သတင်း

သားဈေး ငါးဈေး မြင့်တက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယခုရက်ပိုင်းအတွင်း သားငါးဈေး အပြောင်းအလဲကြောင့် မီးဖိုချောင်စရိတ် မြင့်တက်လာကြောင်း ရန်ကုန်တိုင်း အတွင်းရှိ အိမ်ရှင်မများ၏ အဆိုအရ သိရသည်။

“အရင်ကဆို ဝန်ထမ်းလစာတွေ တိုးရင် ကုန်ဈေးနှုန်း တက်တာရှိတယ်။ အခုက ဘာကြောင့်မှန်း မသိဘူး၊ ဈေးတွေ တက်တယ်” ဟု ရန်ကုန် ကမာရွတ်မြို့နယ်မှ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်မြရီက ပြောသည်။

ယခုတပတ်အတွင်း ဆန်၊ ကြက်သား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ အနည်းငယ်စီခန့် မြင့်တက်လာကြောင်း လက်လီ အရောင်းဈေး တခုဖြစ်သည့် လှိုင်မြို့နယ်ဈေးမှ သိရသည်။ လှိုင်မြို့နယ်ဈေးသည် အနီးဝန်းကျင်ရှိ မြို့နယ်များမှ အားထားရသည့် ဈေးကြီးတခုလည်း ဖြစ်သည်။

ယခုတပတ်အတွင်း ဘဲဥနှင့် ကြက်ဥ ဈေးများမှာ ပုံမှန်ထက် မြင့်တက်နေပြီး အဝယ်များသည့် ငါးကြင်းနှင့် ငါးမြစ်ချင်း ဈေးမှာလည်း သင်္ကြန်ကာလ နောက်ပိုင်းမှစတင်၍ တက်လာကာ ပြန်မကျတော့ကြောင်း စုံစမ်း သိရှိရသည်။

“ဘဲဥဈေး တက်နေတာတော့ ကြာပြီ။ အခုထိ မကျသေးဘူး။ အသေးဆုံး အလုံးတောင် ၁၁၀ ရှိတယ်။ ကြက်ဥကတော့ တလုံးကို ၁၄၀ အထိ တက်ခဲ့ပြီး ဒီရက်ပိုင်း နည်းနည်းပြန်ကျတယ်။ ဒီရက်ပိုင်း ရောင်းရချရတာ စိတ်ညစ်တယ်” ဟု လူအများ စားသုံးမှုများသည့် ကြက်ဥ၊ ဘဲဥရောင်းချသူ ဦးဆန်းဝင်းက ပြောသည်။

ကြည့်မြင်တိုင် စံပြငါးဈေးမှ လက်ကားဈေးဖြင့် ဝယ်ယူကာ လှိုင်ဈေးအတွင်း ပြန်လည်ရောင်းချသည့် ငါးရောင်းသူ အမျိုးသမီးကြီး တဦးကလည်း “ဘာကြောင့်တက်လဲ မေးတယ်။ ဒိုင်က လူတွေက မပြောဘူး။ မနှစ်က ဒီအချိန်ဆို
ငါးဈေးတွေ ကျတယ်။ အရင်တုန်းက ကျပ် ၅ သောင်းလောက် အရင်းအနှီးရှိရင် ရောင်းလို့ရတယ်။ အခုက ၁ သိန်းခွဲလောက် ရင်းမှ ရတယ်” ဟု ရှင်းပြသည်။

ထို့အပြင် ကြက်မွေးမြူရေး လုပ်ကိုင်သည့် ခြံများ နည်းပါးလာမှုကြောင့်ဟု ဆိုကာ ကြက်သားဈေးလည်း မြင့်တက်နေကြောင်း ကြက်သား ရောင်းချသူ တဦးက ပြောသည်။

ကြက်သားဈေးနှုန်း မြင့်တက်မှုကြောင့် ယခင်က တနေ့လျှင် ၂၅ ပိဿာ ပုံမှန် အရောင်းထွက်နေရာမှ၊ ယခုကာလတွင် ပိဿာ ၂၀ ခန့်သာ ရောင်းရတော့ကြောင်း သူက ဆိုသည်။

ကြက်သားဈေးနှုန်းမှာ တစ်ပိဿာလျှင် ယခင်ကထက် ကျပ် ၁ ထောင်ကျော် မြင့်တက်သွားကြောင်း၊ လက်ရှိတွင် မွေးမြူရေး ကြက်သားလက်လီ ဈေးမှာ ၄၃၀၀ ကျပ် ဖြစ်ပြီး ဗမာကြက်မှာ ၈ ထောင်ဈေးဖြစ်ကာ၊ ကြက်နီမ အသားဈေးနှုန်းမှာ ၆ ထောင်ဈေး အထိ ရှိကြောင်း သိရသည်။

“အရင်ကဆိုရင် ကြက်သား ၂ ထောင်ဖိုးဝယ်ရင် ကျမတို့ မိသားစု ညမနက် စားလို့ရတယ်။ အခု ၃ ထောင်ဖိုး ဝယ်မှ စားလို့ ရတယ်။ ဒါတောင် တယောက် တတုံးနှုန်းပဲ စားရတာ” ဟု သံလျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်မြင့်မြင့်က ပြောသည်။

မြန်မာနိုင်ငံသည် ဝန်ထမ်းများ လစာတိုးချိန်၊ နှစ်သစ်ကူး ကာလများနှင့် သဘာ၀ ဘေးအန္တရာယ် ကြေညာချိန်များတွင် ကုန်ဈေးနှုန်း မြင့်တက်လေ့ရှိပြီး ရန်ကုန်တိုင်း အတွင်း၌ပင် တမြို့နယ်နှင့် တမြို့နယ် ကုန်ဈေးနှုန်း တူညီမှုမရှိပေ။

ကြက်သားနှင့် ငါးဈေးနှုန်း မြင့်တက်သော်လည်း ပုစွန်ဈေးမှာ ကျဆင်းလျှက်ရှိပြီး ဝက်သားဈေးမှာ တစ်ပိဿာ ၃ ထောင်မှ ၇၅၀၀ အထိ အစားစားရှိကြောင်း၊ အဆိုပါ ဝက်သားဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းဖြစ်၍ အတက်အကျ မရှိကြောင်း လှိုင်မြို့မ ဈေးမှ ဝက်သား ရောင်းချသည့် အမျိုးသမီး တဦးက ပြောသည်။

ထို့အပြင် ဆန်လက်လီ ဈေးမှာ တပြည်လျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အထိ မြင့်တက်လျက်ရှိပြီး အထူးသဖြင့် အခြေခံ လူတန်းစားများ အဓိက အားထားရသည့် ဆန်ကြမ်းဈေးနှုန်း မတည်ငြိမ်ကြောင်း ဆန်ရောင်းချသူ တဦးထံမှ သိရသည်။

“ဆန်ဈေးက ပြောရခက်တယ်။ ဒီနေ့နဲ့ မနက်ဖြန်နဲ့တောင် မတူဘူး” ဟု လှိုင်မြို့နယ်ဈေးမှ ဆန်ရောင်းချသူ တဦးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading