အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး / တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့သည့် ဇူလိုင် ၃၁ ရက်နေ့၌ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်နှင့် TNLA ဘက်မှ ဥက္ကဌ တာဖုန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်များ တွေ့ဆုံပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအတွက် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားမည်ဟု TNLA မှ ပြန်ကြားရေး တာဝန်ခံ မိုင်းအောင်ကိုက ဧရာဝတီသို့ ပြောသည်။
“ဒါက ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံကြတာပါ။ ၂၀၁၂ ခုနစ် နိုဝင်ဘာလတုန်းက အလွတ်သဘောအရ တကြိမ် တွေ့ပါသေးတယ်။ မှန်ကန်တဲ့ ဆွေးနွေးပွဲဆိုရင်တော့ အစိုးရ စစ်ဘက်ဆိုင်ရာတွေ ပြန်လွှတ်၊ ရုပ်မယ်ဆိုရင်တော့ စစ်ပွဲတွေ ရပ်သွားနိုင်ပါတယ်။ စစ်တပ်ပိုင်းက ဘယ်သူတွေပါမှာလဲ ဆိုတာတော့ မသိပါဘူး” ဟု မိုင်းအောင်ကိုက ဆိုသည်။
မြန်မာအစိုးရနှင့် TNLA သည် စစ်ထိုးဆင်မှု ပြင်းထန်နေကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အင်တိုက်အားတိုက် လုပ်နေသည့် အတွက်လည်း ဘိန်းစိုက်ပျိုးသည့် ပန်းဆေး ပြည်သူ့စစ်များ၏ ခြိမ်းခြောက်မှု မကြာခဏ ခံနေရပြီး တိုက်ပွဲဖြစ်နေရကြောင်း၊ ဘိန်းအစားထိုး စိုက်ပျိုးရန်အတွက်လည်း TNLA တပ်ဖွဲ့မှ သီးနှံများ ကူညီဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
TNLA တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမည့် ကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဒေါက်တာ မင်းဇော်ဦးက “ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအနေနဲ့ သတင်းထုတ်ပြန်ချက် မပြုလုပ်သေးတဲ့အတွက် ပြောလို့မရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ပလောင်ဒေသ ဖွံ့ဖြိုးဖို့ စစ်ပွဲတွေ မရှိတော့ရင် ကလေးငယ်တွေအတွက် ပညာကောင်းကောင်း သင်လို့ရမှာပေါ့။ ကလေးတွေ အခုအထိ ပညာသင်ခွင့်မရဘူး။ ဆရာတွေကလည်း ကျနော်တို့ ဒေသကို သိပ်မလာချင်ကြဘူး” ဟု နမ့်ဆမ်မြို့နယ်တွင် နေထိုင်သည့် ကိုအောင်ပွင့်က ဆိုသည်။
TNLA သည် ရှမ်းပြည်မြောက်ပိုင်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အတွင်း ဘိန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုကြောင့် ဒေသခံလူထု၏ အားပေးထောက်ခံမှု ရရှိနေပြီး တပ်ရင်းပေါင်း ၇ ရင်းကို ဗျူဟာ ၂ ခုခွဲ အုပ်ချုပ်လျက်ရှိကာ အင်အား ၁၃၀၀ အထက်တွင် ရှိကြောင်း စုံစမ်းသိရှိရသည်။
TNLA သည် စစ်ရေးအရ KIA နှင့် ထာဝရ မဟာမိတ်ပြုထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/ SSA) နှင့်လည်း စစ်ရေးအရ ပူးပေါင်း လှုပ်ရှားနေသည်ကို တွေ့ရသည်။
ကြိုကြား တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းများကို မန်တုံမြို့၊ ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့များတွင် ဖွင့်လှစ်ထားခဲ့ပြီး ဒုက္ခသည် ၃ ထောင် ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။
TNLA နှင့် အစိုးရတပ်သည် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ ယခုအချိန်အထိ တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။