Politics

မြန်မာပြည်မှာ ထောက်လှမ်းရေးက အသက်ဝင်နေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ အစိုးရသစ်က ပြည်သူများကို ပို၍လွတ်လပ်သော ဘဝကို ရစေမည်ဟု ကတိပြုခဲ့သည်မှာ ၂ နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း အရပ်ဝတ်နှင့် အစိုးရထောက်လှမ်းရေးအဖွဲ့တွေ ရောက်လာနေဆဲဖြစ်ပြီး ဘယ်ကိုသွားသလဲ၊ ဘယ်တော့ပြန်လာမှာလဲ စသည်ဖြင့် မေးမြန်းနေကြဆဲဖြစ်သည်။

နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများ၊ စာရေးဆရာများ သာမက သံတမန်များသည်ပင်လျှင် သူတို့ စောင့်ကြည့်ခံ နေရကြောင်း သိကြသည်။ ဆိုင်ကယ်နှင့် နောက်က လိုက်သည်။ အခါအားလျော်စွာ ဖုန်းတွေလည်း ခေါ်ကြသည်။ ထို့နည်းတူ မျက်မှန်းတမ်းမိသော မျက်နှာတွေကို လူသူရှုပ်ထွေးသည့် လမ်းပေါ်က ကော်ဖီဆိုင်များမှာလည်း တွေ့မြင်နေရသည်။

“အကျင့်ရလာတော့လည်း သိပ်ပြီး အနေမခက်တော့ပါဘူး၊ ဒါပေမယ့် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာတော့ အမှန်ပဲ။ သူတို့လုပ်နေတာက ကျနော်တို့က ရာဇဝတ်သားတွေ ကျနေတာပဲ၊ ကျနော်တို့ ကိုရော ကျနော်တို့ရဲ့ မိသားစု တွေကိုပါ လိုက်နှောင့်ယှက်နေကြတယ်။ ဒါက မလေးမစားနဲ့ ခြိမ်းခြောက်တဲ့သဘောမျိုးပါပဲ။ ဒီလို အပြုအမူတွေ ဆက်ပြီး မလုပ်သင့်တော့ပါဘူး ” ဟု သူ့ဘဝ၏ အချိန်အများစုကို လူ့အခွင့်အရေး လှုပ်ရှားမှုတွင် မြှုပ်နှံထားခဲ့သော ကိုမြအေးက ပြောသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ခန့် အုပ်ချုပ်ခဲ့ပြီး အင်အားကောင်းသည့် ထောက်လှမ်းရေးကွန်ယက်ကို ဖွဲ့စည်းထားနိုင်သော စစ်အာဏာသိမ်းအစိုးရ၏ ဖိနှိပ်မှုများကို အုံကြွတော်လှန်ခဲ့ပြီး နောက်ပိုင်းတွင် ဖြိုခွဲဖျက်ဆီးခံခဲ့ရသည့် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ကိုမြအေးက ကျောင်းသားခေါင်းဆောင်တယောက်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

လွန်ခဲ့ပြီးသော နှစ်များတွင် ကိုမြအေး အပါအဝင် အစိုးရကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာ ဖမ်းဆီး အကျဉ်းချခံခဲ့ရပြီး ပြည်သူများအကြားတွင် တဦးကိုတဦး ယုံကြည်စိတ်ချစွာဖြင့် ဖွင့်ဟပြောဆိုရဲခြင်း မရှိလောက်အောင် အကြောက်တရားများ လွှမ်းမိုး ပြန့်နှံ့နေစေရန် ဖန်တီးထားခဲ့သည်။

အတိုက်အခံများက သပိတ်မှောက်ခဲ့သော ၂၀၁၁ ရွေးကောက်ပွဲအပြီး အာဏာရခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း တယောက်လည်းဖြစ်သူ သမ္မတ ဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် တင်းကြပ်မှုအခြေအနေ သိသိသာသာ လျော့ ကျသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသား အမြောက်အများကို လွှတ်ပေးခြင်း၊ သတင်းမီဒီယာများကို စိစစ်ဖြတ်တောက် မှုများ ရုပ်သိမ်းလိုက်ခြင်းနှင့် လွတ်လပ်စွာပြောဆိုခွင့် ကျယ်ပြန့်လာခြင်းများက အမှန်တကယ်ဖြစ်ပေါ်လာခဲ့သော်လည်း တဖက်တွင် အစိုးရအနေဖြင့် ပြည်သူများကို စုံစမ်းထောက်လှမ်းခြင်းကို မရပ်တန့်နိုင်ဘဲရှိနေခဲ့သည်။

“အရိုးစွဲနေတဲ့ အကျင့်က ပြင်ဖို့ခက်တယ်” ဟု အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။ သူသည်လည်း စစ်အစိုးရလက်ထက်က ထောင်ထဲတွင် နှစ်ပေါင်း ၂၀ နီးပါး နေ ခဲ့ရသူဖြစ်သည်။ အေပီသတင်းဌာန သို့ တယ်လီဖုန်း နှင့်ပြောကြားရာတွင် ရဲအဖွဲ့က ကြားဖြတ်အသံဖမ်းယူမည်ကို စိုးရိမ်သည်ဟု ဦးဝင်းထိန်က ပြောသည်။

အတိုက်အခံပါတီရုံးချုပ်၏ လမ်းတဖက်တွင်ရှိသော လဘက်ရည်ဆိုင်တွင် လုံခြုံရေးဌာန အသီးသီးမှ အရာရှိ ၅ ယောက်မှ ၈ ယောက်ခန့်ကို နေ့စဉ်တွေ့မြင်နိုင်သည်။ NLD ရုံး၏ လူဝင်လူထွက်ကို မှတ်တမ်းရေးသွင်းကြပြီး လိုအပ်လျှင် ဓာတ်ပုံတွေ လည်း ရိုက်ယူကြသည်။

တနိုင်ငံလုံး အတိုင်းအတာတွင် ထောက်လှမ်းရေး မည်မျှ လှုပ်ရှားနေသည်ကို မည်သူမှ မသိနိုင်ပေ။ သို့သော်လည်း ထောက်လှမ်းရေး သတင်းအချက်အလက်များကို စုဆောင်းသည့် အဓိက ဌာနကြီးနှစ်ခု ဖြစ်သည့် စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ သတင်းတပ်ဖွဲ့ တို့က လှုပ်ရှားနေကြသည်။

သူ့တွင် မီဒီယာများနှင့် စကားပြောခွင့်မရှိသဖြင့် နာမည်ကို ထုတ်ဖော်ရေးသားခြင်းမပြုရန် တောင်းဆိုခဲ့သော အလယ် အလတ်အဆင့် အရာရှိတဦးက အဆိုပါအခြေအနေနှင့် ပတ်သက်၍ အခုရက်များအတွင်းတွင် လူတဦးတယောက်ကို လိုက်လံစုံစမ်းခြင်း ပြုလုပ်ရန် အထက်မှ ညွှန်ကြားထားခြင်း မရှိပါဟု ဆိုသည်။ ငယ်ရွယ်ပြီး အတွေ့ အကြုံနည်းသည့် ထောက်လှမ်းရေးများကိုသာ ၎င်းတို့ တာဝန်ယူရသည့် နယ်မြေ အတွင်း မျက်နှာစိမ်းများနှင့် ထူးခြားသော ဖြစ်စဉ်များ ရှိလျှင် အထက်လူကြီးများကို အကြောင်းကြားရန် ပြောထားသည်ဟု သိရသည်။

ထို့ပြင် အတွေ့အကြုံ နည်းပါးသည့် အလျောက် သူတို့တွေ အလုပ်လုပ်ကြသည့်အခါ ပရိယာယ်သုံးရန် မေ့လျော့ခြင်းနှင့် အားထုတ်မှု နည်းပါးခြင်းတို့ကြောင့် ရုပ်ပြ ဇာတ်လမ်း ဆန်ဆန် လုပ်မိတတ်ကြသည်ဟုလည်း ဆိုသည်။

ယခုနှစ် အစောပိုင်းက မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခများနှင့် ထိခိုက်ပျက်စီးမှုများကို လေ့လာသတင်းယူရန် အေပီ သတင်းဌာနမှ သတင်းထောက်များ ရောက်ရှိသွားသည့်အခါက စောင့်ကြည့်နေသူများကို နေရာတိုင်းတွင် တွေ့မြင်ခဲ့ရသည်။ မော်တော်ဆိုင်ကယ်သမား နှစ်ယောက်က အနီးကပ် နောက်ယောင်ခံ လိုက်ခဲ့ဖူးသည်။

မန္တလေးတွင်လည်း ဟိုတယ်ရှေ့တွင် လာစောင့်နေသည့်အတွက် သတင်းထောက်အဖွဲ့သည် ၎င်းတို့၏ မျက်စိအောက်မှ လွတ်အောင် နည်းလမ်းရှာဖွေခဲ့ရသည်။ နောက်ဆုံးတွင် လူသူရှုပ်ထွေးသော ဘုရားကျောင်းတခုအတွင်းသို့ ဝင်သွားပြီး နောက်ဖက်မှ လှည့်ပြီး ရှောင်ထွက်နိုင်တော့မှ အကြမ်းဖက်တိုက်ခိုက်မှုများမှ လွတ်မြောက်လာသူများနှင့် တွေ့ဆုံမေးမြန်း ခဲ့ရသည်။ သူတို့က အာဏာပိုင်များက ဟန့်တားနှောက်ယှက်မည်ကို စိုးရွံ့ထိတ်လန့် နေကြသည့်အတွက် လက်ခံစကားပြောဆိုခြင်း မပြုချင်ကြပါ။

သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်ကမူ စောင့်ကြည့်ထောက်လှမ်းသော နေ့ရက်များကျော်လွန်ခဲ့ပါပြီဟု ဆိုသည်။ “သတင်းတပ်ဖွဲ့ဟာ စာနယ်ဇင်းသမားတွေကို စောင့်ကြည့်လေ့လာခြင်းတွေ မလုပ်တော့ပါဘူး” ဟု သူက ပြောသည်။ အထက်ဖော်ပြပါ နောက်ယောင်ခံလိုက်နေခြင်းများအပေါ် မှတ်ချက်ပြောကြားပေးရန် မေတ္တာရပ်ခံသည့်အခါ သူက “ထင်မြင်ယူဆချက် အမှားတွေကို အခြေခံပြီး ဖြစ်သွားတာပါ” ဟုသာပြော၏။

လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က စစ်အစိုးရလက်ထက်တွင် ထောင်သားများနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူများကို ထောက်လှမ်းရေးအဖွဲ့အစည်းများက အိပ်ရေးမ၀ အောင်လုပ်ခြင်း၊ ထိုးနှက်ကန်ကျောက်ခြင်း စသည့် နည်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ရာတွင် အချို့မှာ အသိဉာဏ် ချို့ယွင်းပျောက်ဆုံးသည် အထိ ခံစားခဲ့ရသည်ဟု ဆိုသည်။ ဖျက်ဆီးဖြိုခွဲ ခံခဲ့ရသော ၂၀၀၇ ခုနှစ် သံဃာတို့၏ ရွှေဝါရောင်တော်လှန်ရေးကာလတွင်လည်း သတင်းတပ်ဖွဲ့ အရာရှိများက ဆန္ဒပြပွဲ များကို ဗွီဒီယို မှတ်တမ်းများ ဓာတ်ပုံများ ရိုက်ယူပြီးနောက် ပါဝင်သောရုပ်ပုံများကို အထောက်အထားပြု၍ လူ ထောင်ပေါင်းများစွာကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းမှုနှင့် တခါတရံ ညှဉ်းပန်းနှိပ်စက်မှု စသည့် သတင်းပေးပို့ချက်များ ရရှိနေဆဲဖြစ်သည် ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့မှ မြန်မာနိုင်ငံရေးရာ ကျွမ်းကျင်သူ ဒေးဗစ်မက်သီဆင်က ပြော သည်။ သို့သော်လည်း လူ့ အခွင့်အရေးလှုပ်ရှားသူများနှင့် မီဒီယာများက ယင်းကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်သည်နှင့် ၎င်းတို့ ထံ သတင်းပို့ကြသည့်အတွက် ထိခိုက်နစ်နာမှု အရေအတွက် သိသိသာသာ ကျဆင်းသွားသည် ဟုလည်း သူက ဆိုသည်။

ဒေးဗစ်မက်သီဆင်က အစိုးရထောက်လှမ်းရေးများက ပစ်မှတ်များကို ဆက်လက်၍ နောက်ယောင်ခံလိုက်နေခြင်းမှာ ၎င်း တို့၏ အကျင့်ဟောင်းနှင့် ၎င်းတို့ကို ပြန်လည် ရန်မူမည်ကို စိုးရိမ်ကြောက်လန့်မှုကြောင့် ဖြစ်သည်ဟု ပြောသည်။ “လျှို့ဝှက် ရဲအဖွဲ့တွေဟာ အသွင်ကူးပြောင်းရေးမှာ နောက်ဆုံးဖက်တွယ်ကျန်ခဲ့သူတွေ ဖြစ်တတ်ကြတယ်။ အထူးသဖြင့် အတိတ် တုန်းက သူတို့ရဲ့သားကောင်တွေဖြစ်ခဲတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေက အသွင်ကူးပြောင်းရေးရဲ့ အဓိက အစိတ်အပိုင်းဖြစ်လာတဲ့ အခါမျိုးမှာပါ” ဟု သူက ဆိုသည်။

“ခုချိန်မှာ သူတို့အတွက် အခက်အခဲက တိကျတဲ့ လုပ်ငန်းရည်ရွယ်ချက်မရှိတဲ့အပြင် မြန်မာတွေ၊ နိုင်ငံခြားသားတွေနဲ့ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အစီအစဉ်တွေ အစရှိသဖြင့် စောင့်ကြည့်ရမယ့် အရာတွေ ပိုများလာတာပဲ။ ၂၀၁၁ မတိုင်မီတုန်းက တော့ ရဲအဖွဲ့၊ တရားရုံးတွေနဲ့ စစ်တပ်ဟာ တရားဥပဒေစိုးမိုးရေး ဆိုတာကို သူတို့ရဲ့ပြိုင်ဖက်တွေကို နှိပ်ကွပ်ဖို့၊ စာနယ်ဇင်း သမားတွေကို ခြိမ်းခြောက်ဖို့နဲ့ သူတို့ကို ဝေဖန်သူတွေကို ထောင်ထဲထည့်ဖို့ အသုံးချခဲ့ကြတယ်။ ခုတော့ ဒီလိုလုပ်ဖို့ သူတို့ မှာ ခွင့်ပြုချက် မရတော့ဘူး။ ဒါကြောင့် သူတို့ ဂရုစိုက် စောင့်ကြည့်ဖို့ပဲ လုပ်စရာရှိတော့တယ်” ဟု ဒေးဗစ်မက်သီဆင်က ပြောသည်။

မြေယာအခွင့်အရေးလှုပ်ရှားသူ ဦးဝင်းချိုက ပြဿနာကို ကိုယ်ပိုင်နည်းဖြင့် ဖြေရှင်းသည်ဟု ဆိုသည်။ သူက သူ့ သတင်းကို ကိုယ်တိုင်ပေးသည်။

“ကျနော် ဘာလုပ်မယ် ဆိုတာ သူတို့ကို ပြောလိုက်ရုံပဲ” ဟု သူကပြောသည်။ ချမ်းသာပြီး သြဇာရှိသည့် စီးပွားရေး သမားများ၏ လယ်မြေသိမ်းယူခြင်းခံနေရသည့် လယ်သမားများဖက်မှ ကူညီဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော်ပြင်ပသို့ ဦးဝင်းချို မကြာခဏ ခရီးသွားရသည်။

“ကျနော်တို့ ဆန္ဒပြပွဲ လုပ်တော့မယ် ဆိုရင် သတင်းတပ်ဖွဲ့ကို ဖုန်းဆက်ပြီးတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာအတွက် လုပ်မယ်ဆိုတာ ပြောပြလိုက်တယ်။ ဒီတော့ သူတို့ ကျနော့်နောက်ကို ဒုက္ခခံပြီး မလိုက်ရတော့ဘူးပေါ့။ သူတို့ အားလုံးသိ ပြီးသွားပြီလေ” ဟု ဦးဝင်းချိုက ဆိုသည်။

ဒေသဆိုင်ရာ ရဲအဖွဲ့တွေကလည်း ကိုယ်ပိုင် ထောက်လှမ်းရေးတွေ ထားကြသည်။ အေပီ သတင်းထောက်တွေကို နောက် ယောင်ခံလိုက်ခဲ့သူ တယောက်က လွန်ခဲ့သော လများအတွင်းက လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၏ နောက်သို့ လိုက်ခဲ့ရကြောင်း ဝန်ခံခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ ပြုလုပ်ရသည် ဆိုခြင်းကိုပြောပြရန်တော့ သူက ငြင်း သည်။ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်သည် မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများတွင် ရဲအဖွဲ့နှင့် ဒေသအာဏာပိုင်များ၏ အကာအကွယ်ပေးရန် ပျက်ကွက်မှုကို ဝေဖန် ပြောကြားခဲ့သူ လည်း ဖြစ်သည်။

ထို့နည်းတူပင် မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းရှိ စစ်တွေမြို့မှ မူဆလင်ရပ်ကွက်များသို့ အေပီက သွားရောက် လေ့လာခဲ့စဉ်ကလည်း ဒါဇင်ဝက်ခန့် ရှိမည့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက နောက်မှ ထပ်ကြပ်လိုက်ခဲ့သည်။ သူတို့ကြားသမျှကိုလည်း မှတ်စု စာအုပ်များနှင့် ရေးမှတ်ကြသည်။ အဓိကရုဏ်းကြောင့် အိမ်ယာမဲ့ဖြစ်ခဲ့သူများ၏ ဒုက္ခသည် စခန်းသို့ သွားရောက်တွေ့ဆုံ မေးမြန်းနေစဉ်တွင်လည်း ရဲအရာရှိများ ရောက်ရှိလာကြပြီး တခါတရံတွင် “ဂျာနယ်လစ်တွေက ဘယ်သူနှင့် စကားပြော သွားသလဲ၊ ဘာတွေမေးသွားသလဲ” အစရှိသဖြင့် လိုက်လံမေးမြန်းတတ်ကြသည်။

ယခုနှစ် အစောပိုင်းကလည်း အေပီသတင်းအဖွဲ့တခု ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တောင်တန်းများပေါ်သို့ ခရီးသွားစဉ် မူးယစ်အထူးတပ်ဖွဲ့မှ အစောင့် ၃ ယောက်က ခရီးစဉ် တလျှောက်လုံး လိုက်ပါခဲ့သည်။

သူတို့က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့သည့် နယ်မြေတွင် သတင်းထောက်များ၏ လုံခြုံရေးအတွက် လိုက်ပါခဲ့ရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း သတင်းထောက်များက ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံမေးမြန်းနေစဉ်တွင် ၎င်းတို့က ဗွီဒီယို ရိုက်ပြီး မှတ်တမ်းတင်ကြသည်။ ညစဉ် ညတိုင်း ထိုရဲအဖွဲ့ဝင်များက စာမျက်နှာ အတော်များသည့် လက်ရေးနှင့်ရေးထားသော အစီရင်ခံစာများကို နေပြည်တော်ရှိ ဌာနချုပ်သို့ ဖက်စ်ဖြင့် ပို့ကြသည်။

အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်ရသနည်းဟု သူတို့၏ အကြီးအကဲဖြစ်သူ ရဲမှူး ဇော်မင်းဦး ကိုမေးကြည့်သောအခါ “ ကျနော်တို့က ခင်ဗျားတို့ ဘာတွေလုပ်တယ်၊ ဘယ်သူနဲ့ စကားပြောတယ်၊ ဘာတွေ စားတယ် ဆိုတာတွေကို မှတ်တမ်း လုပ်ထားချင်ပါတယ်၊ ခင်ဗျားတို့က ကျနော်တို့ရဲ့ ဧည့်သည်တွေလေ” ဟု ဖြေဆိုသည်။

(အေပီသတင်းထောက် Todd Pitmann ၏ In Myanmar, internal spy network lives on ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading