သံဃာတချို့နှင့် ဒေသခံ တချို့ မီးလောင်ဒဏ်ရာ ရခဲ့ကြသော ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်း ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်း အင်အားသုံး ဖြိုခွဲမှု ၈ လပြည့် အထိမ်းအမှတ် အနေနှင့် ယနေ့ ကန့်ကွက် ဆန္ဒပြ ကြောင်း သတင်းရရှိသည်။
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးထံ လက်ပံတောင်း သပိတ်ဖြိုခွဲမှု ၈ လပြည့်နေ့တွင် လူ အင်အား ၁၀၀၀ ခန့်ဖြင့် ကန့်ကွက်ဆန္ဒပြခွင့် တောင်းခံခဲ့ရာ အချိန် ၂ နာရီကြာ ခွင့်ပြုချက်ရရှိ၍ ဆန္ဒပြကြောင်း ဦးဆောင်သူ တဦးဖြစ်သည့် တုံရွာမှ ဒေသခံ မစန္ဒာက ဧရာဝတီကို ပြောသည်။
“ဒီနေ့ ၂ နာရီက ၄ နာရီအထိ အချိန် ၂ နာရီ ခွင့်ပြုချက် ရပါတယ်၊ လူ ၇၀၀ ကျော်နဲ့ အေးအေးဆေးဆေး ပြီးသွားပါပြီ”ဟု သူက ပြောပြသည်။
အဆိုပါ ဆန္ဒပြမှုကို ဆားလင်းကြီးမြို့နယ် တုံရွာထိပ်မှ မုံရွာတဖက်ကမ်း ထန်းတောရွာ ဇက်ဆိပ်အထိ လမ်းလျှောက် ဆန္ဒပြကြောင်း၊ သပိတ်စခန်း ဖြိုခွဲစဉ် သံဃာများ အပါအဝင် ရွာသူ၊ ရွာသား တချို့မီးလောင်ဒဏ်ရာများ ရခဲ့သည့်အပေါ် ယခုအထိ မည်သူကမှ တာဝန်ခံ၍ အရေးယူ ဆောင်ရွက်မှု မရှိသေးကြောင်း၊ သို့အတွက် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း မစန္ဒာ က ဆက်ပြောသည်။
“မီးလောင်ဗုံးနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးဖို့၊ စီမံကိန်း ရပ်ဆိုင်းရေးတို့၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးတို့ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့တွေ အဓိကပါ”ဟု မစန္ဒာက ဆိုသည်။
လက်ပံတောင်း ဒေသတခွင်၌ ကြေးနီစီမံကိန်းကြောင့် ယခုအထိ ပုဒ်မ ၁၄၄ ထုတ်ထားသေးကြောင်း၊ ထို့အပြင် သဘာ၀ ပတ် ဝန်းကျင် ထိခိုက်မှု ကာကွယ်ရေး၊ လူမှုဘ၀ ထိခိုက်မှု အကာအကွယ်ပေးခြင်းများကို ထိရောက်စွာ လုပ်ဆောင်ပေးခြင်းများ အလွန် အားနည်းနေသေးကြောင်းလည်း သူက ပြောဆိုသည်။
လက်ပံတောင်း ဒေသခံများဖြစ်သည့် ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုမောင်စန်း တို့ ၃ ဦးသည် ယခုအထိ ဖမ်းဆီး ထိန်းသိမ်းခံနေ ရဆဲ ဖြစ်ပြီး ဆန္ဒပြမှုဖြစ်စဉ်တွင် အားပေးကူညီသည်ဆိုသော ကွန်ရက်အဖွဲ့ဝင်တချို့နှင့် ဒေသခံတချို့ကို ဖမ်းဝရမ်းများ ထုတ် ထား ကြောင်း သိရသည်။
ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် ရဟန်း သံဃာများအပါအဝင် အနည်းဆုံး လူ ၇၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး အတွင်းလူနာအဖြစ် သံဃာတော် ၂၂ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး မီးလောင် ဒဏ်ရာများ ရခဲ့ကြကာ သံဃာတော် ဦးတိက္ခဉာဏနှင့် သာမဏေ တပါးမှာ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရခဲ့၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ ဆေးကုသမှု ခံယူခဲ့ရသည်။
ယခုအခါ လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၄ ရက်နေ့က စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့ရာတွင် အကျိုးအမြတ်ကို နိုင်ငံတော်က ၅၁ ရာ ခိုင်နှုန်း၊ တရုတ် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ မြန်မာ့တပ်မတော် ဦးပိုင် ကုမ္ပဏီ က ၁၉ ရာခိုင်နှုန်းစီ ရကြမည်ဖြစ်ပြီး စာချုပ်သက်တမ်း ၂၅ နှစ် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကြေးနီစီမံကိန်းကို လာမယ့် စက်တင်ဘာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး စမ်းသပ်ကာလအတွင်း တနှစ်လျှင် တန်ချိန် ၄ သောင်း သတ်မှတ်ပြီး စီမံကိန်းကာလ၌ တနှစ်လျှင် တန်ချိန် ၁ သိန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့က လက်ပံတောင်း အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲ က ဆိုသည်။
“အခု စာချုပ်အသစ်မှာ နိုင်ငံတော် အစိုးရက ၅၁ ရာခိုင်နှုန်းဆိုထားပေမယ့် ကျမတို့ ဒေသခံ တောင်သူတွေ ဘယ်လို အကျိုးအမြတ်ရှိမယ်ဆိုတာ ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိပါဘူးရှင့်”ဟု မစန္ဒာက ပြောသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းနယ်မြေများအတွင်း ဒေသခံရွာသူ၊ ရွာသားများက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် မြေယာလျော်ကြေးငွေများ လာရောက်ထုတ်ယူမှု နည်းပါးကြောင်း လက်ပံတောင်း ကော်မရှင် အစီရင်ခံ စာ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး တဦးဖြစ်သူ ဦးလှထွန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြော ဆိုသည်။
ထို့အပြင် ဦးလှထွန်းက ကြေနီစီမံကိန်း နေရာတချို့တွင် ပုဒ်မ ၁၄၄ ထုတ်ထားခြင်းကို ပြန်လည်ရုပ်သိမ်းသွားရန် အစီအစဉ် မရှိသေးကြောင်းလည်း စကိုင်းနက်ရုပ်/သံနှင့် မေးမြန်းခန်းတွင် ဖြေဆိုထားသည်။
ဒေသခံများကလည်း ၎င်းတို့ဒေသ အကျိုးရှိသည့် လုပ်ငန်းများကို ယခုအထိ အကောင်အထည် မဖော်သေးကြောင်း၊ ဒေသခံ များ ဆန္ဒပြနေရခြင်းမှာ မြေယာနှင့် လုပ်ကိုင်စားသောက်နေရသည့်ဘဝမှ မြေမဲ့၊ ယာမဲ့ဘ၀ ရောက်ခဲ့၍ဖြစ်ပြီး ယခင်က ဆန္ဒပြခွင့်မရှိခဲ့ကြောင်း၊ ယခု ပွင့်လင်းစပြုလာသည့်အခါ ဒေသခံများက မိမိတို့ ဒေသအကျိုးအတွက် ဆန္ဒပြနေခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
“ကျမတို့ ဒေသခံတွေက မိမိတို့ သဘောဆန္ဒနဲ့ ကိုယ်ကျိုးအတွက် မိမိတို့ ဒေသအတွက် မိမိတို့ ဒုက္ခရောက်မှာကို ကာကွယ် တဲ့အနေနဲ့ ဆန္ဒပြဖော်ထုတ်နေခြင်းဖြစ်တယ်။ ဘယ်သူ တဦးတယောက်၊ ဘယ် အဖွဲ့အစည်းကမှ သွေးထိုး လှုံ့ဆော်လို့ မဟုတ်ဘူး ဆိုတာကို မြန်မာနိုင်ငံ တဝန်းလုံးက မီဒီယာတွေကိုရော၊ ကမ္ဘာကိုရော သိအောင် ပြောချင်ပါတယ်”ဟု တုံရွာသူ မစန္ဒာ က ပြောသည်။
ယခင်သီတင်းပတ်က တရုတ်ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူက စာချုပ်အသစ်ပါ အချက်အလက်များအတိုင်း အတိအကျ လိုက်နာ၍ စီမံကိန်းကို ပြန်လည် စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသွားသည်။
မစန္ဒာက“ဦးပိုင်တို့ ဝမ်ပေါင်တို့အနေနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အတိအကျ လိုက်နာပြီး လုပ်ဆောင်ပေးဖို့ လိုတယ်”ဟု ပြောဆိုသည်။