သမ္မတ ဦးသိန်းစိန်က ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား တဦးတယောက်မျှ မကျန်ရှိစေရန် ဆောင်ရွက်သွားမည် ဟု ထပ်မံကတိပေး ပြောကြားလိုက်သည်။
ယနေ့ နံနက်က ပြောကြားသည့် ဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်းတွင်“ကျနော့် အနေနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက် မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်”ဟု ပါရှိသည်။
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည်ဟု ရေဒီယိုမှ တဆင့် ပြောကြားခြင်းသည် ပထမဆံုံးအကြိမ် ဖြစ်ပြီး ဇူလိုင် လလယ်ပိုင်းက သွားရောက်သည့် ဗြိတိန် ခရီးစဉ် အတွင်းကလည်း ထိုကဲ့သို့ ပြောကြားပြီးနောက် နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လည်လွှတ်ပေးမှု ပြုလုပ်ခဲ့သည်။
သမ္မတက နိုင်ငံရေးအကျဉ်းသား အားလုံး နှစ်မကုန်ခင် လွှတ်ပေးမည်ဆိုသည့် ကတိစကားကို ကြိုဆိုကြောင်း၊ သို့သော် အမှန်တကယ်ဖြစ်နိုင်ခြေ ရှိ မရှိ အတွက် သံသယဖြစ်မိကြောင်း ရန်ကုန်တွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ယနေ့ ရေဒီယို မိန့်ခွန်းဖြင့် ထပ်မံ ကတိပေးလိုက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းပါးသွားနိုင်သော်လည်း နိုင်ငံရေးအကျဉ်းသားလုံး၀ မရှိလုပ်ဆောင်မည်ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိကြောင်း သူကပြော ဆိုသည်။
“တက်ကြွလှုပ်ရှားနေတဲ့သူတွေ၊ အခွင့်အရေးဆိုင်ရာ တိုက်ပွဲဝင်နေကြတဲ့သူတွေ၊ လယ်သမားတွေ၊ အလုပ်သမား တွေကို ဆက်ပြီး ဖမ်းနေတာတွေ ရှိတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား ကုန်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ ကျနော် တို့ သံသယရှိတယ်”ဟုလည်း ဦးဘိုကြည်က ဆိုသည်။
ဦးဘိုကြည်သည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် မကြာသေးခင်က ဖွဲ့စည်းခဲ့သော နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။
ဦးသိန်းစိန်က မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွှတ်ရေးကိုရှေးရှုပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကတဆင့် နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေး ခဲ့သည်ဟုလည်း ယနေ့ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။
သို့သော် ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နေပြည် တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီး သူ နိုင်ငံရေး အကျဉ်းသားများ ထောင်ကြွေးကျန် ကျခံရနိုင်မှု ရှိ မရှိ ကိစ္စ ရှင်းလင်းစေရန် အတွက် မေးမြန်းရာတွင် ပြည် ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပုဒ်မ ၄၀၁ အပိုဒ် ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ရသည့် မည်သည့်အကျဉ်းသား မဆို သတ်မှတ်ချက်တခုခုကို ဖောက်ဖျက်ပါက ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်ကို ကျခံရမှာ ဖြစ်ကြောင်းဖြေကြားသွားသည်။
“ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)တွင် ပြစ်မှုတစုံတရာ အတွက် တဦးတယောက်အား ပြစ်ဒဏ်ချမှတ် ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူ သဘောတူသည့် စည်းကမ်းချက် တခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်ထားသည့် ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထား နိုင်သည်(သို့်) ၎င်းကို စီ ရင် သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်း တစုံတရာကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည် ဆိုပြီး ပြဋ္ဌာန်းထားသည့် အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်းမှာ ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ထားခြင်း မရှိဘဲ ချမှတ်ခံရသည့် ပြစ်ဒဏ် မစေ့မီ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်း ချမ်းသာခွင့်ရရှိသော အကျဉ်းသားက သတ်မှတ်ချက်တွင်ပါသော အချက် တချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ယင်းကျခံ ရန် ကျန်ရှိသည့့် ပြစ်ဒဏ်ကို ဆက်လက် ကျခံရမှာ ဖြစ်ကြောင်း”ဟု ပြည်ထဲရေး ဒု ဝန်ကြီးက ဖြေကြားချက်ကို ပြည်သူ့ လွှတ် တော် အင်တာနက်စာမျက်နှာတွင် ဖော်ပြ ထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းသက်သာခွင့် ၂၂ ကြိမ် ပေးခဲ့ပြီး စုစုပေါင်း အကျဉ်း သား ၂၇၀၁ ဦး လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မည်သည့်အကျဉ်းသားမဆို ပုဒ်မ ၄၀၁ အရ အကျုံးဝင်ကြောင်းလည်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေကြားခဲ့သည်။
ထိုကဲ့သို့ ပြည်သူ့လွှတ်တော်တွင် ပြည်ထဲရေး ဒု ဝန်ကြီး၏ဖြေကြားမှုအရ သမ္မတ ဦးသိန်းစိန်သည် မိမိအစိုးရအဖွဲ့၏ ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့မြင်ရကြောင်း ဦးဘိုကြည်က ဝေဖန်သည်။
“သမ္မတကတော့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေး လက်နက်သဖွယ် အသုံးမချပါဘူးလို့ အလွတ်သဘောပြောသွားတာနဲ့ မိန့်ခွန်း တွေမှာ ပြောသွားတာတွေ ရှိတယ်။ ဒါပေမယ့် တကယ့် လုပ်ထုံးလုပ်နည်း ဖြစ်လာအောင် အောက်ခြေအဆင့်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မတွေ့ရဘူး၊ ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အရမ်းအားနည်းနေတာကို တွေ့ရတယ်”ဟု သူက ဆိုသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများ အတွက် အမြဲ စိုးရိမ်နေရကြောင်း၊ ယခု အထိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ လွတ်လပ်ခွင့်များ ဆုံးရှုံးနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
“လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အနေနဲ့က အမြဲစိုးရိမ်နေရပြီး ဘယ်နေ့များ ပြန်ပြီး အဖမ်းခံရမလဲ ဆို တာမျိုး ခံစားနေရတာတွေ ရှိပါတယ်၊ အဲဒါက သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ပြန်ပြီးတော့ ချုပ်နှောင်လိုက်တာဖြစ်ပါတယ်” ဟု ဦးဘိုကြည်က ပြောဆိုသည်။
သူက ဆက်လက်ပြီး“တကယ်တမ်း ကျနော်တို့ တောင်းဆိုနေတာက ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်တဲ့အခါ လွှတ်ဝရမ်းမှာ အောက်ကနေ ချွင်းချက်မရှိ လွှတ်သည်လို့ မှတ်ချက်ရေးပြီး လွှတ်ပေးတယ် ဆိုရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”ဟုလည်း ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများကလည်း ပုဒ်မ ၄၀၁ ဖြင့် လွတ်ငြိမ်း ချမ်း သာခွင့် ရသူများအနေဖြင့် ထောင်ကြွေးကျန် ပြန်လည်ကျခံရမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒု ဝန်ကြီးက လွှတ်တော်တွင် ဖြေကြားမှုကြောင့် ယခုအထိ သဲကွဲရှင်းလင်းမှု မရှိသေးသည့်အပေါ် စိုးရိမ်ထိတ်လန့်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း ဧရာဝတီကို ပြောဆိုသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် လက်ကျန် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေသေးပြီး ရရှိ ကောက်ခံ ထားသော စာရင်းများအရ ထောင်ကျ နိုင်ငံရေး အကျဉ်းသား ၁၂၀ ရှိကြောင်း၊ အမှုရင်ဆိုင်နေရဆဲ ၁၀၀ ခန့်ရှိနေသေး ကြောင်း သိရသည်။