သတင်း

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြန်လည် လေ့လာစိစစ်ပြီး အသစ်ပြန်လည်ရေး ဆွဲပေးရန် အပါအဝင် တောင်းဆိုချက် ၄ ချက်ကို တော်ဝင်ခရေ အဖွဲ့ (လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများ ကွန်ရက်) က တောင်းဆို လိုက်သည်။

“ကျမတို့က လိင်လုပ်ငန်းကို တရားဝင်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးပါဆိုပြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါကို လူတွေက အထင် လွဲနေတယ်။ အဓိကက ကျန်းမာရေး စောင့်ရှောက်မှုတွေကို တခြားသူတွေနဲ့ တန်းတူညီမျှ ရရှိရေး တောင်းဆိုတာပါ။ နှိပ်ကွပ်ရေး ဥပဒေထက် ကာကွယ်ရေး ဥပဒေ ဖြစ်သင့်ပါတယ်” ဟု တော်ဝင်ခရေအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီသို့ ပြောသည်။

ယနေ့ခေတ် လူမှုဘဝနှင့် မကိုက်ညီသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေများကြောင့် ပြစ်မှုကျူးလွန်သူများ အဖြစ် နေထိုင်ရသည့် လိင်အလုပ်သမများအား ဥပဒေစိုးမိုးရေး ဝန်ထမ်းများက အနိုင်ကျင့် ပြုမူဆက်ဆံမှုများ ရှိကြောင်း ကွန်ရက်၏ ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။

တော်ဝင်ခရေ၏ နှစ်ပတ်လည် အစည်းအဝေးကို ရန်ကုန်မြို့ အိတ်ဇဲလ် တာဝါတွင် ၂ ရက်ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။

ဒေါ်နှင်းနှင်းယုက ဆက်လက်၍ “ရဲတွေက ထောင်ဖမ်းတာ ရှိတယ်။ တည်းခိုခန်းကို ခေါ်သွားပြီး လိင်ဆက်ဆံပြီးမှ ဖမ်းတာ ရှိတယ်။ ပြီးတော့ လိင်လုပ်သားနဲ့ ဖောက်သည်နဲ့ အတူတူ ရှိနေတဲ့အချိန်မျိုးမှာ ဝင်ဖမ်းတဲ့အခါ မိန်းကလေးကိုကျတော့ ဖမ်းပြီး ဖောက်သည်ကို ကျတော့ သက်သေအဖြစ်ပဲ ယူတယ်။ အဲဒီသက်သေက ရဲစခန်းမှာပဲ ထွက်ဆိုပြီး တရားရုံးအထိ ပါမလာဘူး” ဟု ပြောသည်။

ယင်းကွန်ရက်၏ တောင်းဆိုချက်ထဲတွင် HIV ကာကွယ် ကုသရေးလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်မည့် ဥပဒေများ ပြန်ဋ္ဌာန်းပေးရန်ဆိုသည့် အချက်လည်း ပါဝင်သည်။

မြန်မာနိုင်ငံ အနှံ့ရှိ ဒေသဆိုင်ရာ HIV/ AIDS ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ကွန်ရက်အဖွဲ့ ၁၇ ခုနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့ ၃၆ ဖွဲ့တို့မှ စုစုပေါင်းအဖွဲ့ဝင် ၈၀ ကျော် တက်ရောက်သည့် တော်ဝင်ခရေ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အချက် ၄ ချက်ကို လက်မှတ် ရေးထိုး တောင်းဆိုလိုက်သည်။

ယင်းအချက်များတွင် HIVပိုးကူးစက်မှုကာကွယ်နိုင်ရန် လိင်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများ ရာနှုန်းပြည့် ကွန်ဒုံးသုံးစွဲရေးအတွက် ပညာပေးရေးလုပ်ငန်းများကို ကျန်းမာရေးဋ္ဌာနများနှင့် INGO များက ထိရောက်စွာအားစိုက်လုပ် ဆောင်ပေးရန်ဆိုသည့် အချက်လည်းပါဝင်သည်။

“လိင်လုပ်သားဆီကိုလာတဲ့ ဖောက်သည်တွေကလည်း ကွန်ဒုံးမသုံးရင် ငွေပိုပေးမယ်ဆိုပြီး စည်းရုံးတယ်။ ဗိုက်ဆာနေရင် လုပ်မိလုပ်ရာ လုပ်မှာပဲ။ နောက်မှာ သူ့ကိုမှီခိုနေရတဲ့ မိသားစုရှိနေတယ်။ ငွေပိုရတော့ ကွန်ဒုံးနဲ့ကာကွယ်ဖို့ လွတ်သွားတာမျိုး လည်းရှိတယ်။ သူတို့ကိုယ်တိုင်ကို အသိပညာပေးဖို့လိုသလို လာတဲ့ဖောက်သည်တွေ မှာလည်း ဒီအသိရှိဖို့လိုပါတယ်” ဟု ဒေါ်နှင်းနှင်းယုက ပြောသည်။

ထို့အပြင် ကျန်းမာရေးဋ္ဌာနများနှင့် INGO များသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ တိုးချဲ့ခြင်း၊ အစီအစဉ် ဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းများတွင် တော်ဝင်ခရေ အဖွဲ့ဝင်များအား ပါဝင်ခွင့် ပေးရန်၊ လျှို့ဝှက်ချက်များကို လေးစား လိုက်နာရန်နှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ART ဆေး တိုးမြှင့်ပေးသည့် အစီအစဉ်တွင် ဒေသအသီးသီးရှိ လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများအား ပိုမိုဦးစားပေးရန်လည်း တောင်းဆိုထားသည်။

နောက်ဆုံး တောင်းဆိုချက်တခုမှာ ကျန်းမာရေးကဏ္ဍနှင့် တရားဥပဒေ စိုးမိုးရေး ကဏ္ဍများ၌သာမက၊ ပညာရေးနှင့် စီးပွားရေး နယ်ပယ်များတွင် လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများနှင့် မိသားစုဝင်များအား ခွဲခြားနှိမ်ချ ဆက်ဆံမှုမပြုဘဲ၊ လူသားအဖြစ် ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများကို တန်းတူရည်တူ ခံစားခွင့်ရရှိစေရေး အသိအမှတ်ပြု ဆောင်ရွက်ပေးရန် ဟူ၍ ဖြစ်သည်။

ယင်း တောင်းဆိုချက်များကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှတဆင့် လွှတ်တော်သို့ တင်ပြဆွေးနွေး သွားနိုင်ရန် ကြိုး စားသွားမည်ဖြစ်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောသည်။

တော်ဝင်ခရေ အဖွဲ့ကို ၂၀၁၁ ခုနှစ် ဧပြီလက မြန်မာနိုင်ငံရှိ ဒေသ ၁၀ ခုမှ လိင်အလုပ်သမ ၃၅ ဦးတို့ ကွန်ရက်ချိတ်ဆက်ကာ စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွန်ရက်သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ မြင်းခြံ၊ လားရှိုး၊ အောင်ပန်း၊ ရွှေဘိုနှင့် စစ်တွေ မြို့များရှိ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ကွန်ရက် လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

အဆိုပါအဖွဲ့သည် လိင်အလုပ်သမများ၏ အသိပညာ၊ ဗဟုသုတ၊ စွမ်းဆောင်ရည်၊ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ မြှင့်တင်ပြီး၊ HIV/AIDS လုပ်ငန်းစဉ် အဆင့်တိုင်းနှင့် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း လျှော့ချရေး လုပ်ငန်းများတွင် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် တက်ကြွစွာ ပါဝင်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

Loading