အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ ဒီကနေ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ “ရွှေလီ ရတနာ” ခန်းမမှာတွေ့ဆုံကြပြီး ချက်ချင်းလက်မှတ် မထိုးနိုင်ခဲ့ကြပေမယ့် သဘောတူညီချက် ၄ ချက် ရရှိသွားတယ်လို့ သိရပါတယ်။
အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ လက်နက်မပါဘဲ နယ်မြေဖြတ်သန်းခွင့်နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲရက်တွေ သတ်မှတ်နိုင်ရေး တို့ကို မူအားဖြင့် နှစ်ဘက် သဘောတူညီချက်များ ရရှိခဲ့ပြီး ၁၀ ရက်အတွင်း နမ့်ဆမ်မြို့မှာ ထပ်မံတွေ့ဆုံ လက်မှတ်ထိုးကြမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
“လေးချက်စလုံးကို သဘောတူတယ်၊ ဒါပေမယ့် ဒီမှာသူတို့ရဲ့ ဦးစီးချုပ်မရှိဘူး၊ ပြန်ပြီးတင်ပြရမယ်၊ တင်ပြပြီးရင် အမြန်ဆုံး အစည်း အဝေး လုပ်မယ်၊ ဘယ်မှာလုပ်မလဲဆိုတော့ နမ့်ဆမ်မှာလုပ်မယ်၊ ဆယ်ရက်လောက်အတွင်းကိုပြော၊ သူတို့ခေါ်တဲ့အချိန် အသင့်ပြင် ထားမယ်၊ လာမယ်၊ နမ့်ဆမ်မှာလုပ်မယ့်ပွဲမှာ လက်မှတ်လည်းထိုးမယ်၊ ပြည်ထောင်စုအဆင့် အစည်းအဝေးတွေ ဆက်ဆွေးနွေးမှာ
ပေါ့”လို့ ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။
TNLA အထွေထွေအတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် ကလည်း“အခုက ယုံကြည်မှုတွေရသွားပါပြီ၊ နောက်အစည်းအဝေး ကျနော်တို့ ဗဟိုက လက်တွေ့ အောက်ခြေမှာ တပ်က လုပ်နိုင်တယ်ဆိုရင်တော့ ဗဟိုကော်မတီ ဆုံးဖြတ်ချက် မြန်မြန် ကျမှာပါ၊ ဒါဆိုရင် ဦးအောင်မင်းတို့ ဆောင်ရွက်နေတဲ့ အချက်လေးချက်က မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး”လို့ ဆွေးနွးပွဲ အပြီး သတင်းထောက် တွေကို ရှင်းလင်းပြောဆိုပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို အစိုးရဘက်က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီး ဦးစဝ်အောင်မြတ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်ဆွေ တို့အပါအဝင် စုစုပေါင်း ၁၃ ဦး တက်ရောက်ကြောင်း သိရပါတယ်။
TNLA ဘက်က အထွေထွေအတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်ပြီး ဒု စစ်ဦးစီးချုပ် ဗိုလ်မှူး တာခူလန်း၊ ဗိုလ်မှူး တာရော့ခြိုး ၊ ဗိုလ်မှူး တာအောင်မြတ်၊ ဗိုလ်ကြီး တာဝိုင်ခြိူး၊ ဗိုလ်ကြီး တာပလန်းထွဲ၊ ဗိုလ်ကြီး တားစိုယမ်း၊ ဗိုလ်ကြီး တာအောင်ကို၊ ဗိုလ် တာလူမ်ကျော်မြ တို့ ၉ ဦးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၂၂ ဦး တက်ရောက်ပါတယ်။
ဒါအပြင် အသိသက်သေအဖြစ် ဖိတ်ကြားထားတဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA) တို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြသလို ပလောင်(တအာင်း) တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေ၊ TNP ပါတီဝင်တွေ၊ မူဆယ်၊ နမ့်ခမ်း ဘက်က ဒေသခံ ရပ်မိ ရပ်ဖတွေနဲ့ ပလောင်(တအာင်း) လူငယ်နဲ့ အမျိုးသမီး အဖွဲ့ခေါင်းဆောင်တွေလည်း တက်ကြ ပါတယ်။
အစိုးရနဲ့ TNLA အကြား နောက်ထပ် မတွေ့ဆုံမီကြားကာလမှာလည်း တိုက်ပွဲတွေ မဖြစ်စေရေးအတွက် နှစ်ဘက်ဆက်သွယ်ဖို့ တယ်လီဖုန်း ဆက်သွယ်ရေးလမ်းကြောင်းတွေ သဘောတူညီမှုယူထားပြီးပြီဖြစ်ကြောင်း နှစ်ဘက်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်းက “ဒီကြားထဲမှာလည်း တိုက်ပွဲတွေ မဖြစ်အောင်ဆိုပြီး တယောက်နဲ့ တယောက် တယ်လီဖုန်းဆက်ဖို့တို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ တစ်ခါတည်း လုပ်ထားပြီးပြီ၊ လက်မှတ်မထိုးရုံ တမယ်ပဲ၊ ကျန်တာတွေအားလုံးက အသေးစိတ် ဆွေးနွေးပြီးသွားပြီ၊ လက်မှတ်မထိုးရတဲ့ အကြောင်းရင်းကလည်း သူတို့ ဥက္ကဌ ခရီသွားနေလို့၊ သူတို့ ဦးစီးချုပ် မပါလာလို့ မထိုးနိုင် တာ”လို့ ရှင်းပြပါတယ်။
ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် ကလည်း “နောက်ဆွေးနွေးပွဲတွေကြရင်တော့ အပစ်အခတ်ရပ်စဲရေးက ဖြစ်မှာပါ၊ လောလော ဆယ် မှာ ဒေသတွင်း ပစ်တာခတ်တာ နှစ်ဘက် တိုက်ပွဲဘယ်လိုလျှော့ဖို့ပဲ ဆွေးနွေးကြတာ တဘက်နဲ့ တဘက် ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတွေ ပေးကြတယ်ပေါ့၊ နဂိုကနဲ့ စာရင် ပစ်တာခတ်တာတွေ လျော့သွားနိုင်မယ့် ဆက်သွယ်နိုင်မယ့် လမ်းကြောင်းတွေ အများကြီးရသွားပါပြီ”လို့ ပြောပါတယ်။
ဒီကနေ့ပွဲကို အသိသက်သေအဖြစ် တက်ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ(NMSP)က ကိုယ်စားလှယ် တဦးကလည်း လက်မှတ် ထိုးမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတာနဲ့ပတ်သက်ပြီး“အဓိကရွှေ့တာကတော့ သူတို့သဘောတူညီမှု တခုလုပ်ပြီဆိုရင် သူတို့ ဗဟို တင်ပြရမယ်လေ၊ ဒါက လုပ်ထုံးလုပ်နည်းအရ ရွှေ့တယ်လို့မြင်ပါတယ်”လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။
TNLA ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ မကြာခဏ တိုက်ပွဲ ဖြစ်နေပြီး ၂၀၁၃ ခုနှစ် အတွင်းမှာပဲ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တာ တိုက်ပွဲပေါင်း ၆၀ ကျော်ရှိပါတယ်။
“တိုက်ပွဲတွေဖြစ်တာက ကျနော်တို့နေတဲ့ စခန်းကို အစိုးရ စစ်တပ်က တက်လာလို့ဖြစ်တဲ့ တိုက်ပွဲတွေပါ”လို့ ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါတယ်။
TNLA ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ သူနဲ့ ထာဝရမဟာမိတ် ဖြစ်တဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)တို့နဲ့အတူ အစိုးရကို ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ KIA ကတော့ အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး SSPP/SSA ကတော့ အစိုးရနဲ့ မဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီးဖြစ်ပါတယ်။
အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ပြန်လည် အခြေချ ထိန်းချုပ်ခဲ့ပါတယ်။
TNLA တပ်မတော်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း သူတို့ လှုပ်ရှားဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ သုံးစွဲမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံ လူထုရဲ့ ထောက်ခံမှုလည်း ရရှိနေပါတယ်။
TNLA အဖွဲ့တွေ မနေ့က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မူဆယ်ကိုလာတဲ့ လမ်းခရီးတလျှောက်မှာရှိတဲ့ မိုင်းဝီး၊ မန်ပူးနဲ့ နမ့်ခမ်းတို့မှာ ထောင်ချီတဲ့ ဒေသခံလူထုက တခဲနက်ကြိုဆိုခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။