မသန်စွမ်း အဖွဲ့အစည်းများ အတွက် နိုင်ငံတော်၏ ဘတ်ဂျက်ခွဲတမ်းမှ လစဉ်ရန်ပုံငွေ တရပ်ကို လာမည့်နှစ်တွင် ထည့်သွင်း ရေးဆွဲ ပေးသွားမည်ဟု ရန်ကုန်အခြေစိုက် မသန်စွမ်းသူများအဖွဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များက ကတိပေးလိုက် ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အစီအစဉ်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက ဧရာဝတီသို့ပြောသည်။
ထို့အပြင် မသန်စွမ်းသူများဆိုင်ရာ ဥပဒေပြုနိုင်ရေး မကြန့်ကြာစေရန် အတွက်လည်း အဆိုတင်သွင်း သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ကတိပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် မသန်စွမ်းသူများအဖွဲ့ ၉ ဖွဲ့သည် မနေ့က အမျိုးသား လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ရာ လွှတ်တော်ရေးရာ ကော်မတီတချို့မှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသား ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးတို့နှင့် ဆွေးနွေးခဲ့ရာ ယင်းသို့ ကတိပြုခဲ့ခြင်း ဖြစ်သည်။
ဦးနေလင်းစိုးက “မသန်စွမ်း ဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြထားတာ ၁ နှစ်ကျော်ကြာပါပြီ။ ပထမ မူကြမ်းတုန်းက ချပြတော့ ကျနော်တို့ တင်ထားတဲ့ အချက်တွေ အများကြီး ပြုတ်ကျန်ခဲ့တယ်။ အဲဒီတုန်းက ထပ်ပြီး အကြံပြုလိုက်တာတွေ ရှိတယ်။ သူတို့က ထည့်ပေးပါမယ်လို့ နှုတ်ကတိ ပေးခဲ့ပေမယ့် ကျနော်တို့ တင်ပြလိုက်တဲ့ အချက်တွေကို လူမှုဝန်ထမ်းက ဘယ်လောက်အထိ သုံးလဲ၊ မသုံးလဲဆိုတာ ဒီနေ့အထိ ကျနော်တို့ မသိရသေးဘူး” ဟု ပြောသည်။
မသန်စွမ်းသူ ကိုယ်စားလှယ် ၁၁ ဦး ပါဝင်ဆွေးနွေးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဋ္ဌာနသို့ တင်ပြခဲ့သည့် ယင်း ဥပဒေမူကြမ်းတွင် အခန်း ၁၆ ခန်းပါဝင်ကြောင်း၊ အရှေ့တောင်အာရှရှိ အိမ်နီးချင်း နိုင်ငံများမှ ဥပဒေတချို့နှင့် မြန်မာနိုင်ငံအစိုးရက သဘောတူ လက်မှတ် ရေးထိုးထားသည့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်ထဲမှ တချို့အချက်များနှင့် ပြည်တွင်း မသန်စွမ်းသူများ၏ လိုလားချက်များကို စုပေါင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးနေလင်းစိုးက ဆက်လက် ရှင်းပြသည်။
“မသန်စွမ်းသူတွေ ပါစေချင်တဲ့အချက်ကို ဝန်ကြီးဋ္ဌာနက ထည့်မပေးမှာကို ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့ကို ဘယ်တော့ ချပြမလဲ ဆိုတာ စောင့်နေပါတယ်။ တကယ်လို့ အချိန်ကြန့်ကြာ နေဦးမယ်၊ ကျနော်တို့လိုချင်တဲ့ အချက်တွေကို ဖြုတ်ထား ခဲ့မယ်ဆိုရင် ကိုယ်စားလှယ်တွေကနေ တဆင့် လွှတ်တော်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်ဖို့စီစဉ်သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
မသန်စွမ်းသူများက အလုပ်ခွင်များတွင် ရာခိုင်နှုန်းအလိုက် အလုပ်ခန့်ထား ပေးရေးနှင့် ထောက်ပံ့ကြေး ပေးရေးတို့ကို တောင်း ဆိုထားရာ ယင်းအချက်များသည် လတ်တလောတွင် အကောင်အထည် ဖော်ရန် မဖြစ်နိုင်သေးကြောင်း လူမှုဝန်ထမ်းဦးစီးဋ္ဌာန ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
“သူတို့က အလုပ်ခန့်ထားရေးမှာ မသန်စွမ်းသူတွေကို ရာခိုင်နှုန်းတခု သတ်မှတ်ထည့်ပေးဖို့ တောင်းဆိုတယ်။ နိုင်ငံတကာမှာ က အရှိန်ရလို့ လုပ်နေပြီ။ ဒါပေမယ့် ဒီမှာက အလုပ်ရှင်တွေနဲ့ ဆွေးနွေးရဦးမယ်။ မသန်စွမ်းသူတွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ပေးရဦးမယ်။ ထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့မှာ နှစ် ၂၀ စီမံကိန်း ချထားတာတွေ ရှိပါတယ်။ လုပ်သွားဖို့ရှိပါတယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ဧရာဝတီသို့ပြောသည်။
မသန်စွမ်းသူများဆိုင်ရာ ဥပဒေကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားဆဲဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသည်။
မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အဓိကအခက်အခဲများမှာ သာမန်လူများနှင့် တန်းတူပညာ သင်ကြားခွင့်၊ အလုပ်အကိုင်ရရှိ ခွင့်နှင့် အခွန်သက်သာခွင့်တို့ ဖြစ်ပြီး လတ်တလော အခက်အခဲများမှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ညွှန်ကြားထားသည့် အသင်းအဖွဲ့ မှတ်ပုံတင်ကိစ္စ ဖြစ်ကြောင်း ဦးနေလင်းစိုးက ပြောသည်။
“မသန်စွမ်းသူတွေ အတွက် အလုပ်လုပ်ပေးနေတဲ့ စေတနာ့ဝန်ထမ်း အောက်ခြေအဖွဲ့လေးတွေမှာ မှတ်ပုံတင်ကြေး ကိစ္စတွေ၊ ဖွဲ့စည်းပုံ အင်အား တင်ပြရမယ့် ကိစ္စတွေ၊ ၅ နှစ်ပြည့်ပြီးရင် သက်တမ်း တိုးရမယ့်ကိစ္စတွေမှာ အခက်အခဲရှိပါတယ်” ဟု သူက ဆိုသည်။
ယင်း အချက်နှင့် ပတ်သက်၍ ဦးအောင်ထွန်းခိုင်က “အဲဒါလည်း ဥပဒေထဲမှာ ဆွေးနွေးဆဲ ဖြစ်ပါတယ်။ လူမှုဝန်ထမ်းမှာ အသိ အမှတ်ပြုပြီးရင် ဘယ်မှာမှ မှတ်ပုံတင်စရာ မလိုတော့ပါဘူး။ ဒါတွေကို ဖြေရှင်းဖို့လုပ်မှာ” ဟု ပြောသည်။