ပြဿနာများကြောင့် ယာယီရပ်ဆိုင်းထားသည့် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ ပို့ဆောင်ရန် ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ပြီး အလုပ်သမားကတ် များလည်း လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“ပြဿနာတွေ ဖြစ်နေလို့ အလုပ်သမားပို့ခွင့်ကို ယာယီ ရပ်ခိုင်းလိုက်ပေမယ့် အေဂျင်စီတွေက အခက်အခဲတွေနဲ့ ကြုံရတယ်။ သွားချင်နေတဲ့ လုပ်သားတွေကလည်း ကြန့်ကြာနေရတယ်။ အခုတော့ မလေးရှားမှာ အခြေအနေတွေ ငြိမ်နေပြီဆိုတော့ အလုပ်သမား ပို့လွှတ်ဖို့ကို ခွင့်ပြုလိုက်တာ” ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဧရာဝတီသို့ ပြောသည်။
မလေးရှားသို့ မြန်မာလုပ်သားများ ပို့လွှတ်ခွင့်ကို ပြန်လည် ခွင့်ပြုလိုက်သော်လည်း လုပ်သားစေလွှတ်မည့် အေဂျင်စီများ အနေဖြင့် အချက် ၉ ချက် ပါရှိ ခံဝန်ကတိ သဘောတူ စာချုပ်ချုပ်ဆိုရမည် ဖြစ်ကြောင်း၊ သဘောတူ လက်မှတ်ထိုးပြီး မှသာ လုပ်သားစေလွှတ်ခွင့် ရှိမည် ဖြစ်ကြောင်း နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၂ စောင်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ လုပ်သားပို့ရန် သဘောတူစာချုပ်တွင် အလုပ်ခေါ်စာ၊ စက်ရုံ၏ လိပ်စာတို့ မှန်ကန်မှု ရှိခြင်း၊ လုပ်သားများ အတွက် အန္တရာယ်ကင်း၍ အေးချမ်းသော နေရာဖြစ်ခြင်း၊ လစာနှင့် ခံစားခွင့် မှန်ကန်မှုရှိခြင်း၊ မြန်မာ လုပ်သားများသည် မလေးရှားနိုင်ငံ၏ ဥပဒေများအတိုင်း ခံစားခွင့်ရှိခြင်း၊ တစုံတရာကြောင့် ထိခိုက်၊ သေဆုံးခဲ့ ပါက နစ်နာကြေး၊ လျော်ကြေးရရန် ဆောင်ရွက်ပေးခြင်း၊ လုပ်သား အလုပ်သက်တမ်း ကုန်ပါက လေယာဉ်လက်မှတ်ကို အေဂျင်စီက စီစဉ်ပေးခြင်း၊ လုပ်သားများ ပြဿနာပေါ်လာလျှင် အေဂျင်စီက တာဝန်ယူ အကုန်အကျခံကာ ဖြေရှင်းပေးခြင်း စသည်တို့ ပါရှိသည်။
မလေးရှားသို့ မြန်မာ လုပ်သားများ ပို့လွှတ်ခွင့်ကို ဇွန်လ ၁၃ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ထိုပြဿနာ များကြောင့် ၁ လကျော် အတွင်း မြန်မာလုပ်သား ၃ ထောင်ကျော် ပြည်တွင်းသို့ ပြန်လာခဲ့ကြောင်း၊ ယခု ထိုပြဿနာများ ငြိမ်သက်သွားပြီ ဖြစ်သည့်အတွက် ဇူလိုင် ၃၀ ရက်နေ့မှ စ၍ လုပ်သားများ စေလွှတ်ရန် ပြန်လည် ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီအချက်တွေကလည်း အခုမှ ရေးတဲ့ အသစ်တွေ မဟုတ်ဘူး။ ပြည်ပအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် ရကတည်းက လိုက်နာရမယ့် အချက်တွေမှာ ပါတဲ့ ဟာတွေပဲ” ဟု ဒေါ်ခင်နွေဦးက ဆိုသည်။
နေပြည်တော်ရှိ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတွင် သဘောတူ လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းချက်များကို ဖောက်ဖျက်ပါက လိုင်စင် သိမ်းမည် ဖြစ်ကြောင်း သိရသည်။
“အခုလို လုပ်သားပြန်လွှတ်ဖို့ ခွင့်ပြုလိုက်မှ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ ဒီကနေ လုပ်သားစေလွှတ်ဖို့ ရပ်ထား လိုက်ရတဲ့ အတွက် ဟိုဘက်က အလုပ်ခေါ်စာတွေ ရတယ်။ ဒါပေမယ့် ဒီဘက်က မပို့နိုင်တာတွေ ဖြစ်လာတယ်။ ဒီတော့ ဟိုဘက်ကုမ္ပဏီကို လျော်ကြေးတွေ ပေးရတယ်” ဟု Royal Four Sea ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တဦးက ဆိုသည်။