သတင်း

ပြည်ပ ဘုရားဖူးခရီးစဉ်များကို သာသနာရေးဝန်ကြီးဌာန လက်ရှောင်ပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.
ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ ဟာ့ဂျ် ဘုရားဖူးများ(ဓာတ်ပုံ – khaledsafi.com)

သာသနာရေး ဝန်ကြီးဌာနသည် ယခင်က လုပ်ဆောင်ခဲ့သည့် ဘုရားဖူးများ ရွေးချယ် စိစစ်စေလွှတ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဘာသာရေးအဖွဲ့များသို့ လွှဲပြောင်းပေးလိုက်ပြီး စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်လုပ်ကိုင်တော့မည် မဟုတ်ကြောင်း သာသနာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

ပြီးခဲ့သည် ဇူလိုင် ၂၇ နှင့် ၂၈ ရက် နေ့များက ရန်ကုန် သာသနာရေး ဝန်ကြီးဌာနရုံးနှင့် ဇမ္ဗူသီရိ ဗိမာန်တို့တွင် သာသနာရေး ဝန်ကြီးဌာနက ကြီးမှူး၍ ပြည်ပ ဘုရားဖူး ပို့ဆောင်ရေးကိစ္စနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့စဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခင် သာသနာရေးဝန်ကြီး လက်ထက်က ဗုဒ္ဓဂယာ ဘုရားဖူး ရွေးချယ်ပို့ဆောင်ခြင်း၊ ဟာ့ချ် စေလွှတ်ခြင်းများကို သာသနာရေး ဝန်ကြီးဌာက သတ်မှတ်လုပ်ကိုင်ပေးမှုများ ရှိခဲ့ကြောင်း သိရသည်။

“အရင် ဝန်ကြီးဌာနတုန်းက လုပ်ခဲ့တာ ဥပဒေအတိုင်း မညီညွတ်ခဲ့လို့ ပြင်တာ။ အရင်က ပြည်ပ ဘုရားဖူး ပို့ဆောင်တဲ့ ကိစ္စကို ဌာနကနေ သတ်မှတ် လုပ်ကိုင်ပေးတာတွေ ရှိတယ်။ ဒါဟာ မသင့်လျော်ဘူး၊ ဒါကြောင့် သာသနာရေး ဝန်ကြီးဌာနဟာ သာသနာ စောင့်ရှောက်တာက လွဲရင် ဘာမှမလုပ်တော့ဘူး” ဟု ဦးစိုးဝင်းက ပြောသည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ မြန်မာနိုင်ငံ အပေါ် ပေးအပ်ထားသည့် နေစရိတ်အခမဲ့ ဟာ့ချ် သွားရောက် ဝတ်ပြုရေး အတွက် လူ ၃၅၀ စာ စေလွှတ်ခြင်းကို ယခင်က သာသနာရေး ဝန်ကြီးဌာနမှ သတ်မှတ်သော ကုမ္ပဏီများကသာ စေလွှတ်ခွင့် ပြုခဲ့သည့်အပြင် ဗုဒ္ဓဂယာ ဘုရားဖူး စေလွှတ်ရာတွင်လည်း ယခင်က အခမဲ့ ပြည်ဝင်ခွင့် ရရှိထားသည့် ၃၇၀၀ ကို ဌာနမှ သတ်မှတ်သော ကုမ္ပဏီ ၅ ခု ကသာ လုပ်ဆောင်ခွင့် ရခဲ့ကြောင်း၊ ထိုသို့ ဘုရားဖူး လုပ်ငန်းများကို ဝန်ကြီးဌာနက ဦးစီးလုပ်ဆောင်ကာ စိစစ် ခွင့်ပြုပေးခဲ့ခြင်းကြောင့် မျှတမှု မရှိသော လုပ်ငန်းလုပ်ဆောင်မှု တခုအနေဖြင့် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

“သာသနာရေး ဝန်ကြီးဌာနအနေနဲ့ ပြဌာန်းဥပဒေ အတိုင်းသာ လိုက်နာမယ်။ အရင်က လုပ်ခဲ့တာတွေ မကြိုက်လို့ပြင်တယ်။ အခု သာသနာရေး ဝန်ကြီးဌာနကို မဟုတ်တမ်းတရား ပြောဆိုတာ၊ ရေးသားတာတွေ ရှိတယ်။ ဒီပေါ်မှာ နောက်ပိုင်းကျရင် ဥပဒေအရ အရေးယူမယ်။ ဌာနတွင်းက လူတွေကိုလည်း မှာထားတယ်၊ ဌာနနဲ့ ဆက်စပ်တဲ့ ဘယ်စီးပွားရေးသမားနဲ့မှ မပတ်သက်ဖို့။ စီးပွားရေးနဲ့ဆိုင်တဲ့ ဆက်စပ်မှု လုပ်တာတွေ့ရင် ကြီးလေးတဲ့ အပြစ်ပေးမယ်” ဟု ဦးစိုးဝင်းက ရှင်းပြသည်။

ဌာနအနေဖြင့် နိုင်ငံတွင်း ကိုးကွယ်မှုအဖြစ် လက်ခံထားသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလမ် ဘာသာ၊ နတ်ကိုးကွယ်မှု စသည့် ဘာသာကြီး ၅ ခု၏ လိုအပ်ချက်များကိုသာ ဆောင်ရွက်ပေးရန် တာဝန်ယူမည် ဖြစ်ကြောင်း၊ အခြေခံဥပဒေပါ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့် စသည်တို့ အပေါ်တွင် ဥပဒေပါ ပြဌာန်းချက်နှင့် အညီ စောင့်ရှောက် ပေးရန်သာ ရှိကြောင်း၊ စီးပွားရေးနှင့် နွှယ်သော လုပ်ငန်းများနှင့် ဆက်စပ် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ဦးစိုးဝင်းက ပြောသည်။

“မွန်းတည့်နေ ဂျာနယ်တို့၊ တချို့သော ဂျာနယ်တွေမှာ ဟာ့ချ်နဲ့ပတ်သက်ပြီး ရေးတာတွေ၊ နောက် တခြားသော ဟာ့ချ် ခရီးသွားရေး အတွက် စာတွေ ပို့တာတွေရှိတယ်။ အခု အားလုံးသိအောင် ရှင်းလင်းတာက ဒီလုပ်ငန်းတွေဟာ ဌာနနဲ့ ဘာမှ မဆိုင်တော့ဘူးဆိုတာ သိအောင် ပြောတာပါ” ဟု ဦးစိုးဝင်းက ဆိုသည်။

ဟာ့ချ် ဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရွှေ (ခ) မုဟမ္မဒ်အလီက “ဌာနအနေနဲ့ ကျနော်တို့ တတွေကို လွတ်လပ်စွာ ရွေးချယ်ထားစေတဲ့ လုပ်ငန်းကော်မတီ၊ ကြီးကြပ်ရေး ကော်မတီဖွဲ့ပြီး ရွေးချယ်ခိုင်းတယ်။ ဌာနက ဒီမှာ ဘာကိုမှ မစွက်ဖက်ပါဘူး။ ကျနော်တို့က ရွေးချယ်မှုတွေ လုပ်သွားတယ်။ ဒီအပေါ်မှာ မကျေလည်တဲ့အပေါ် ဌာနကို တင်ပြမှုတွေ ရှိလာတယ်။ အငြင်းပွားမှုတွေ ရှိလာခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ သေချာရွေးထားတဲ့ အပေါ်မှာတော့ ပြန်လည်ရွေးဖို့ မရှိပါဘူး” ဟု ဆိုသည်။

လက်ရှိတွင် ဟာ့ချ်ဘုရားဖူး စေလွှတ်ရေးနှင့် ပတ်သက်၍ အငြင်းပွားဖွယ် ရွေးချယ်မှုများ ရှိခဲ့ကြောင်း၊ ဖြစ်လာသော အကျိုးဆက် အရ ဌာနသို့ ရိုက်ခတ်မှုများ ရှိခဲ့ရကြောင်း၊ အဆိုပါပြဿနာ အတွက် ဌာနအနေဖြင့် ညှိနှိုင်းမှုသာ လုပ်ဆောင်ပေးမည် ဖြစ်သော်လည်း ကြားဝင် လုပ်ကိုင်ပေးရန် အစီစဉ်မရှိကြောင်း ဦးစိုးဝင်းက ပြောသည်။

“ဌာနကလည်း ဘာမှ ဝင်ရောက်ပတ်သက်တာတွေ မလုပ်ဘူး။ သူတို့ဘက်က ပြေလည်အောင် စီစဉ်၊ ပြေလည်ရင် ဌာနပိုင်းက သက်ဆိုင်ရာ နိုင်ငံခြားရေးရုံးကို အမြန်ဆုံး ဆက်သွယ်ပေးမယ်။ မပြေလည်တဲ့ အပေါ် ဌာနက ဘယ်သူပဲ လုပ်ဆိုတာမျိုး မခိုင်းဘူး။ သူတို့အပိုင်း မပြေလည်ရင် နောက်ဆုံး ဌာနကတဘက်ကို ဒီနှစ်မလာဖြစ်ပါဘူးလို့ပဲ အကြောင်းပြန်မယ်။ သူတို့ကို ဒီမိုကရေစီနည်း အရ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားတာပါ” ဟု သူက ရှင်းပြသည်။

မင်းတုန်းမင်း လက်ထက်တွင် ဆော်ဒီအာရေဗျ နိုင်ငံ၌ ဒေါင်းဇရပ် တဆောင် လှူဒါန်းပေးခဲ့သဖြင့် ဆော်ဒီနိုင်ငံမှ နှစ်စဉ် လူဦးရေ ၃၅၀ ခန့်ကို ဟာ့ချ် ခရီးစဉ် နေစရိတ် အခမဲ့ဖြင့် ခေါ်ဆောင် ပေးခဲ့ကြောင်း၊ ၎င်းကို ယခင်က ဌာနမှသာ သတ်မှတ်လုပ်ဆောင် ခဲ့ပြီး ယခုအခါ လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ကဦးစီး၍ လုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကြောင်း ဟာ့ချ် ဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှုကော်မတီမှ ဦးဝဏ္ဏရွှေက ပြောသည်။

ဗုဒ္ဓဂယာ ဘုရားဖူး စေလွှတ်ရေးတွင်လည်း ယခင် သာသနာရေးဝန်ကြီးဌာနမှ ရွေးချယ်သော အဖွဲ့များမှ စေလွှတ်ခြင်း မဟုတ်တော့ဘဲ သက်ဆိုင်ရာ ဘုရားဖူးအဖွဲ့ဝင်များ စုပေါင်းကာ ရွေးချယ်စေလွှတ်သည့် လုပ်ငန်းကော်မတီ၊ ကြီးကြပ်ရေး ကော်မတီတို့ကို ရွေးချယ်ခွင့် ပြုထားကြောင်း၊ ၎င်းအပေါ်တွင် မည်သူမဆို လွတ်လပ်စွာ ပါဝင်ခွင့်ပေးကာ ခွင့်ပြုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သံဝေဇနိယ လေးဌာန ဗုဒ္ဓဂယာ ဘုရားဖူး စေလွှတ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဆိုသည်။

“ဌာနကို ဘာကမှလည်း ပေးစရာမလိုဘူး။ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားပါတယ်။ နှစ်စဉ် သွားတာကတော့ မနည်းဘူး။ ခန့်မှန်းခြေဆို ၅၀၀၀၀ လောက်ရှိမယ်။ အခုဌာနကို နိုင်ငံအချင်းချင်း ပေးထားတဲ့ အခမဲ့ ပြည်ဝင်ခွင့် လူဦးရေပမာဏကို အရင်ကတော့ ဌာနကနေ သတ်မှတ်ထားတဲ့ ကုမ္ပဏီကပဲ လုပ်တာ။ အခုဒါကို ဌာနက မကိုင်တော့ဘူး။ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးတယ်” ဟု ၎င်းက ရှင်းပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading