အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း ပထဝီနိုင်ငံရေးကို မြန်မာနိုင်ငံသည် မဟာဗျူဟာကျစွာ ကစားနေကြောင်း ပြသသည့်အနေဖြင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ စတင်ပို့လွှတ်လိုက်ချိန်တွင် အိန္ဒိယနိုင်ငံ၏ ရေတပ် အကူအညီကို တောင်းခံလိုက်သည်။
၄ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ယမန်နေ့က စတင်ရောက်ရှိနေသော မြန်မာရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးသက်ဆွေက အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဒီကီဂျိုရှီနှင့် တွေ့ဆုံခဲ့ပြီး “စစ်ဆင်ရေးတွင် ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်ရန်၊ လေ့ကျင့်ရေး၊ ပစ္စည်းထောက်ပံ့ရေးနှင့် တည်ရှိနေသော ဆက်ဆံရေးကို စွမ်းဆောင်ရည် တည်ဆောက်မှုနှင့် စွမ်းအားမြှင့်တင်မှုဖြင့် ညီညီမျှမျှဖော်ဆောင်နိုင်သည့် အဆင့်အထိ တိုးမြှင့်သွားနိုင်ရန်” ဟု တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“မြန်မာဟာ ကျနော်တို့ရဲ့ အနီးစပ်ဆုံး အိမ်နီးချင်းတွေထဲက တနိုင်ငံဖြစ်ပါတယ်။ ကျနော်တို့ မြေပြင်မှာရော ရေပြင်မှာပါ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နှစ်နိုင်ငံရေတပ် အနေနဲ့ ပြောရရင်လည်း အလွန်ကို လှိုက်လှဲနွေးထွေးတဲ့ ဆက်ဆံရေး ရှိပါတယ်” ဟု အိန္ဒိယ အနောက်ဘက်ကမ်း ဆိပ်ကမ်းမြို့ ကိုချီတွင် အခြေစိုက်သော တောင်ပိုင်းရေတပ်ဌာနချုပ်သို့ ယနေ့ ရောက်ရှိလာသော ဒုတိယ ဗိုလ်ချုပ်ကြီး သက်ဆွေ ကို ကြိုဆိုရင်း အိန္ဒိယရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီကီဂျိုရှီကပြောကြောင်း အိန္ဒိယ သတင်းစာများအဆိုအရ သိရသည်။
မြန်မာ ရေတပ် ဦးစီးချုပ်သည် အိန္ဒိယ တောင်ပိုင်း ရေတပ်ဌာနချုပ်တွင်ရှိသော လေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် အခြားသော ရေတပ်ဆိုင်ရာ အသုံး အဆောင်များကို ကြည့်ရှု့လေ့လာပြီး မနက်ဖြန်တွင် အရှေ့ပိုင်းရေတပ်ဌာနချုပ်သို့ သွားရောက်ဦးမည် ဖြစ်သည်။
အိန္ဒိယရေတပ်အကြီးအကဲနှင့် တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီး သက်ဆွေက ကမ်းလွန်ကင်းလှည့်ရေယာဉ်များ တည်ဆောက်ရေး အကူအညီပေးရန် တောင်းခံခဲ့ပြီး မြန်မာနိုင်ငံတွင် အသုံးပြုရန် လိုအပ်သည့် ရေတပ်ဆိုင်ရာ ပစ္စည်းစာရင်းကို ပေးအပ်ခဲ့ကြောင်း အိန္ဒိယသတင်းစာများက ဖော်ပြခဲ့ကြသည်။ အဆိုပါစာရင်းထဲတွင် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့် ရေဒါအပါအဝင် ပင်လယ်ရေကြောင်းသုံး ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာဘက်က တောင်းဆိုခဲ့သော ကမ်းလွန်ကင်းလှည့်ရေယာဉ်များ တည်ဆောက်ရေး အကူအညီပေးရန်ကိစ္စကို အိန္ဒိယဘက်မှ မူအားဖြင့် သဘောတူညီကြောင်း The Times of India သတင်းစာတွင် ဖော်ပြခဲ့သည်။ အဆိုပါ ရေယာဉ် များကို အိန္ဒိယ နိုင်ငံမှ သင်္ဘောလွန်းကျင်းတခုတွင် တည်ဆောက်ဖွယ် ရှိပြီး အိန္ဒိယနိုင်ငံတွင် လာရောက် သင်တန်းတက်နေကြသည့် မြန်မာရေတပ် အရာရှိနှင့် သင်္ဘောသား ၅၀ ခန့်ကိုလည်း နှစ်ဆ တိုးမြှင့်ဖွယ် ရှိသည်ဟု သိရသည်။
ကြည်းတပ်နှင့် လေတပ်မှ စစ်သည်များအတွက်လည်း အလားတူ အကောင်အထည်ဖော်ရန်ရှိနေရာ ရုရှားနိုင်ငံလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မောင်းနှင်မည့် မြန်မာလေယာဉ်မှူးများကို လေ့ကျင့်ပေးရန် စီစဉ်နေခြင်းသည်လည်း “စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် မြှင့်တင်ခြင်း” အစီအစဉ်၏ အစိတ်အပိုင်းတခု ဖြစ်လာနိုင်ကြောင်းလည်း ရေးသားဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ် ၂၀ အတွင်း အိန္ဒိယက မြန်မာသို့ ရေတပ်သုံး ကင်းလှည့် လေယာဉ်ငယ် ၄ စီး၊ အမြောက်သင်္ဘောများတွင် အသုံးပြုရန် ၁၀၅ မီလီမီတာ အပေါ့စား အမြောက်များ၊ မော်တာများ၊ လောင်ချာများ နှင့် ရိုင်ဖယ်သေနတ်များ ကဲ့သို့သော ပစ္စည်းများနှင့် ဆော့ဖ်ဝဲများ ထောက်ပံ့ပေးခဲ့သည်။ ယခုအခါ မြန်မာဘက်က ရေဒါများ၊ အာရုံခံ ပစ္စည်းများ၊ ဖရီးဂိတ် သင်္ဘောများနှင့် အသုံးပြု အသံလှိုင်း အာရုံခံ ကရိယာများကိုပါ ထပ်မံတောင်းဆိုခဲ့ခြင်းသည် မြန်မာရေတပ်က အိန္ဒိယသမုဒ္ဒရာ ကာကွယ်ရေးတည်ဆောက်ရာတွင် ၎င်း၏ အစဉ်အလာ မဟာမိတ် တရုတ်ထက် အိန္ဒိယကို ပို၍ အားထားကြောင်း ပြသလိုက်ခြင်းပင်။
အိန္ဒိယနိုင်ငံသည် ၁၉၈၈ ဒီမိုကရေစီရေး လူထုအုံကြွမှု ကာလအတွင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို နှစ်ပေါင်းများစွာကူညီထောက်ပံ့ပေးနေခဲ့ပြီးမှ ၁၉၉၀ နှစ်များနှောင်းပိုင်းရောက်ချိန်တွင် ၎င်းတို့၏ မူဝါဒကို ရည်ရွယ်ချက်ရှိရှိဖြင့် ဂငယ်ကွေ့ ပြန်ချိုးပစ်လိုက်သည်။ အကြောင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းတွင် လမ်းများဖောက်လုပ်ခြင်း၊ ဆိပ်ကမ်းများတည်ဆောက်ခြင်းနှင့် မြန်မာစစ်တပ်ကို လေ့ကျင့်သင်တန်းပေး ခြင်း၊ စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်းကြောင့် ဖြစ်သည်။
မြန်မာ့မြေပေါ်တွင် အခြေစိုက်ပြီး တော်လှန်နေသည့် အဖွဲ့များ၏ ထောက်ပို့လမ်းကို ထိန်းချုပ်ရေး မျှော်လင့်ချက်ဖြင့် စစ်ဘက်ဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်မှုကို တည်ဆောက်တိုးချဲ့ခဲ့ခြင်းလည်း ဖြစ်သည်။
တချိန်တည်းတွင်ပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်ကျော်သွယ်တန်းထားသော ၈၀၀ ကီလိုမီတာရှည်သည့် ပိုက်လိုင်း စီမံကိန်းမှ တဆင့် သဘာဝဓာတ်ငွေ့များ စတင်ရရှိနေပြီဖြစ်သည်။ ထိုပိုက်လိုင်းကို ယခုလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်သတင်းမီဒီယာများက တရုတ်နိုင်ငံ၏ စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းအတွက် “အထင်ကရခြေလှမ်း” တခုဟု ဖော်ပြခဲ့ကြသည်။
ထိုဓာတ်ငွေ့ ပိုက်လိုင်းသည် တနှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း သယ်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြန်မာနယ်စပ်ရှိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်ကို ဆက်သွယ်ထားသည်။ တရုတ်နိုင်ငံသည် ရေနံပိုက်လိုင်း တခုကိုလည်း တည်ဆောက်နေပြီး ပြီးစီးသွားပါက နှစ်စဉ် ရေနံတန်ပေါင်း ၂၂ သန်း သယ်ဆောင်ပေးနိုင်မည် ဖြစ်သည်။
ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်လိုက်ခြင်းသည် “တရုတ်နိုင်ငံကို ရေနံတင်သွင်းမှု ၈၀ ရာခိုင်နှုန်း မလက္ကာနဲ့ စင်္ကာပူရေလက်ကြားကို ဖြတ်သန်းပြီး အမေရိကန်ရေတပ် ဦးဆောင်သော ကင်းလှည့်တပ်ဖွဲ့ အစောင့်အရှောက်ဖြင့် သွားနေရသည့် ပင်လယ်လမ်းကြောင်း အပေါ်” မှီခိုနေရခြင်းမှ လျော့နည်းသက်သာစေသည့် အတွက် တရုတ်နိုင်ငံ၏ စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းများ၏ ဗျူဟာမြောက် မြေပုံကို များစွာပြောင်းလဲစေခဲ့သည်ဟု တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်သည့် မြစ်ဆုံဆည် စီမံကိန်းကို ၅ နှစ်ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ကြေညာပြီး တရုတ်နိုင်ငံကို အံ့သြတုန်လှုပ်စေခဲ့သည့် နောက်ပိုင်း မှုန်ဝါးသွားခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေနိုင်မည့် အစပျိုးမှုတခုလည်း ဖြစ်နိုင်သည်။