မြန်မာ့တပ်မတော်မှ နုတ်ထွက်ခွင့်ပေးလိုက်သည့် ကလေးစစ်သားများ ရေရှည် ပြန်လည် ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) က အစိုးရအဖွဲ့များ၊ NGO များနှင့် ပူးပေါင်းကာ တာဝန်ယူ ပံ့ပိုးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး အသိုင်းအဝိုင်းများနှင့် လုပ်လိုသည့် စီပွားရေးများကိုလည်း သုတေသန စစ်တမ်းများ စတင် ကောက်ယူနေကြောင်း ILO ဆက်ဆံရေးရုံး၏ နည်းပညာ အထောက်အကူပြုအဖွဲ့ အရာရှိ မစ္စတာ ဂျီးဇပ် မာကာဆီလ် ဂျူနီယာ (Jesus Macasil, Jr) က ဧရာဝတီသို့ ပြောသည်။
“အသက်ကိုတော့ ၁၅ နှစ်မှ ၂၅ နှစ် လူငယ်တွေကို လုပ်ပေးမှာပါ။ တယောက်ကို ဘယ်လောက်လဲ ဆိုတာကတော့ မရှိပါဘူး။ တယောက်နဲ့ တယောက် လိုအပ်ချက်၊ လုပ်ချင်တာက မတူညီဘူးလေ။ အဲဒါကြောင့်လည်း သူတို့ ဒေသမှာ ဘယ်လိုရှိလဲ၊ သူတို့တွေ ဘာလုပ်ချင်လဲ ဆိုတာ စစ်တမ်းကောက်နေရတာပါ” ဟု ၎င်းက ဆိုသည်။
စစ်တပ်မှ နုတ်ထွက်ခွင့်ရသည့် ကလေးစစ်သားဟောင်းများကို ထောက်ပံ့ပေးရန် ILO က ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ အစိုးရ အဖွဲ့များ၊ NGO နှင့် INGO များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သုတေသန စစ်တမ်းကို Myanmar Marking Research Development (MMRD) ကောက်ယူပေးနေကြောင်း၊ ကလေးစစ်သားဟောင်း အားလုံးကို ထောက်ပံ့နိုင်ရန်နှင့် ထွက်လာသည့် ကလေးစစ်သားအားလုံး ထောက်ပံ့နိုင်ရန်နှင့် ရေရှည်စီးပွားဖြစ်တည်နိုင်ရန်လည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးစစ်သားဟောင်းများအတွက် သုတေသန စစ်တမ်း ကောက်ယူနေသည့် ဒေါ်လေးလေးက “ကျမတို့ကို ဒီလ (ဇူလိုင်) ၁၈၊ ၁၉ ရက်နေ့က ILO ကနေပြီး ကလေးတွေကို ဘယ်လို ဆက်ဆံပြီး ဘယ်လိုမေးရမယ်ဆိုတာ သင်တန်းပေးပါတယ်။ ကလေးတွေ ဘာဆက်လုပ်ချင်လဲ၊ ဘာစီးပွားရေးတွေ လုပ်ချင်လဲဆိုတာ လိုက်မေးရမယ်။ ကျမကတော့ ရန်ကုန်တိုင်းမှာရှိတဲ့ ကလေး ၇၅ ယောက်ကို မေးရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးများအတွက် မိဘအုပ်ထိန်းသူနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးလာရန်နှင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည် ဝင်ဆံ့နိုင်ရန်လည်း မျှော်လင့်နေကြောင်း၊ပြန်ထွက်လာသည့် ကလေးငယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံစားချက်သည် အလွန် ချို့ယွင်းနေသည်ကို တွေ့ရကြောင်း ဒေါ်လေးလေးက ဆက်ပြောသည်။
ILO အနေဖြင့် ပြန်လွတ်လာသည့် ကလေးစစ်သား အများစုရှိရာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသတို့တွင် လုပ်ငန်းများ ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ပြီး နယ်မြေအကြောင်းကိုလည်း စုံစမ်းသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အစိုးရတပ်နှင့် သဘောတူညီချက်အရ လုပ်ဆောင်နေပြီး တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ကလေးစစ်သား စုဆောင်းမှု ရှိ မရှိ စောင့်ကြည့်ရန် အတွက် အစိအစဉ် မရှိသေးကြောင်း သိရသည်။
ဒဂုံမြို့သစ် တောင်ပိုင်းတွင် နေထိုင်သည့် ကလေးစစ်သားဟောင်းတဦး၏ မိခင်က “ကလေး စပြီး ထွက်လာတော့ ကြောင်တောင်တောင်လို ဖြစ်နေတယ်။ ထွက်လာနိုင်အောင်လည်း ILOကပဲ ကူညီတာပါ။ သူကတော့ အခု လောလောဆယ် ဝပ်ရှော့လုပ်ဖို့ အားသန်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ အစိုးရနှင့် ကုလသမဂ္ဂတို့ သဘောတူထားကြသည့် လုပ်ငန်းဖော်ဆောင်ရေး အစီအစဉ်တွင် လက်နက်ကိုင် အဖွဲ့များမှ လွတ်မြောက်လာကြသည့် ကလေးစစ်သားများကို အစိုးရက ပြန်လည် ပြုစု ပျိုးထောင်မည့် လုပ်ငန်းစဉ် သဘောတူညီချက် ပါဝင်ကြောင်း၊ ယခင်က ထိုသဘောတူညီချက်မျိုး မရှိခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) အနေဖြင့် ၂၀၁၄ ခုနစ်တွင် မြန်မာတဝန်းလုံး၌ ကလေးစစ်သား လုံး၀ ပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့ တပ်မတော်တွင် ကလေးစစ်သား မရှိကြောင်း နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ကလေးစစ်သား ပပျောက်ရေး ကြိုးပမ်းခြင်းများ ရှိခဲ့သော်လည်း ကျယ်ပြန့်စွာ မဆောင်ရွက်နိုင်သေးဘဲ ကလေးစစ်သားများ ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကလေးစစ်သားနှင့် အရွယ် မရောက်သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေသည်မှာ မြန်မာအစိုးရ စစ်တပ်တခုတည်းသာ မဟုတ်ဘဲ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ် (SSA-S)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စသည်တို့လည်း ပါဝင်ကြောင်း ကုလသမဂ္ဂ၏ ၅ နှစ်စစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ထိတွေ့ဆွေးနွေးကာ ကလေးစစ်သား ပပျောက်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း UNICEF က ဆိုသည်။
အသက်မရွယ် မပြည့်သည့် ကလေးငယ်များကို လက်နက်ကိုင် အဖွဲ့များက အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်ဟု နိုင်ငံတကာ ဥပဒေတွင် ပြဌာန်းထားကြောင်း၊ အသက် ၁၈ နှစ် မပြည့်သေးသူများကို လက်နက်ကိုင်အဖွဲ့များက အသုံးပြုခြင်းသည် အရွယ်မရောက်သေးသူအား စစ်မှုထမ်းစေခြင်းဟု သတ်မှတ်ထားကြောင်း သိရသည်။