ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော်နာယက ရာထူးကို ယနေ့ တရားဝင် လွှဲပြောင်း ရယူလိုက်ပြီး ငြိမ်းချမ်းရေး ရရှိရေး နှင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ အဆုံးသတ်ရေး ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်လိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော် နာယကရာထူးကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့က လွှတ်တော် သက်တမ်း ၅ နှစ် (လပေါင်း ၆၀) အတွက် သက်တမ်း တဝက်စီ (လပေါင်း ၃၀) အလှည့်ကျ တာဝန် ထမ်းဆောင်ရမည် ဖြစ်ရာ ယနေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရယူထားသော ပြည်ထောင်စု လွှတ်တော် နာယက ရာထူး သက်တမ်း ကုန်ဆုံးသွားပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ ပြည်ထောင်စု လွှတ်တော် နာယကရာထူးကို တရားဝင် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။
ပြည်ထောင်စု လွှတ်တော် နာယက ရာထူး တရားဝင် ရယူသည့် အခမ်းအနားတွင် သူရဦးရွှေမန်းက အချက် ၅ ချက်ပါ အထူးကြေညာချက် တရပ်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုမူဝါဒ နှင့် လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးနှင့် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရေး ပြည်သူလူထု ပူးပေါင်း ပါဝင်ရန် တိုက်တွန်း နှိုးဆော် လိုက်သည်။
“အပစ်အခတ် အပြည့်အ၀ ရပ်စဲရေးအတွက် တာဝန်ရှိသူများက တရားနည်းလမ်းတကျ မျှမျှတတ ဆောင်ရွက်ကြပါရန်၊ နိုင်ငံရေးဆွေးနွေးမှုများ စတင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ပေးကြရာတွင် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ကြပါရန်၊ ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့၊ ပဲခူးတိုင်း အနောက်ခြမ်း၊ လားရှိုးမြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုမျိုး နိုင်ငံတွင်း ထပ်မံမဖြစ်ပွားစေရန်အတွက် နိုင်ငံသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြပါရန်နှင့် တရားဥပဒေကိုလည်း လေးစားလိုက်နာကြရန် မေတ္တာရပ်ခံပန်ကြားလိုပါကြောင်း” ဟု သူရဦးရွှေမန်းက ဆိုသည်။
သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်နာယက ရာထူး လက်ခံရယူသည့် အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရနှင့် စစ်တပ် ထိပ်တန်း ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယကရာထူး ရယူလက်ခံချိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေးတို့အတွက် အလွန်အရေးကြီးဖြစ်ရာ သူရဦးရွှေမန်း၏ နိုင်ငံရေး ဆောင်ရွက်ချက်များသည် အနာဂတ် မြန်မာ့ နိုင်ငံရေး အလားအလာကို သက်ရောက်မှုများစွာ ရှိနိုင်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်သည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က “သူရဦးရွှေမန်းသည် အရပ်ဘက် အစိုးရ မတက်ခင်က တပ်မတော်မှာ နံပါတ် ၃ ခေါင်းဆောင်၊ သူက ဒီရာထူးရှိခဲ့တဲ့အတွက် လွှတ်တော်ရေးရာတွေမှာ သူကိုင်တွယ်တဲ့ အခါမှာ သူရဲ့သြဇာကို သုံးပြီး တိုင်းပြည်အတွက် လုပ်သွားနိုင်ပါတယ်။ အခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ခုကို ခွဲခြားထားသော်လည်း တတ်နိုင်သမျှ အပြန်အလှန် ထိန်းကျောင်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သူ့လက်ထက်မှာ ပိုပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သူရဦးရွှေမန်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်စွာ ရင်းနှီးသော ဆက်ဆံရေး ရှိနေသည့်အတွက် NLD က လိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အထောက်အကူ ပြုနိုင်သည်ဟု NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက သုံးသပ်သည်။
“ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်လာတဲ့ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အထောက်အကူ ပြုနိုင်မယ်လို့ ထင်ပါတယ်။သူရ ဦးရွှေမန်းရဲ့ ဆောင်ရွက်ချက်တွေက နိုင်ငံရေး အမြင်ပါတယ်။ ဦးရွှေမန်း နာယက ဖြစ်တဲ့အချိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး အတွက် အရေးကြီးနေတဲ့ အချိန်လည်းဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။
သူရဦးရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော ယခင် စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိုနှိုင်းကွပ်ကဲရေး တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ပြီးလျှင် အာဏာ အရှိဆုံးသော နံပါတ် ၃ ခေါင်းဆောင် တဦးဖြစ်ခဲ့သည်။