စုံတွဲများ နှစ်ကိုယ်တူ သဘောတူ ချစ်တင်းနှောစဉ် အမှတ်တရ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးထားပြီး နောက်ပိုင်း၌ အကြောင်းအမျိုးမျိုးဖြင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများပေါ်သို့ ရောက်ရှိသွားသောအခါ ဖြစ်စဉ်တွင် ပါဝင်သူ ကာယကံရှင်များ သာမက ၎င်းတို့ အသိုင်းအဝန်း၊ မိဘဆွေမျိုးများပါ လှုမှုရေး၊ စီပွားရေး ဆိုးကျိုးများ ခံစားရကြောင်း တွေ့ကြုံခဲ့သူများက ဧရာဝတီသို့ ပြောသည်။
သမီးရည်စား စုံတွဲများသည် နှစ်ဦးသဘောတူ ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး နောက်ပိုင်း ကွဲကွာသွား၍ ဖြစ်စေ၊
နှစ်ဦးသဘောတူ နေထိုင်ကြစဉ် တစုံတဦးက ခိုးယူ မှတ်တမ်းတင်ထားသည် ဖြစ်စေ ပြုလုပ်ခဲ့ကြပြီး နောက်ပိုင်းမှ အင်တာနက် စာမျက်နှာများပေါ် တင်ပြ လိုက်သောအခါ အမှုအခင်းများ ဖြစ်ပွားရကြောင်း၊ ထို့အတွက် အမျိုးသမီးများ နစ်နာရကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူများက ပြောကြသည်။
“နှစ်ဦးသဘောတူ အတူတူနေခဲ့ပြီးမှ ဖြစ်လာရင် တာဝန်မယူတဲ့၊ အကျင့်စာရိတ္တ မကောင်းတဲ့ ယောကျာ်တွေမှာ တာဝန် ပိုရှိတယ်။ နှစ်ဘက်စလုံးနဲ့ ဆိုင်တယ်။ နှစ်ယောက်စလုံးမှာ ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ ဗီဒီယိုရိုက် တင်တာကတော့ ယောကျာ်လေးတွေက လုပ်တာ၊ မိန်းကလေးတွေက မသိဘဲ ခံလိုက်ရတာ များပါတယ်။ သူတို့ အခွင့်အရေး ယူလိုက်တာ
အမျိုးသမီးတွေမှာ အများကြီး နစ်နာနေရပါတယ်” ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်ဆူဆန်နာ လှလှစိုးက ဆိုသည်။
တပါးသူ၏ အခွင့်အရေးကို ချိုးဖောက်၍ နာမည်ပျက်စေရန် ရည်ရွယ်ကာ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို အွန်လိုင်းပေါ် ပျံ့နှံ့စေခြင်းသည် ဆိုက်ဘာ ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေကို ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ် စသည်ဖြင့် အနုပညာရှင် များသည် ၎င်းတို့ အတွဲများဖြင့် နေထိုင်ကာ ဗီဒီယိုရိုက်ကူး အင်တာနက်ပေါ် တင်ခြင်းဖြင့် လူသိပိုများလာကာ ပို၍ပင် နာမည်ကြီးလာလေ့ရှိကြောင်း၊ အရှက်ရပြီး အနုပညာလောကမှ ထွက်ခွာသွားသူမှာ မဆိုစလောက်သာ ရှိကြသည်။
ယခင်က အနုပညာရှင်များသာ ဗီဒီယိုဖိုင်များ အင်တာနက်ပေါ် တင်ကြသော်လည်း ယခုနောက်ပိုင်းတွင် သာမန်စုံတွဲများမှ အမျိုးသားများက ၎င်းတို့၏ ချစ်သူ မိန်းကလေးများနှင့် အဆင်မပြေချိန်၊ ကွဲကွာသွားချိန်များတွင် ချစ်ခင်စဉ်က သဘောတူစွာ ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်များကို အင်တာနက်ပေါ်တွင် ဖြန့်ခြင်း၊ စုံတွဲများ အတူနေထိုင်စဉ် ခိုးယူ ရိုက်ကူး၍ အင်တာနက်ပေါ် ဖြန့်ခြင်းတို့ကြောင့် နှစ်ဦးနှစ်ဘက် အသိုင်းအဝိုင်း ဂုဏ်သိက္ခာ ထိခိုက်ကာ အရှက်ရကြရသည်။
“ဒီကိစ္စတွေက အခုမှ ဖြစ်တာမဟုတ်ဘူး။ ကျမ ဆရာမ ဘဝတုန်းက တချို့ ပါမောက္ခချုပ်တွေက အတွဲတွေကို အဲဒီလို တွေ့ရင် ပေးစားလိုက်တယ်။ တချို့ကျတော့ မိန်းကလေးကို သီလရှင် အတင်းဝတ်ခိုင်းတယ်။ တခါတလေ မိဘတွေဆီကို ဆံပင်ကတုံးတုံးပြီး ပြန်လွှတ်လိုက်တာမျိုးတွေ ရှိတယ်။ အဲဒါမျိုးက လူ့ဂုဏ်သိက္ခာကို မလေးစားရာ ရောက်ပြီး အင်မတန်ကို စော်ကားရာ ကျတယ်။ ဒီလိုအပြုအမူမျိုးကိုတော့ မလုပ်စေချင်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဆိုသည်။
ယခု လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် နည်းပညာ တက္ကသိုလ် (သန်လျင် GTC) တွင် ကျောင်း စာသင်ခန်းထဲ၌ စုံတွဲတတွဲ မဖွယ်မရာ ပြုလုပ်နေပုံကို ကျောင်းသားတချို့က ဗီဒီယိုရိုက်ကူး၍ အွန်လိုင်းပေါ်သို့ တင်ခဲ့ရာမှ အများပြည်သူ အာရုံစိုက်ခဲ့ပြီး နောက်ပိုင်း အဆိုပါကိစ္စကို ပြည်တွင်းသတင်းစာနှင့် ဂျာနယ်တချို့ကပါ ဖော်ပြလာခဲ့သည်။ ထိုသို့ ဖော်ပြရာတွင် သတင်းစာ၊ ဂျာနယ်တချို့၏ ဖော်ပြချက်မှာ သက်ဆိုင်သူများကို ထိခိုက်ကြောင်း၊ ကျင့်ဝတ်နှင့် မညီကြောင်း စသည့် ဝေဖန်ချက်တချို့ ထွက်ပေါ်လာသည့် အပြင် အဆိုပါ နည်းပညာတက္ကသိုလ်မှ ကျောင်းသားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
မကွေးမြို့တွင်လည်း သမီးရည်းစားနှစ်ဦး သားမယားအဖြစ် အတူနေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်ကို အင်တာနက် တွင် တင်ခဲ့သည်ဟု ယူဆရသူအား အမှုဖွင့်ပေးရန် ကာယကံရှင် မိန်းကလေးက တောင်းဆို လာသောကြောင့် ယင်းအမှုကို
လက်ခံထားကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောဆိုခဲ့သော်လည်း ယင်းဖြစ်စဉ်ကို အသေးစိတ် ရှင်းပြရန် ကိုမူ ငြင်းဆိုခဲ့သည်။
ယင်းဖြစ်စဉ်နှစ်ခုမှာ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူသိများသည့် ဖြစ်စဉ်များဖြစ်ပြီး ထိုကဲ့သို့ ဖြစ်စဉ်များစွာ လူမှု ကွန်ရက် အင်တာနက် စာမျက်နှာများတွင် ပျံနှံ့လျှက် ရှိသည်။
မကြာသေးမီ လပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တခုတွင် အလားတူ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးသည်။
ယင်းဖြစ်စဉ်မှာ သမီးရည်းစားနှစ်ဦး သဘောတူ ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်များကို နှစ်ဦးပြတ်စဲချိန်တွင် အင်တာနက်ဆိုင် တဆိုင်သို့သွား၍ နှစ်ဦးသဘောတူ ဖျက်ခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသားဖြစ်သူက Recover ဖိုင်ကို ပြန်လည်ရယူ၍ အွန်လိုင်းသာ မကဘဲ၊ ဗီဒီယိုအခွေများ အဖြစ် မြို့နယ်တွင်း ဖြန့်ခဲ့ကြောင်း၊ ထို့ကြောင့် မိန်းကလေးဖြစ်သူမှာ များစွာ နစ်နာခဲ့ရပြီး အမှုဖွင့် တရားစွဲဆိုလျှင်လည်း ဂုဏ်သိက္ခာ ပိုမိုကျဆင်းမည် စိုးသောကြောင့် အမှုမဖွင့်တော့ဘဲ မြို့နယ် ရဲအရာရှိရှေ့၊ မိဘများရှေ့တွင် အမျိုးသားဖြစ်သူဘက်က နစ်နာကြေးပေး၍ နောက်နောင် ထိုသို့ ထပ်မံမလုပ်ရန် ခံဝန်လက်မှတ် ရေးထိုး စေခြင်းဖြင့် ပြီးစီး သွားခဲ့ရကြောင်း သိရသည်။
ဗီဒီယိုရိုက်ကူးပြီး အများသိစေရန် ဖြန့်ဝေမှုသည် ရိုက်ကူးခံရသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် ကျူးလွန်သူကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးဖြစ်ပါက တဘဝလုံး အရှက်ရ နစ်နာ စေသော ကြောင့် အရေးယူပေးရန် အာဏာပိုင်အဖွဲ့အစည်းများကို တိုက်တွန်းလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
သန်လျင် GTC ဗီဒီယိုဖိုင် ပျံ့နှံ့သွားသောကြောင့် ဗီဒီယိုရိုက်ကူးခံခဲ့ရသူ ကျောင်းသားနှင့် ကျောင်းသူတို့ကို မိဘများနှင့်အတူ
ကျောင်းအုပ်ကြီး ရုံးခန်းတွင် ခေါ်ယူသတိပေး ခဲ့ကြောင်း၊ ယင်းဗီဒီယိုဖိုင်ကြောင့် ကျောင်းဂုဏ်သိက္ခာ ကျဆင်းရသကဲ့သို့
ကျောင်းသူများမှာလည်း အရှက်ရဖွယ် အပြုအမူများနှင့် စနောက်ခံခဲ့ရကြောင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ မသန္တာက ပြောသည်။
“အခုက ကျမတို့ ယူနီဖောင်းကို မြင်ရင်တောင်မှပဲ ဒါက GTC က ဟာတွေပါကွာ ဆိုပြီး သူငယ်ချင်း ထဲမှာတောင်မှပဲ စချင်နောက်ချင်တဲ့ သူတွေ ရှိလာတယ်။ ရပ်ကွက်တွေထဲ သွားရင်လည်း အပြင်လူတွေက စချင်တယ်” ဟု သူ၏ အတွေ့အကြုံကို ဧရာဝတီသို့ ပြောသည်။
မကွေးဖြစ်စဉ်မှာ ရဲဇာနည် အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်အရ မေလ ၂၃ ရက်နှင့် ဇွန်လ ၇ ရက်နေ့ များက သားမယား အဖြစ် နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေကို ဇွန်လ ၇ ရက်နေ့က မိန်းကလေး ဖြစ်သူထံ
ပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် ကာယကံရှင် မိန်းကလေးမှာ ရှက်၍ မန္တလေးသို့ ထွက်သွားခဲ့ကြောင်း၊ မန္တလေးတွင် နှစ်ပတ်ခန့် နေခဲ့ပြီး မကွေးသို့ ရောက်ရှိကာ အလုပ်ပြန်ဝင်ခဲ့စဉ် အဆိုပါ ဗီဒီယိုဖိုင်သည် အင်တာနက် ဝက်ဘ်ဆိုက် တခုတွင် တင်ထားသည်ဟု သိရှိရ၍ မိန်းကလေးက မကွေးမြို့ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သန်လျင် GTC ကျောင်းသား စုံတွဲတတွဲ၏ အနေအထိုင် မဆင်ခြင်မှုကြောင့် ကျောင်းသား အားလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းရမ်းခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ ဗီဒီယို ရိုက်ကူးသူနှင့် အွန်လိုင်းပေါ် တင်ခဲ့သူတို့ကိုလည်း ရှုတ်ချကြောင်း၊ ဘယ်သူမပြု မိမိမှုသာ ဖြစ်သောကြောင့် မိန်းကလေး ကျောင်းသူများအနေဖြင့် အနေအထိုင် ဆင်ခြင်စေလိုကြောင်း နည်းပညာ တက္ကသိုလ် ကျောင်းသား အသိုင်းအဝန်းက ဧရာဝတီသို့ ပြောသည်။
“ဒီကိစ္စကြောင့် ပညာပေး အစီအစဉ်နဲ့ စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်တွေ လုပ်သွားမယ်။ စည်းကမ်းထိန်းသိမ်းရေး လုပ်ဖို့အတွက် အတန်းပြီးတာနဲ့ အခန်းကို သော့ခတ်တယ်၊ စစ်ဆေးရေး လုပ်တယ်။ လုံခြုံရေး အပိုင်းမှာလည်း တိုးထားတယ်။ အချင်းချင်း ပြန်ထိန်းတာတွေ လုပ်နေတယ်” ဟု သန်လျင် GTC ကျောင်းသား ကိုကျော်ဇင်ထက်က ရှင်းပြသည်။
ပညာပေးသည့် အနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သော ယူနက်စကိုက သန်လျင်နည်းပညာ တက္ကသိုလ် တခုတည်းကို ရွေးချယ်၍ လူငယ်မြှင့်တင်ရေး ပုံစံ ၄ ရက် သင်တန်းပေးရန် ကမ်းလှမ်းလာသည်ဟုလည်း သူက ပြောသည်။
“ကျနော်တို့ တကျောင်းတည်းကို သင်တန်းလာပေးဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ Central Hotel မှာ စက်တင်ဘာလထဲမှာ ဖြစ်နိုင်တယ်။ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ သပ်သပ်စီ ခွဲပေးမှာ” ဟု ကိုကျော်ဇင်ထက်က ဆိုသည်။
သန်လျင် GTC သတင်းနှင့် ပတ်သက်၍ ကျောင်းသားစုံတွဲ နှစ်ဦး၏ ဗီဒီယိုဖိုင်ကို ကျောင်းအုပ်ကြီးက ကျောင်းသား မိဘများအား ပရိုဂျက်တာဖြင့် ပြသခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းအုပ်ဆရာကြီးကို နုတ်ထွက်စာ တင်ခိုင်းထားသည်ဟူ၍ အပတ်စဉ်ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်က ရေးသားဖော်ပြခဲ့သော်လည်း ယင်းကဲ့သို့ ပရိုဂျက်တာဖြင့် ပြသခြင်းမရှိဟု နည်းပညာ တက္ကသိုလ်ကျောင်းသားများက ငြင်းဆိုသည်။
ဗီဒီယိုဖိုင်ကို ကျောင်းအုပ်ဆရာမကြီးက ကျောင်းတွင် ပြသခဲ့ခြင်းလုံး၀ မရှိကြောင်း၊ ကာယကံရှင် ကျောင်းသား ကျောင်းသူ နှစ်ဦးမှာလည်း ကျောင်းအုပ်ကြီးက မိဘများကို ခေါ်ယူ သတိပေးခဲ့ပြီးနောက်ရက်တွင် သူတို့သဘော ဆန္ဒအလျောက် ကျောင်းထွက်သွား ခဲ့ကြောင်း ကျောင်းသားအသိုင်းအဝန်းမှ သိရသည်။
မြန်မာသံတော်ဆင့် ဂျာနယ်အနေဖြင့် GTC ကျောင်းကိစ္စ သတင်းဖော်ပြမှုတွင် ကာယကံရှင် ဖြစ်သူများကို ထိခိုက်စေလိုသော ဆန္ဒမရှိဘဲ ကျောင်းသားထုဘက်မှ ရပ်တည်၍ ကျောင်းအုပ်ချုပ်ရေး ညံ့ဖျင်းမှု၊ အစိုးရ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုများကို ထောက်ပြခြင်းသာ ဖြစ်ကြောင်း ယင်းဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးပြည့်စုံထွန်းက ဧရာဝတီသို့ ပြောသည်။
“ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ သက်သေ အထောက်အထား အခိုင်အလုံ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူကလည်း တကယ်ပြောတာပါ” ဟု သူက ဆိုသည်။
ယခုနောက်ပိုင်းတွင် လူငယ်များမှာ လွတ်လပ်စွာ နေထိုင်လာကြပြီး Living Together နေထိုင်မှု ပုံစံ များပြားလာကြောင်း၊ သို့သော် မိမိတို့မှာ မြန်မာအမျိုးသမီး ဖြစ်သည်ကို မမေ့သင့်ကြောင်း၊ စာသင်ကျောင်းများ တွင်လည်း ယဉ်ကျေးမှု ထိန်းသိမ်း ရေးကို ဘာသာရပ်တခု အနေဖြင့် ထည့်သွင်း သင်ကြားခြင်းဖြင့် လူငယ်များ လျှပ်ပေါ်လော်လီသောစိတ် နည်းသွားကာ
မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာ ရောက်နိုင်ကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါက်တာခင်ဥမ္မာက အကြံ ပြုသည်။
“ကိုယ့်မှာ ရှိရမယ့် ဟီရိသြတ္တပတရားနဲ့ ယဉ်ကျေးမှုကိုတော့ လက်မလွှတ်စေချင်ဘူး။ ကိုယ်က မြန်မာ အမျိုးသမီး တယောက် ဆိုတာကို မမေ့စေချင်ဘူး။ ငါမလုပ်သင့်ဘူးဆိုတာ သိမယ်ဆိုရင် မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့” ဟု သူကဆိုသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ တာဝန်များစွာ ရှိကြောင်း၊ လူမှုရေးတာဝန်၊ ယဉ်ကျေးမှုဆိုင်ရာ တာဝန်၊ အိမ်တွင်းမှုဆိုင်ရာ တာဝန်များ ရှိနေသောကြောင့် ခေတ်ပြောင်း လာသော်လည်း လူ့အဖွဲ့အစည်းက ပေးအပ်ထားသော
တာဝန်များ ရှိနေဆဲသာ ဖြစ်ကြောင်း၊ ထို့ကြောင့် မိန်းကလေးများ အနေဖြင့် အနေအထိုင် အသွားအလာ ဆင်ခြင်ကြ စေလိုကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုသည်။