သမ္မတဦးသိန်းစိန်က စစ်အစိုးရလက်ထက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီး ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၃၀ ရက်နေ့တွင် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က ဇူလိုင်လ ၂၆ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကိုလည်းကောင်း၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးဆက်အောင်၊ ဦးသိန်းညိမ်း၊ ဒေါ်ခင်စောဦးတို့ကို ခန့်အပ်ရန် သဝဏ်လွှာပေးပို့လိုက်ပြီး ဇူလိုင်လ ၃၀ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခံရသည့် ဦးကျော်ကျော်မောင် သည် အသက် ၇၅ နှစ်အရွယ်ရှိပြီး ယခင်စစ်အစိုးရလက်ထက်က ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းအဖြစ် တာဝန် ထမ်း ဆောင်ခဲ့သူ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် မယားညီအစ်ကို တော်စပ်သူဖြစ် ကြောင်း သိရှိရသည်။
“ဗဟိုဘဏ်ဥပဒေအရ အခု သမ္မတဦးသိန်းစိန် ခန့်အပ်မယ့် ဗဟိုဘဏ်ဥက္ကဋ္ဌက ပြည်ထောင်စု ဝန်ကြီး အဆင့်ဖြစ်သွားပြီ။ ဒုတိယဥက္ကဋ္ဌတွေက ဒုဝန်ကြီး အဆင့်တွေပေါ့။ ဗဟိုဘဏ်က ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာ မရှိတော့ဘူး။ သမ္မတရဲ့အောက်ကို တိုက်ရိုက်ရောက်သွားမှာ” ဟု လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ဧရာဝတီသို့ပြောသည်။
ဦးကျော်ကျော်မောင် သည် စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၀၀၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ အထိ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဗဟိုဘဏ်ဒုတိဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူများတွင် ဦးဆက်အောင်သည် လက်ရှိ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဦးသိန်းညိမ်းသည် လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်ကြောင်း၊ ဒေါ်ခင်စောဦးသည် ဗဟိုဘဏ်တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစား ယူခဲ့သူဖြစ်ကြောင်း သိရှိရသည်။
“ဦးဆက်အောင်ကတော့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဖြစ်လာတော့ သူရဲ့ လက်ရှိ အမျိုးသားစီမံကိန်း ဒုဝန်ကြီး ရာထူးကို နုတ်ထွက်ရလိမ့်မယ် ထင်တယ်။ ဗဟိုဘဏ်မှာ သူက လုပ်ငန်းပိုင်းကို ဦးဆောင်မယ့် သဘောရှိတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတဦးက သုံးသပ်သည်။
ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်ကြီးကြပ်ရေး ဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအပါအဝင် အဖွဲ့အဝင် ၉ ဦး ပါဝင်မည်ဖြစ်ပြီး အဖွဲ့ဝင်များအားလုံးကို သမ္မတက လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရသည်။
သမ္မတ ဦးသိန်းစိန်က ပြန်လည် ခန့်အပ် လိုက်သည့် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့သည် ၂၀၁၅ ခုနှစ်အထိ သက်တမ်း ၂ နှစ်သာ လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ပြီး ငွေရေးကြေးရေး အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စတော့ရှယ်ယာ ဈေးကွက် ပေါ်ထွန်းရေး အပါအဝင် ငွေရေး ကြေးရေးမူဝါဒနှင့် ငွေကြေးရိုက်နှိပ်မှုများကို အဓိက တာဝန်ခံ ဆောင်ရွက်ရ တော့မည်ဟု သိရှိရသည်။
“ဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ် ဘုတ်အဖွဲ့က အစိုးရသက်တမ်း အတိုင်းပဲ။ အခု ခန့်အပ်တဲ့ ဗဟိုဘဏ်ဘုတ်အဖွဲ့က ၂၀၁၅ အထိပဲ။ နောက်အစိုးရတက်လာရင် နောက်ထပ် ဗဟိုဘဏ် ဘုတ်အဖွဲ့အသစ် ပေါ်လာမယ်” ဟု ဦးကြည်မြင့်က ဆိုသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်တွင်သာ နှစ်ပေါင်းများစွာရှိခဲ့သော ဗဟိုဘဏ်ကို သီးခြားခွဲထုတ်ပြီး သမ္မတက တိုက်ရိုက် ဖွဲ့စည်းမှုသည် မြန်မာ့ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး ကဏ္ဍအတွက် အပြောင်းအလဲတခုဟု စီးပွားရေးပညာရှင် အချို့က သုံးသပ်သည်။
“ဗဟိုဘဏ် ဥပဒေ ပေါ်လာတာ၊ ဗဟိုဘဏ် ဘုတ်အဖွဲ့၊ ဥက္ကဋ္ဌရာထူးတွေကို ဒီလို သမ္မတက တိုက်ရိုက် ခန့်အပ်နိုင်တာက မြန်မာနိုင်ငံ အတွက် ပုံစံပြောင်းသွားတဲ့ အပြောင်းအလဲတခုပဲ။ ကောင်းတဲ့ အပြောင်းအလဲပဲ” ဟု မြန်မာနိုင်ငံသား ချေးငွေသက်သေခံ လက်မှတ်ရောင်းဝယ်ရေးမှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက သုံးသပ်သည်။