ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံ အတွင်း ရေလွှမ်းမိုးမှု အန္တရာယ်နှင့် ကြုံတွေ့ နိုင်သည့် ဒေသများ တိုးလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ယနေ့ ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင် ပြည် နယ် က နေရာတချို့တွင် ယခုလ ၂၃ ရက်နေ့မှစပြီး မိုးရွာသွန်းခဲ့ရာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ရေလွှမ်းမှုဖြင့် ကြုံခဲ့ရသည်။ မိုးရွာသွန်းနိုင်သည့် ဖြစ်စဉ်ကြောင့် ကျန်ပြည်နယ်နှင့်တိုင်း ဒေသတချို့တွင်ပါ ရေလွှမ်းမှု အန္တရာယ်နှင့် ဆက် လက် ကြုံနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ထုတ်ပြန်ထားသည်။
ဒေါက်တာ ထွန်းလွင် က “လောလောဆယ် ရေကြီးနိုင်တဲ့ ဒေသက ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်း အနောက်ပိုင်း၊ ဧရာဝတီတိုင်း တောင်ပိုင်း၊ ပဲခူးတောင်ပိုင်း၊ ရန်ကုန်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ် တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်း အဲဒီဒေသတွေက ရေကြီးမှုအန္တရာယ် အများဆုံးနေရာပဲ၊ အဓိက ကတော့ မုတ်သုံ ကောင်းလို့ပါ၊ မိုးကတော့ သြဂုတ်လဆန်း ၄ ရက်နေ့ လောက် အထိ ကောင်းနိုင်ပါသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ထွန်းလွင်သည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယခင် ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့ပြီး မိုးလေဝသ အခြေ အနေ များကို စောင့်ကြည့်လေ့လာ၍ ၎င်း၏ အင်တာနက် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက် Facebook တို့မှတဆင့် ထုတ်ပြန်ပေး လျက် ရှိသည်။
ယခုလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်း ၄ ကြိမ်ဖြစ်ပွားခဲ့ရာ ထိုမှတဆင့် မုတ်သုံလေ အားကောင်းမှုဖြစ် လာပြီး မြန်မာနိုင်ငံတွင်းရှိ ပြည်နယ်နှင့်တိုင်း တချို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် ကလည်း ပြောသည်။
ယခုအခါ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း၌ ၅ ကြိမ်မြောက် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်သော အခြေအနေတခုအား ယနေ့ မွန်းလွဲပိုင်းတွင် တွေ့မြင်နေရကြောင်း အဆိုပါ လေဖိအားနည်း ရပ်ဝန်း အားကောင်းလာပါက မြန်မာနိုင်ငံ တွင်း မိုးပိုမို ရွာသွန်းနိုင်ပြီး ရေလွှမ်းမှု ပိုလာနိုင်ကြောင်း ဦးချစ်ကျော်က ဆက်ပြောသည်။
သူက “ဒီလေဖိအားနည်းရပ်ဝန်းလေး ဖြစ်မယ့် တိမ်တိုက်ဟာ မဖြစ်ဘဲနဲ့ ပင်လယ်ထဲမှာပဲ မိုးရွာချပြီး ပျက်သွားတယ်ဆိုရင်တော့ အခုမိုးရွာနေတဲ့ ဖြစ်စဉ်ဟာ နောက် ၁ ရက် ၂ ရက်ဆိုရင်လျော့သွားပြီ၊ အဲဒါဆိုရင်တော့ ဘေးအန္တရာယ်က မြန်မြန်လွတ်မြောက် သွားမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ၏ ယနေ့ညနေ ၃ နာရီခွဲ ထုတ်ပြန်ချက်အရ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ပိုမိုအားကောင်းလားကြောင်း နောက်ဆုံး ထုတ်ပြန်ချက်၌ တွေ့ရှိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့အထိ ခန့်မှန်း ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန် ထားသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မြန်မာ့ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်းနှင့် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးမှုဖြစ်ပွားရာ နေရာများတွင် မြေပြိုမှု၊ မြစ်ရေလျှံမှု၊ လမ်းများပြိုကျ ပျက်စီးမှု၊ လယ်ကွင်းများ ရေမြှုပ်မှုနှင့် လူနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းခိုလှုံနေရမှုတို့ ရှိနေကြောင်း၊ ယမန်နေ့က တိုင်းထွာချက်အရ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့တွင် မိုးရေချိန် စံချိန်သစ် တင်သည်အထိ ရွာသွန်းခဲ့ပြီး ရေလွှမ်းခဲ့ကြောင်း ဦးချစ်ကျော် ကပြောပြသည်။
နိုင်ငံအတွင်း မိုးကြီးနိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများ၊ ရုပ်သံများနှင့် ရေဒီယိုများမှတဆင့် ယခုလဆန်းပိုင်း ကတည်းက မကြာ ခဏ အသိပေး ကြေညာထားသကဲ့သို့ ပြည်တွင်း၊ ပြည်ပ သတင်းဌာနများနှင့်လည်း မိုးလေဝသ အခြေအနေများနှင့် ပတ်သက်ပြီး ဖြေကြားခဲ့ကြောင်း ယနေ့အထိ ရေကြီးမှုကြောင့် လူသေဆုံးမှု မရှိသေးကြောင်း အစိုးရ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန က ပြောသည်။
ထို့အတူ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင်လည်း ရာသီဥတု နောက်ဆုံးအခြေအနေများကို ထုတ်ပြန်ထားပြီး ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ ပဲခူးနှင့် ငဝန်မြစ် များ၏ ရေကြီးနိုင်မှုအခြေအနေများ ကိုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအတွင်း မြို့များ၊ ကျေးရွာများနှင့် လမ်းများ မိုးရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့နှင့် မြဝတီမြို့များတွင်လည်း ရေလွှမ်းမှု ဒဏ်ကိုခံနေရပြီး ဈေးဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ကျောင်းများကို သွားလာရန် အခက်ကြုံနေကြကြောင်း စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့တို့တွင် ရေကြီးမှုကြောင့် ထောင်နှင့်ချီသော ရေဘေးဒုက္ခသည်များ ရေဘေးလွတ် ရာသို့ သွားရောက်ခိုလှုံ နေကြရပြီး မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်နေကြသော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း ရေကြီးမှုကြောင့် စက်ရုံ၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရန် အခက်ကြုံနေရကြောင်းလည်း သိရသည်။