သတင်း

ပြည်ထဲရေး ဝန်ကြီးဌာန ရေးဆွဲသည့် ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေကြမ်း လွှတ်တော် တင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထဲရေး ဝန်ကြီးဌာနက ရေးဆွဲထားသည့် ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေကြမ်းကို  လွှတ်တော်သို့ တင်သွင်းရန်ရှိပြီး ယင်း ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်  ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက တာဝန်ယူ စိစစ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခင် အစိုးရလက်ထက်က ဆက်သွယ်ရေး ဥပဒေတွင် ဆိုက်ဘာ ရာဇဝတ်မှုများကို ခေါင်းစဉ်ခွဲ တခုအဖြစ် ထည့်သွင်း ထားရှိခဲ့မှ ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေကို ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၏ အတွင်းရေးမှူး ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက  ပြည်ထဲရေး ဝန်ကြီးဌာနက ရေးဆွဲလျက်ရှိသော ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေ နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ သြဂုတ်လ ၁ ရက်နေ့ တွင်ပြုလုပ်မည်ဟု ဧရာဝတီသို့ ပြောသည်။

“ကိုယ်တို့ ကော်မတီက Cyber Crime Law အပါအဝင် ဥပဒေ ၅၇ ခု ဆောင်ရွက်ဖို့ရှိတယ်။ လဝက (လူဝင်မှုကြီးကြပ်ရေး) ဥပဒေ ၉ ခုရှိတယ်။ ပြည်ထဲရေးက ဥပဒေ ၄၇ ခု ရှိတယ်။ သြဂုတ် ၁ ရက်နေ့မှာ ကျနော်တို့ ကော်မတီနဲ့ လဝက၊ ပြည်ထဲရေးဝန်ကြီးဌာနဲ့ တွေ့ဖို့ရှိတယ်။ အဲဒီအခါကျရင် Cyber Crime Law အကြောင်း ကျနော် တို့ မေးမှာပဲ။ အခု အချိန်အထိတော့ ကျနော်တို့ ဆီမှာ ဒီဥပဒေနဲ့ ပတ်သက်လို့ ဘာမှ မသိရသေးဘူး။ ဒီဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့က ဆွဲတယ်။ ဥပဒေ ရေးဆွဲပြီးပြီလို့လည်း သိထားတယ်။ ကျနော်တို့ဆီကို ဘာမှကို မရောက်သေးဘူး” ဟု ဦးတင်မောင်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေးဆွဲထားသည့် ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေသည် နိုင်ငံသားများ၏ အခွင့်အရေးကို ထိခိုက် ပိတ်ပင်စေသည့် ဥပဒေ မဖြစ်စေဘဲ ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီသော ဥပဒေ တရပ်ဖြစ်စေရန် လွှတ်တော်က ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ယခင် စစ်အစိုးရ လက်ထက်က ဥပဒေများသည် ဖိနှိပ်မှုကို အဓိကထားခဲ့သော်လည်း ဒီမိုကရေစီ ခေတ်တွင်မူ ဒီမိုကရေစီစနစ် ထွန်းကားရေးကိုသာ ဦးတည်သော ဥပဒေများဖြစ်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးတင်မောင်ဦးက ရှင်းပြသည်။

“ကျနော် ကိုယ်တိုင်လည်း အငြိမ်းစား ဗိုလ်မှူးကြီးပါ။ အရင် အစိုးရ လက်ထက်တုန်းက အသင်းအဖွဲ့ ဥပဒေ ဆိုတာ အသင်း အဖွဲ့တွေ ဖွဲ့မှာစိုးလို့ ပိတ်ပင်ခဲ့တာ။ ဒါပေမယ့် အခု ကျနော်တို့က အသင်းအဖွဲ့တွေ များများပေါ်ဖို့ အားပေးတဲ့ ဥပဒေအဖြစ် ပြင်ထားတယ်။ အဲဒီလိုပဲ Cyber Crime Law ကလည်း ကျနော်တို့ဘက်က အာမခံနိုင်တာက  ဒီဥပဒေက ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီဖို့ ကျနော်တို့ လုပ်မယ်။ ဒီဥပဒေကြမ်းကို တင်ပြလာတာနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေ၊ ပြည်သူတွေကို ချပြမှာပ” ဟု ဦးတင်မောင်ဦးက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကမူ ဆိုက်ဘာ ရာဇဝတ်မှုဥပဒေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနနှင့် ဥပဒေကျွမ်းကျင်သူများက ရေးဆွဲနေပြီး နိုင်ငံတော်သမ္မတထရုံး၊ ရှေ့နေချုပ်ရုံးတို့ထံ တင်ပြပြီးမှသာ လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း၊ လတ်တလော ဥပဒေကြမ်းတွင် ပါဝင်မည့် ပြဋ္ဌာန်းချက်များကို ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အိုင်တီပညာရှင် ဦးရဲမြတ်သူက မြန်မာနိုင်ငံတွင် အွန်လိုင်း ငွေပေးငွေယူနှင့် အွန်လိုင်းဘဏ်စနစ် ပေါ်ထွန်းရေး အပါအဝင် အွန်လိုင်းအခြေခံ စီးပွားရေးစနစ် ဖြစ်ထွန်းရေး အတွက် ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေ တရပ်မဖြစ်မနေ လိုအပ်ကြောင်း၊ သို့ရာတွင် မြန်မာ့ ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေတွင် နိုင်ငံသားများ၏ အခွင့်အရေး ပိတ်ပင်သော အချက်အလက်များ ပါဝင်လျှင် ကန့်ကွက်သွားမည်ဟု ပြောသည်။

“Cyber Crime Lawက  အွန်လိုင်းပေါ်မှာ အမှုတခုဖြစ်လို့ ဘယ်ဟာက ပြစ်မှု မမြောက်ဘူး၊ မြောက်တယ်ဆိုတာ ဆုံးဖြတ် တာတွေ ပါလိမ့်မယ်။ ဘဏ်က ပိုက်ဆံတွေကို ATM ငွေထုတ်စက်ကနေ လိမ်ထုတ် သွားတာတို့ပေါ့။ နိုင်ငံတကာရဲ့ Cyber Crime Lawက အဲဒါမျိုးတွေ အဓိကပါတယ်။ တကယ့် ဆိုက်ဘာ ရာဇဝတ်မှုအစစ်က Online payment အွန်လိုင်း ပေါ်မှာ ငွေပေးငွေယူတွေ၊ Online Commerce တွေလာရင် တကယ်ကို လိုအပ်တယ်။ နိုင်ငံတကာမှာ ပြဋ္ဌာန်းထားတဲ့ Cyber Crime Law အတိုင်းဖြစ်ရင် ကောင်းတယ်။ ကျနော်တို့က ဖိနှိပ်ခံထားရတာ များတော့ ဥပဒေ ထွက်လာမယ်ဆိုရင် ကိုယ့်ကို နှိပ်ကွပ်မယ်ပဲ ထင်နေတာ။ အချို့ဟာတွေက ကိုယ့်ကိုယ် ကာကွယ်ပေးတဲ့ ဟာတွေလည်းရှိတယ်။ ကျနော်တို့ အဲဒီဥပဒေမရှိရင် အွန်လိုင်း ဘဏ်စနစ်၊ ငွေပေးငွေယူ ကိစ္စတွေ လုပ်မရဘူ” ဟု ဦးရဲမြတ်သူက ဆိုသည်။

မြန်မာနိုင်ငံ သတင်းသမဂ္ဂမှ ဦးဇော်သက်ထွေးက ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေကို ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဦးစီး ရေးဆွဲနေခြင်းကြောင့် ယခင် စစ်အစိုးရ လက်ထက်ကကဲ့သို့ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ပိတ်ပင်သော ပြဋ္ဌာန်းချက်များ ပါဝင်မည်ကို အလွန်စိုးရိမ်သည်ဟု ပြောသည်။

“ကျနော် အဖမ်းခံရတုန်းက နိုင်ငံခြားကို ဆက်သွယ်တဲ့ အီးမေးလ် တစောင်ကြောင့် အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် ၁၅ နှစ် ချခံခဲ့ရတာ။ အဲလိုပဲ ၈၈ မျိုးဆက်ကျောင်းသားတွေက ထောင်ဒဏ် နှစ် ၆၀ တွေ အထိ ချမှတ် ခံခဲ့ရတယ်။  ဆိုက်ဘာ ရာဇဝတ်မှုဆိုပြီး လွတ်လပ်စွာ ရေးသားခွင့်၊ သတင်းလွတ်လပ်ခွင့် နဲ့ နိုင်ငံသားအခွင့်အရေးကို ထိခိုက်မယ့် ပြဋ္ဌာန်းချက်တွေ ပါလာမှာ စိုးတယ်” ဟု  ဦးဇော်သက်ထွေးက ဆိုသည်။

ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေကို စိစစ်ဆောင်ရွက်မည့် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီကို ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဦးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading