ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် မနေ့မှ စတင်ကာ ရေဘေး ကယ်ဆယ်ရေးစခန်း ၃၁ ခု ဖွင့်လှစ်ထားရကြောင်း ဘားအံနှင့် မြဝတီခရိုင် အုပ်ချုပ်ရေးမှူးရုံးများမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးနှင့် မြဝတီမြို့တို့တွင် စုစုပေါင်းလူဦးရေ ၇၇၉၅ ဦးအတွက် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။
“ရေက ၈၅၀ စင်တီမီတာကျော် တက်နေတယ်။ လောလောဆယ်မှာတော့ မနှစ်က ရေဘေးအလှူငွေထဲက ပိုတဲ့ရန်ပုံငွေ သိန်း ၁၀၀ ကျော်နဲ့ ဖြေရှင်းပေးနေတယ်။ အခု လူ ၁ ဦးကို တနေ့ကို ဆန် ၂ ဗူးနဲ့ ကြက်ဥ ၁ လုံးစီ ပေးတယ်။ ကယ်ဆယ်ရေးစခန်း တွေမှာ ကျန်းမာရေး စောင့်ရှောက်ရေး ဆေးခန်းတွေ ဖွင့်ပေးထားပါတယ်” ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဦးချစ်လှိုင်က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် “သံလွင်မြစ်ရေသည် ယနေ့နံနက် (ဇူလိုင် ၂၈) တိုင်းထွာချက်အရ ဘားအံမြို့တွင် လွန်ခဲ့သော၂၄ နာရီအတွင်း ၄၉ စင်တီမီတာ (တပေခွဲ) ခန့် မြင့်တက်ခဲ့ပြီး၊ စိုးရိမ်ရေမှတ်အထက် ၄ စင်တီမီတာ ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက်ထပ် ၄၈ နာရီအတွင်း ၃၀ စင်တီမီတာ (၁ ပေခန့်) ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်” ဟု ဖော်ပြပါရှိသည်။
ဒုက္ခသည်စခန်းများမှာ ဘားအံမြို့တွင် လူဦးရေ ၃၉၈၅ ဦးအတွက် စခန်း ၁၀ ခု၊ လှိုင်းဘွဲမြို့နယ်တွင် လူဦးရေ ၁၁၁၀ အတွက် စခန်း ၁၂ ခုနှင့် မြဝတီမြို့တွင် လူဦးရေ ၂၇၀၀ အတွက် စခန်း ၉ ခု အသီးသီး ဖွင့်လှစ်ထားကြောင်း သက်ဆိုင်ရာ ခရိုင်အုပ်ချုပ် ရေးမှူးရုံးများမှ သိရသည်။
ရေကြီးရေလျှံမှုများကြောင့် ဘားအံမြို့တွင် စာသင်ကျောင်းတချို့ ပိတ်ထားရပြီး၊ ဒေါနတောင်တန်းတွင် မြေပြိုမှုနှင့် ကားလမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် မြဝတီခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ရေဘေး ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်ထားရသည့် မြဝတီမြို့မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က “ ဒီညနေ ၄ နာရီ တိုင်းထွာချက်အရ စင်တီမီတာ ၆၃၀ ရှိပါတယ်။ အခု ထမင်းထုတ်ဝေတာတွေ လုပ်ပေးနေတယ်။ တောင်ပြိုနေတာတွေကို ဖယ်နိုင်ဖို့ အတွက် လိုအပ်တဲ့ စက်ကိရိယာတွေ စီစဉ်နေရတယ်။ ကားတွေကိုတော့ တောင်ပေါ်မှာ ပိတ်မိမနေအောင် ကော့ကရိတ်ကနေ လမ်းပိတ်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယခုလ မနေ့က တိုင်းထွာချက်အရ မိုးရေချိန်လက်မ ၁၀ ဒသမ ၇၁ လက်မ ရှိကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ထို့အပြင် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသများတွင် ပိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
ထိုင်း-မြန်မာ နယ်စပ် သောင်းရင်းမြစ် ရေလျှံသောကြောင့် ထိုင်းဘက်ခြမ်းတွင်လည်း ထောင်နှင့်ချီသော လူများ ရေဘေးလွတ်ရာ တိမ်းရှောင်နေရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးလည်း ရပ်နားထားရကြောင်း ထိုင်းကုန်သည်ကြီးတဦးက ပြောသည်။
ထိုင်းနိုင်ငံ ဇလဗေဒဌာန၏ သတင်းထုတ်ပြန်ချက်အရ လာမည့် ၃ ရက် ဆက်တိုက် မိုးဆက်ရွာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေဘေး ဒုက္ခသည်များ အိမ်မပြန်သင့်သေးဘဲ စောင့်ဆိုသင်းသင့်ကြောင်း အသိပေးထားသည်ဟု သိရသည်။