သတင်း

အစိုးရနဲ့ ABSDF အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတော့မယ်

This article has been converted from Zawgyi One to Unicode

၈၈ လူထု အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ အစိုး ရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သြဂုတ်လ ၄ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးကြ မယ်လို့ သတင်းရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ကြမှာဖြစ်ပြီး မူလက ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံကြ ဖို့ စီစဉ်ထားပေမယ့် လတ်တလော ရေကြီးမှုဖြစ်နေတာကြောင့် ရန်ကုန်မြို့မှာ တွေ့ဖြစ်ဖို့များနေတယ်လို့ ABSDF ဘက်ကပြော ပါတယ်။

“ဆွေးနွေးမှာကတော့ လက်ရှိ တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် ပြောင်းသင့် တဲ့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို တင်ပြမယ်၊ တပြိုင်တည်းမှာပဲ ကျနော်တို့က လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ အပေါ်မှာ မူတည်ပြီးတော့မှ နိုင်ငံရေးပြဿနာတွေ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေလည်း ပါမှာ”လို့ ABSDF ဒု ဥက္ကဋ္ဌ ဦးမျိုးဝင်း က ဧရာဝတီ ကိုပြောပါတယ်။

ABSDF အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း သိရပြီး လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ အားလုံးပါဝင်နိုင်ဖို့ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ၂၀၀၈ အခြေ ခံ ဥပဒေ ပြောင်းလဲနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေး ပြဿနာတွေ၊ တိုင်းရင်းသားတွေရဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုပိုင်ပြဌာန်းခွင့် အရေး၊ ဒီမိုကရေစီ အရေး ဆောင်ရွက်တဲ့နေရာမှာ ဒီ ၂၀၀၈ အခြေခံ ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ဘယ်လိုမှ ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့်မလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲလာဖို့ အတွက် ကျနော်တို့ ကြိုးပမ်း သွားမယ်”လို့ ဦးမျိုးဝင်း က ဆက်ပြီး ရှင်းပြပါတယ်။

ABSDF နဲ့ အစိုးရအဖွဲ့တို့ ရန်ကုန်မှာ ဆွေးနွေးဖြစ်ပါက ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည် အခမ်းအနားကိုလည်း တက်ရောက်နိုင်ဖွယ်ရှိပြီး ရှေ့ဆက်လုပ်ဆောင်ရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီတွေ၊ လူထုအခြေပြု အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံကာ သဘောထား ရယူသွားမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ABSDF မှာ ဆန္ဒရှိပြီး တွေ့ဆုံနိုင်ရေး ကြိုးစားသွားဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ABSDF ရဲ့ ပထမဆုံး သွားရောက်ခဲ့တဲ့ တရားဝင် ပြည်တွင်း ခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းမှု လုပ်ခဲ့ပေမယ့် တွေ့ဆုံခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

အစိုးရ နဲ့ ABSDF တို့အကြား ၂၀၁၂ ခုနှစ်ကတည်းက အလွတ်သဘောတွေ့ဆုံမှု တရားဝင်တွေ့ဆုံမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတဲ့ အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ အခုတွေ့ဆုံမယ့် အကြိမ်မှာတော့ သဘောတူ လက်မှတ် ရေးထိုးမှုတွေ ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ ပလောင် လွတ်မြောက်ရေး တပ်မတော်(TNLA)နဲ့ မူဆယ်မြို့မှာ လုပ်တဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီး ဦးအောင်မင်းက ABSDF အဖွဲ့နဲ့ လာမယ့် သြဂုတ်လ ၄ ရက်နေ့တွေ့ဆုံပွဲမှာ သဘောတူ လက်မှတ် ထိုးနိုင်မယ်လို့ ယူဆကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ပြောထားကြောင်း၊ သူ့အနေနဲ့လည်း အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားတယ်လို့ သိရတယ်။

“ABSDF ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက တခါတလေကျ တိမ်မလိုလိုနဲ့နက်သွားတာလည်း ရှိတယ်၊ နက်မလိုလိုနဲ့ တိမ်သွားတာလည်း ရှိတယ်”လို့လည်း ဦးအောင်မင်းက ပြောကြားသွားတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အခုဆွေးနွေးပွဲအတွက် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖွယ်ရှိတယ်လို့ ကြား သိရပါတယ်။

ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသတွေမှာ အခြေစိုက်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့တာ ၂၅ နှစ် ခန့်ရှိပြီဖြစ်သည်။

ABSDF နဲ့ အတူ လက်တွဲတိုက်ပွဲဝင်တဲ့ KNU က ၂၀၁၂ ခုနှစ် ဇန်နဝါရီနဲ့ မတ်လပိုင်းတွေမှာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲ ရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။ လက်ရှိ အတူပူးပေါင်း တိုက်ပွဲဝင်နေတဲ့ KIO အဖွဲ့ကလည်း အပစ် မရပ်သေးပေမယ့် အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

Loading