ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန် ဒေသသို့ ဆက်သွယ်မည့် ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ မလုပ်ဆောင်ပါက ဒေသခံများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်မည်ဟု သိရသည်။
“ဂက်စ်ပိုက်လိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေကိုတောင် ဖြေရှင်းမပေးနိုင်သေးဘဲ နောက်ထပ်စီမံကိန်းကြီး တခု ထပ်လုပ်မယ် ဆိုရင် ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုမိုကြီးထွားလာအောင် လုပ်သလိုဖြစ်သွားလိမ့်မယ်”ဟု ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံများ၏ နစ်နာဆုံးရှှုံးမှုများ ရရှိရေး ဆောင်ရွက်ပေးနေသည့် ကျောက်ဖြူလူမှုကွန်ရက် အဖွဲ့မှ ဦးထွန်းလွင် က ဧရာဝတီ ကို ပြောသည်။
ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံများ၏ နစ်နာဆုံးရှှုံးမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ ရခိုင်တပြည်လုံး လျှပ်စစ်မီး ရရှိရေး စသည်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို ရွှေဂက်စ်လှှုပ်ရှားမှု အဖွဲ့များ၊ ရခိုင်တပြည် လုံးမှ လူမှုကွန်ရက်အဖွဲ့များ စုပေါင်း၍ မကြာမီ အစည်းအဝေးတခုပြုလုပ် သွားမည်ဟု သိရသည်။
ထိုဆွေးနွေးပွဲ၌ ရထားလမ်းနှင့် ပတ်သက်၍လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်လူမှု ကွန်ရက် အဖွဲ့တချို့က ပြောသည်။
ဦးထွန်းလွင်က “မီးရထားလမ်း စီမံကိန်းကိုတော့ ပြည်သူတွေကို ချပြပြီးမှ ဆက်လုပ်ဖို့ အတွက် အသည်းအသန် တောင်းဆို ရမှာပါ၊ ဂက်စ်ပိုက်လိုင်း ဖွင့်ပွဲ ခိုးကြောင်ခိုးဝှက် လုပ်သွားတာကိုလည်း ဒေသခံတွေက စိတ်ဆိုးနေကြတုန်းပဲ”ဟု ပြောသည်။
ရွှေဂက်စ် စီမံကိန်းမှ ဂက်စ်များ စတင်ပို့လွှတ်ပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြီးနောက် ရထားလမ်း တည်ဆောက်မည့် စီမံကိန်း ထွက်ပေါ်လာခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မီ အပြီး တည်ဆောက်မည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဝန်းကျင် အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထား သည်။
ရထားလမ်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများ သေချာစွာ မသိရှိရသေးကြောင်း၊ စီမံကိန်း စာချုပ်ပါ အချက်အလက်များ၊ ဖြတ်သန်းဖောက်လုပ်မည့် အရပ်ဒေသများ၊ လယ်ယာမြေ သိမ်းယူမှု ဖြစ်လာနိုင်ခြေ ရှိမရှိ စသည်တို့ကို ဒေသခံပြည်သူများ အား ပွင့်လင်းစွာ ချပြပေးပြီးမှသာ စီမံကိန်း အကောင်အထည်ဖော်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ကလည်း ဧရာဝတီ ကို ပြောသည်။
ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍လည်း ယနေ့အထိ ပွင့်လင်းမြင်သာမှု မရှိသေးကြောင်း၊ ဂက်စ်ပိုက် လိုင်းစီမံကိန်း စာချုပ်ကို ပြန်လည်သုံးသပ်၍ ပြည်သူများထံချပြရန် လိုအပ်နေသေးကြောင်း ဒေါက်တာ အေးမောင်က ပြော ဆို သည်။
ကျောက်ဖြူ-ယူနန် ရထားလမ်းနှင့် ဘူတာရုံ တည်ဆောက်ရန်အတွက်ဟု ဆိုကာ ကျောက်ဖြူမြို့နယ် ကြက်တိန် အရပ်ရှိ ဒေ သခံများ ပိုင်ဆိုင်သည့် လယ်မြေများ၊ နွားစားကျက်မြေများ၊ မြေလွတ် မြေရိုင်းများကို ကျောက်ဖြူ အခြေစိုက် ခြေမြန်တပ်ရင်း ၃၄ တပ်ရင်းက သံဆူးကြိုးများ ကာရံထားကြောင်း ဒေသခံများ က ပြောပြသည်။
တည်ဆောက်မည့် ရထားလမ်း တလျှောက်တွင် လယ်ယာမြေ သိမ်းယူမှုများ၊ ကျေးရွာများ နေရာပြောင်းရွှေ့ပေးရမှု၊ သီးနှံစိုက်ခင်းများ သိမ်းယူမှု စသည့်ပြဿနာများ ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံ ပြည်သူများက စိုးရိမ်မှုများ ရှိနေကြသည်။
ထို ရထားလမ်းသည် မိုင်ပေါင်း ၅၀၀ ကျော်(၅၃၉ ဒသမ ၃၉ မိုင်) ရှည်လျားမည်ဖြစ်ပြီး တနာရီလျှင် ၁၇၀ ကီလိုမီတာနှုန်းဖြင့် အမြန်ရထားများ မောင်းနှင်နိုင်မည်ဟု အစိုးရ သတင်းစာများက ရေးသားထားသည်။ မီးရထားလမ်း၌ ဘူတာရုံ ၉၇ ရုံ၊ တံတား စင်းရေ ၄၀၉ စင်း၊ ရထားဥမင် ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရထားလမ်း တည်ဆောာက်ရန် မြန်မာအစိုးရ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံမှ Railways Engineering Corporation တို့က ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုခဲ့ကြခြင်း ဖြစ်သည်။
ကျောက်ဖြူ-ယူနန် မီးရထားလမ်းသည် ရခိုင်ပြည် ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လာရှှိုး၊ မူဆယ် စသည့်မြို့များကို ဖြတ်သန်း၍ တရုတ်ပြည် ယူနန်မြို့၌ အဆုံးသတ်မည် ဖြစ်သည်။ ကျောက်ဖြူဒေသ၌ မည့်သည့် လုပ်ငန်းမှစတင်ဆောင်ရွက် ခြင်း မရှိသေးကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။
ရထားလမ်း ပြီးစီးသွားပါက ကျောက်ဖြူမြို့၌ တည်ဆောက်ရန် စီစဉ်နေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ ထွက်ကုန် ပစ္စည်းများအား ထို ရထားလမ်းမှ ယူနန်သို့ ပို့ဆောင်မည်ဖြစ်သည်။ ထိုမှတဆင့် ကမ္ဘာအရပ်ရပ်သို့ ပို့ဆောင်သွားရန် တရုတ် အစိုးရက မျှော်မှန်းထားကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသထွက်ကုန်ပစ္စည်းများ ကုန်ချော ထုတ်လုပ်မည့် စက်မှုဇုန်များ၊ အထူးဇုန် များ၊ ဆိပ်ကမ်းများ၊ ဟိုတယ်ဇုန်များ စသည်ဖြင့်ပါဝင်မည်ဟု အကြမ်းအားဖြင့် လျာထားသည်။