စာနယ်ဇင်းကောင်စီ အထူး အစည်းအဝေးတရပ် ပြုလုပ်ပြီးနောက် ပြန်ကြားရေး ဝန်ကြီးဌာနက လက်မခံသည့် အချက် ၁၇ ချက်အား ယခုရက်ပိုင်း အတွင်းမှာပင် မီဒီယာများအားလုံး သိရှိနိုင်စေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းနှင့် သို့မှသာလျှင် မီဒီယာများအနေဖြင့် ထိုအချက် ၁၇ ချက်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေသည်ဆိုသည့် နိုင်ငံ၏ ဥပဒေတရပ်တွင် ပါဝင်သင့် မပါဝင်သင့်ကို တိတိလင်းလင်း စဉ်းစားဆုံးဖြတ်နိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
“သူတို့ သဘောမတူတဲ့ အချက် ၁၇ ချက်ကို အကြမ်းဖျဉ်းပြောရရင် မီဒီယာသမားဟာ အီလက်ထရွန်းနစ်နဲ့ အင်တာနက်ကို ခွဲထုတ်လို့ မရတဲ့အတွက် ဒီဥပဒေ ၄ ခုကို ကျနော်တို့ Law ထဲမှာ ထည့်ခဲ့တယ်။ သူတို့က မထည့်စေချင်ဘူး၊ ခွဲထုတ် ချင်တယ်။ နောက်တခု မြန်မာနိုင်ငံမှာ တခုတည်းသော မီဒီယာကောင်စီ ရှိရမယ်ဆိုတဲ့ ဥပဒေကို သူတို့ လက်မခံနိုင်ဘူး။ နောက်တချက်က မီဒီယာကောင်စီရဲ့ အဖွဲ့ဝင်ကို နိုင်ငံ့ဝန်ထမ်းအဖြစ် မှတ်ယူရမယ် ဆိုတာကို သူတို့က လက်မခံကြဘူး။ ဒီအချက် ၁၇ ချက် အပြည့်အစုံကို မီဒီယာတွေအားလုံးကို ဒီရက်ပိုင်းအတွင်း ပို့သွားမှာပါ” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
သတင်း မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ထံ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
သို့သော် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကြမ်းတွင် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် မကိုက်ညီသည့် အချက် ၁၇ ချက် ပါဝင်ခဲ့ပြီး ထိုအချက်များကို ပြင်ဆင် ရေးဆွဲရန် အကြံပြုခဲ့ကြောင်း၊ ၎င်းကို အဆိုပါ ကောင်စီက ပြင်ဆင်ခဲ့ခြင်းမရှိသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ထိုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းမပေးခြင်းဖြစ်ကြောင်း ဒု ဝန်ကြီး ဦးရဲထွဋ်က ပြည်တွင်းသတင်းဌာနများသို့ ဖြေကြားထားသည်။
ထို့အပြင် လွှတ်တော်၌ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီက ရေးဆွဲသည့် ဥပဒေကို တင်ပြခဲ့ပါက မိမိအနေဖြင့် ဥပဒေ ပြုရေးတွင် သတ်မှတ်ပြဌာန်းထားသော နည်းဥပဒေများနှင့်အညီ အဆင့်ဆင့် ထောက်ပြ ကန့်ကွက်သွားမည် ဖြစ်သည် ဟုလည်း ဦးရဲထွဋ်က ပြောကြားထားသည်။
အဆိုပါ သတင်း မီဒီယာ ဥပဒေနှင့် ပတ်သက်၍ အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မိမိအနေဖြင့် ထိုဥပဒေနှင့် ပတ်သက်သည်များကို ထဲထဲဝင်ဝင် ပြုလုပ်ဆောင်ရွက်နေရသူ ဖြစ်သည့်အတွက် မိမိပြောသည့် စကားလုံးတိုင်းသည် မီဒီယာသမားများ ဘက်ကသာ ပြောသကဲ့သို့ ဖြစ်နေနိုင်သည့်အတွက် မည်သို့မျှ ပြောလိုခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဇော်သက်ထွေး ကမူ “ပြန်ကြားရေးဌာနက မီဒီယာတွေနဲ့ စာနယ်ဇင်းကောင်စီအပေါ် ဘယ်လို သဘောထားတယ်ဆိုတာ အခုလို ရှင်းရှင်းလင်းလင်းနဲ့ ပွင့်လင်းစွာ သိလိုက်ရတဲ့အတွက် ဝမ်းသာလို့ မဆုံးဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲထားသည့် ဥပဒေသည် ဒီမိုကရေစီနိုင်ငံ တနိုင်ငံ၌ ရှိသင့် ရှိထိုက်သည့် ဥပဒေ တရပ်သာဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင် အချို့က သုံးသပ်ကြသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ ပြန်ကြားရေး ဝန်ကြီးဌာနတို့နှင့် ညှိနိုင်း ဆွေးနွေးပွဲ မပြုလုပ်မီ ယခုလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီက စာနယ်ဇင်းကောင်စီ နှင့် အမျိုးသားလွှတ်တော် ဒု ဥက္ကဌ အပါအဝင် ဥပဒေကြမ်း ကော်မတီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
“အဓိကကတော့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဥပဒေမူကြမ်းမှာ မီဒီယာတွေရဲ့ သဘောထား မပါဝင်ဘူးဆိုတာ ဆွေးနွေးခဲ့တယ်။ အမျိုးသားလွှတ်တော်ကို ဒီဥပဒေကြမ်း ရောက်လာခဲ့ရင် ဘယ်လို ပြန်လည် ပြင်ဆင် သုံးသပ်သင့်တာကို အကြံပြုပြီး ဒီဥပဒေနဲ့ ပတ်သက်တဲ့ အခြေအနေကို ရှင်းပြတာတွေ လုပ်ခဲ့တယ်” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီးဖြစ်သော ပြန်ကြားရေးဌာနက ရေးဆွဲခဲ့သည့် ဥပဒေကြမ်းတွင် မီဒီယာများကို ထိန်းချုပ်သည့် အချက်များ ပါဝင်သောကြောင့် ၎င်းတို့ကို ဖျက်ပေးရန်နှင့် မီဒီယာများကို ပြန်ကြားရေးဝန်ကြီးဌာနက ခန့်အပ်သည့် မှတ်ပုံတင်အရာရှိက ထိန်းချုပ်သည့် အချက်များ ပါဝင်နေခြင်းမှာ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို အသွင်ပြောင်းထားခြင်းသာ ဖြစ်နေသည့်အတွက် မှတ်ပုံတင်အရာရှိ၏ လုပ်ပိုင်ခွင့်များ ပါဝင်သည့် ဥပဒေကို ဖြုတ်ပေးရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အမျိုးသားလွှတ်တော်၌ ဥပဒေကို ဆွေးနွေးသည့် အချိန်တွင် မည်သို့ ဖြစ်လာမည် ဆိုသည်ကို ခန့်မှန်း၍ မရသေးကြောင်းလည်း ဦးဇော်သက်ထွေးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲတင်ပြထားသော ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က ဆွေးနွေး အတည်ပြုပြီးဖြစ်သော်လည်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခြင်း မပြုရသေးပေ။