Military

ဗြိတိန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပြန်လည်စတင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိတွေကို ဗြိတိန် တပ်မတော်က အခုနှစ်မကုန်မီ လာမယ့် လပိုင်းတွေ အတွင်း သင်တန်းတွေ စတင် ပေးတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး နိုင်ငံရေးရာဌာန ဒု အတွင်းဝန် မစ္စတာ ဂျိုးဇက် ဖစ်ရှာက“ဗြိတိန် ကာကွယ်ရေးက ကမ်းလှမ်း ခဲ့တာက (မြန်မာ့) တပ်မတော်ကို ဒီမိုကရေစီနည်းကျ တာဝန်ယူတတ်ပြီး လူ့အခွင့်အရေး လေးစားတဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့၊ အုပ်ချုပ်မှု တာဝန်နားလည်တဲ့ တပ်မတော်ဖြစ်လာဖို့ အားပေးတဲ့ အနေနဲ့ အဓိက လုပ်ပေးမယ့် သင်တန်းပါ”လို့ ဧရာဝတီ ကို ပြောပါတယ်။

သင်တန်းလို့ဆိုရာမှာ လက်နက်နဲ့ စစ်မြေပြင် တိုက်ခိုက်မှုတွေ မပါဝင်သလို စစ်ရေး လေ့ကျင့်မှုတွေလည်း မပါဝင်တဲ့ စာသင်ခန်းဆိုင်ရာ သင်တန်းသာ ဖြစ်ပြီး သင်တန်းကာလ၊ သင်တန်းစတင်မည့် အချိန်တို့ကို အတည်ပြုရန် ညှိနှိုင်းဆဲဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။

ဗြိတိန်အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခိုင်အမာ ထောက်ခံပြီး ဗြိတိန်ရဲ့ မြောက် အိုင်ယာလန် ငြိမ်းချမ်းရေး အတွေ့အကြုံတွေကို မျှဝေပေးလိုကြောင်း၊ တည်ငြိမ်အေးချမ်းတဲ့ တိုင်းရင်းသား နယ်မြေတွေဖြစ် လာစေဖို့ ရေရှည် ငြိမ်းချမ်း ရေးအတွက် နှစ်ရှည်လများဖြစ်နေတဲ့ ပဋိပက္ခတွေကို ပြေလည်ရေး အဖြေရှာဖို့ လိုလားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေဆီကို ရောက်ဖို့ အားပေးထောက်ခံသွားမှာဖြစ်ကြောင်းလည်း ဂျိုးဇက် ဖစ်ရှာ က ပြောဆိုပါတယ်။

မြန်မာ့တပ်မတော် အရာရှိ ၃၀ ကို ဗြိတိန်စစ်တပ်က အဲဒီ သင်တန်းတွေပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဇူလိုင် လလယ်ပိုင်းက သွားရောက်ခဲ့တဲ့ ဗြိတိန်ခရီးစဉ်မှာ ၂ နိုင်ငံခေါင်းဆောင်တွေ သဘောတူထားတာပါ။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကလည်း ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards) မြန်မာနိုင်ငံ ရောက်ရှိလာပြီး ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သေးသည်။

ဗြိတိန်က မြန်မာ့တပ်မတော်ကို လေ့ကျင့်သင်ကြားမှုတွေ လုပ်ပေးရာမှာ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဦးစားပေး သင်ကြား လေ့ကျင့် ပေးသင့်တယ်လို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးက ဧရာဝတီကို ပြောပါတယ်။

“အမှန်ကတော့ တိုင်းပြည်မှာ တိုက်ခိုက်ရေးတွေ ဘာတွေထက် အခုနေမှာ အရေးကြီးတာက သဘာ၀ ဘေးအန္တရာယ် ရင် ဆိုင် ရတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူ ပြည်သားတွေနဲ့ပတ်သက်လို့၊ ဦးစားပေး လေ့ကျင့် သင်ကြား ပေးစေချင်တယ်”လို့ သူက ဆိုပါတယ်။

တကယ်တော့ ဗြိတိန်တပ်မတော်က မြန်မာ့တပ်မတော်ကို လေ့ကျင့်သင်ကြားပေးမှု အစီအစဉ်ဆိုတာ အခုမှ ရှိတာ မဟုတ် ဘဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိန် အစိုးရ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစက မြန်မာ့ တပ်မတော်ကို နိုင်ငံတကာ အဆင့်မီ ကျောင်းဆင်းအရာရှိငယ် ဖြစ်သည်အထိ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

“လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ၃ နှစ်အထိ ဗမာ့တပ်မတော်ကို ဗြိတိသျှ တပ်မတော်က အလကား သင်ပေးခဲ့တာ။ နောက်ပိုင်းကျတော့ ပိုက်ဆံပေးရတယ်။ သင်တန်းတွေ တက်ရပေမယ့် ဟိုကျတော့ ဓန သဟာယ နိုင်ငံတွေက သင်တန်းချိန် တွေကျရင် ကျနော်တို့ ဗမာ့တပ်မတော်က ကျောင်းသားတွေက တခြားသင်တန်းကို သွားရတယ်။ သူတို့ သင်တန်းကို နားမထောင်ရဘူး”လို့ သူရ ဦးတင်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဓနသဟာယ အဖွဲ့ဝင် အဖြစ်က နုတ်ထွက်ခဲ့လို့ ဗြိတိန် စစ်တက္ကသိုလ်က မြန်မာ့ တပ်မတော်အရာရှိတွေကို ပညာကုန် သင်မပေးခဲ့တာဖြစ်ပြီး အခု ပြန်လည်စတင်မယ့် ဗြိတိန်တပ်မတော်ရဲ့ စစ်ဘက်လေ့ကျင့်သင်ကြားပေးမှုမှာတော့ ပညာကုန် သင်ပေးဖို့ လိုလားကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဗြိတိန်ကာကွယ်ရေးဌာနက အကြီးတန်းအရာရှိ (Attache Group Captain Clive Coombes) လာရောက် ဆွေးနွေးစဉ်ကလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ သူက ဆက်ရှင်းပြ တယ်။

မြန်မာ့တပ်မတော်က အရာရှိတွေအနေနဲ့ ဗြိတိန်ကို စစ်ပညာ သွားရောက်သင်ကြားမှုဟာ နောက်ပိုင်းကာလတွေမှာ နည်းပါးသွားခဲ့ပြီး အမေရိကန်ဘက်ကို သွားရောက် သင်ယူတာမျိုးတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန် စစ်ပညာကျောင်းဆင်းတွေဟာ အခုအချိန်မှာ မြန်မာ့တပ်မတော်မှာ မရှိတော့ကြောင်း၊ ဗြိတိန် စစ်ပညာကျောင်းဆင်း ဦးမောင်မောင်ထွန်း ဆိုသူကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က ပြန်ဆုံခဲ့ပေမယ့် အခု အဆက်အသွယ်မရတော့ကြောင်းလည်း သူက ပြောပြပါသေးတယ်။

ဗြိတိသျှ တပ်မတော်ရဲ့ လေ့ကျင့်သင်ကြားပေးမှု သင်ခန်းစာ အကုန်တက်ရောက်နိုင်သူ တဦးတည်းသာရှိခဲ့ပြီး သူကတော့ ကွယ်လွန်သူ မြန်မာ့ ရေတပ်မတော်က ဦးမောင်မောင်ကြီး ဆိုသူဖြစ်ကြောင်း သိရတယ်။ သူ့ကို ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဦးတင်ဦးက ပြောပါ တယ်။

တပ်မတော် အရာရှိ ၃၀ ကို ဗြိတိန်စစ်တပ်က သင်တန်းပေးမယ့်ကိစ္စဟာ မြန်မာ့ တပ်မတော်ကို စည်းရုံးရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုကြောင့်ဖြစ်ပြီး ၁၉၆၂ နောက်ပိုင်း ဗြိတိန်က တပ်မတော်ကို သင်တန်းပေးခြင်း အများဆုံး ဖြစ်တယ်လို့ လက်ရှိ အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် ယူထားသူ တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း၊ ဗိုလ်မှူး အောင်လင်းထွဋ်က ဧရာဝတီ ကို ပြောပါတယ်။

“ယခင် လန်ဒန် စစ်ဦးစီး တက္ကသိုလ်တွင်သာ တစ်ခါခေါ်လျှင် ၂ ဦးမျှသာတက်ခွင့်ရတယ်လို့ ကြားဖူးပါတယ်၊ ၁၉၈၀ နောက် ပိုင်း ဗြိတိန်က စစ်သင်တန်းခေါ်မှု မကြားရတော့ပါ။ အမေရိကန်နှင့်သာ မြန်မာ့စစ်တပ်ဟာ ထောက်လှမ်းရေး၊ ခြေလျင် တပ် နဲ့ လေတပ်တို့မှာ ၁၉၈၈ မတိုင်မီချိန်အထိ အရာရှိ သင်တန်းသား အများအပြား တက်ရောက်ခဲ့ကြပါတယ်”လို့ သူက ပြော တယ်။

အခုတော့ မြန်မာနိုင်ငံနဲ့ စစ်သံမှူး အပြန်အလှန်ထားရှိရေးကိုလည်း ပြန်လည် စတင်ကြပါမယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း အမေရိကန် က မြန်မာနဲ့ စစ်သံမှူး အဆက်အသွယ် မဖြတ်ခဲ့ပေမယ့် ဗြိတိန် အနေနဲ့ ဥရောပ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး မြန်မာနဲ့ စစ်သံမှူး အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။

“ဗြိတိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး ဗမာစစ်တပ်ကို ပြန်လည် ထိတွေ့လာခဲ့သလို ကရင်၊ ကချင် လက် နက်ကိုင်တွေ ဆိုတာ ယင်း မွေးဖွားပေးခဲ့သောသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်လာမယ့် သဘောရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ် အပြန်အလှန် နာလည်မှုရရေး ကြားဝင်လာတဲ့သဘော ဆောင်ပါတယ်”လို့ ဦးအောင်လင်းထွဋ်က ဆိုပါတယ်။

ဒါဟာ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက်လည်း အထောက်အကူ ဖြစ်လိမ့်မယ်လို့ သူ့ အနေနဲ့ ထင်မြင်ကြောင်း ဆက်ပြောပါတယ်။

ဗြိတိန် နဲ့ မြန်မာ ဆက်ဆံရေးက စစ်သုံး ပစ္စည်းတွေလည်း ပါဝင်လာပါပြီ။ ဥရောပ သမဂ္ဂက စစ်လက်နက် ပစ္စည်း ဆိုင်ရာ တားမြစ် ပိတ်မှုမှု လုပ်ထားပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန် ခရီးစဉ်အပြီး ဗြိတိန်က မြန်မာကို အမေရိကန် ဒေါ်လာ ၅ သန်း တန်ဖိုးရှိ စစ်သုံးပစ္စည်း တင်သွင်းခွင့် လိုင်စင် ၈ ခုကို ချပေးလိုက်ပါတယ်။

အဲဒီ လိုင်စင်ကိစ္စနဲ့ ပတ်သက်လို့ လက်နက် ခဲယမ်း မပါဝင်ကြောင်း မစ္စတာ ဂျိုးဇက်ဖစ်ရှာက ပြောပါတယ်။

ဘယ်လို စစ်လက်နက် ပစ္စည်းတွေ တင်သွင်းခွင့် ရှိတယ်ဆိုတာ မသိရပေမယ့် စစ် ပညာသင်ကြားမှုကိုပဲ တိုက်ရိုက်သင်ယူပြီး လူမှု ကယ်ဆယ်ရေးကို ကနဦး သင်ကြားစေလိုကြောင်း၊ ခေတ်မီ တပ်မတော်ဖြစ်ရေး စစ်ပစ္စည်း ဆိုတာ လိုအပ်မှုရှိတာ လည်း သူသိကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။

“ကျနော်တို့ အခု ရှိတဲ့ လက်နက်တွေက ဂျာမနီကလာတဲ့ လက်နက်တချို့တပိုင်းကျန်တယ်။ အခုနောက်ပိုင်း လာတာ တွေက အေကေ ၄၇ တွေက တရုတ်ဆီကလာတာ၊ ရုရှားကနေ လုပ်တဲ့ စနစ်ကို တဆင့် တရုတ်က ဒီကို ပြန်ရောင်းတာ။ တချို့ဟာတွေက အသစ်ဖြစ်ချင်လည်း ဖြစ်မယ်၊ တချို့ဟာတွေက Zeroing (ပြန်လည်မွမ်းမံပြင်ဆင်) လုပ်ပြီး ပေးတာတွေလည်း ဖြစ်ချင် ဖြစ်မယ်။ Zeroing ပစ္စည်းဆိုတာက မူလ တိုက်ထွက်ပစ္စည်းတော့ မဟုတ်ဘူးပေါ့”လို့ သူ က ပြောတယ်။

အခုလို မြန်မာ့တပ်မတော်ကို ဗြိတိန်က စစ်ပညာ လေ့ကျင့် သင်ကြားပေးမှုတွေရှိလာမှာကို တချို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေအနေနဲ့ ဗြိတိန်ရဲ့ စစ်ပညာနဲ့ တိုင်းရင်းသားတွေအပေါ် အသုံးချသွားမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဦးတင်ဦးကတော့ ဗြိတိန်ကပေးတဲ့ စစ်သင်တန်းဟာ အနာဂတ် မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ကောင်းကျိုး သက်ရောက် မှု ရှိဖို့သာ လိုလားတယ်လို့ ပြောဆိုပါတယ်။

“ပြည်သူ ပြည်သားတွေအပေါ် အစိုးရ ဘယ်လောက် အကောင်းလုပ်သလဲ အဲဒီအပေါ် တည်တယ်။ ဆက်လက်ပြီး တိုင်း ရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုရင်တော့ မဖြစ်သင့်ဘူး”လို့လည်း သူရ ဦးတင်ဦးက ဆက်လက် ပြောဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading