လူသေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သော ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများဖြစ်ပွား မှုကြောင့် ညမထွက်ရ အမိန့် ထုတ် ပြန်ခဲ့ရ သော ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်ပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသော လားရှိုး ဗလီကို ပြန်လည် ပြင်ဆင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၂၈ ရက်နေ့က လားရှိုးမြို့ခံ ဗုဒ္ဓဘာသာဝင် မအေးအေးဝင်း ကို အစ္စလမ်ဘာသာဝင် ဦးနေဝင်း က ဓာတ်ဆီလောင်း မီးရှို့ခဲ့ သည့် ဖြစ်စဉ် ကြောင့် လားရှိုးမြို့တွင် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ်ဘာသာဝင်များအကြား အကြမ်းဖက်မှု ပဋိပက္ခ များဖြစ်ပွားခဲ့ပြီး လူ တဦး သေဆုံးပြီး ၄ ဒဏ်ရာရရှိခဲ့ကြောင်း၊ ပဋိပက္ခကြောင့် လားရှိုးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင် ပုဒ်မ ၁၄၄ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသော လားရှိုး ဗလီကြီးကို အစိုးရက ပြန်လည်ပြင်ဆင်ခွင့်ပြုပြီး ဗလီပြင်ဆင်ရေးတွင် အစိုးရ၏ ကူညီထောက်ပံ့မှုအချို့ ရရှိကြောင်း အစ္စလမ်ဘာသာဝင် လားရှိုးဒေသခံများထံမှ သိရှိရသည်။
“အစ္စလမ် ဘာသာဝင် အသင်းက နေပြီးတော့ ဗလီ ပြင်ရတာပါ။ အစိုးရ အနေနဲ့တော့ အနည်းငယ် ထောက်ပံ့ တာပေါ့။ ပဋိပက္ခဖြစ်ခဲ့တာက တခြား မြို့ကနေလာပြီး အခြေချ နေထိုင်တဲ့သူ တွေ များလာပြီး အဲဒီလူ တွေ ကြောင့် ဖြစ်ခဲ့တာ။ နောက်ဆိုရင် လားရှိုးမှာ တခြားကပြောင်းလာရင် သေချာစစ်ဆေးပြီး လုပ်ဆောင် သွားမယ်” ဟု လားရှိုးဒေသခံ ဦးမင်းသူက ပြောသည်။
လားရှိုး ဗလီကို ပြင်ဆင် နေချိန် ဗလီတွင် အစ္စလမ် ဘာသာဝင်များ စုပေါင်း ဝတ်ပြုခွင့်ကို အစိုးရက
ပြန်လည် ခွင့်ပြုပေးထားပြီး လတ်တလော အစ္စလမ် ဘာသာဝင် များ၏ ဥပုသ် ရာသီ ကာလဖြစ်သည့် အတွက် လားရှိုးဒေသခံ အစ္စလမ် ဘာသာဝင်များ ဝမ်းမြောက် ဝမ်းသာဖြစ်ကြရသည်ဟု ဒေသခံများက ဆိုကြသည်။
လားရှိုးမြို့တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးနောက် စီးပွားရေး လုပ်ငန်းများနှင့် ဈေးဆိုင်များ ပုံမှန် အတိုင်း ပြန်လည် စည်ကားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
လားရှိုးမြို့ခံ ကိုခွန်ဇော်ဦးက “ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်တော့ ကျနော်တို့အတွက် အရမ်းကို လွတ်လွတ် လပ်လပ်သွားလာလို့ရသွားပြီ။ ညဈေး ရောင်းတဲ့သူတွေအတွက် လည်း ကောင်းသွားတာပေါ့။”ဟု ဧရာဝတီသို့ပြောသည်။
လားရှိုးမြို့အဓိကရုဏ်း စတင်ဖြစ်ပွားစေခဲ့သော မီးရှို့မှုကျူးလွန်သူ ဦးနေဝင်းကို အဓိကရုဏ်း
လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်ပြီး အကြမ်းဖက်မှု ကျူးလွန်ပါဝင်ခဲ့သူ ၄၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
လားရှိုးအဓိကရုဏ်းကြောင့် ဗလီ ၁ လုံး၊ ဘာသာရေးကျောင်း ၃ ကျောင်း အပါအဝင်၊ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများဖျက်ဆီးခံခဲ့ရပြီး ကျပ် သိန်း ၆၈၄ သိန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု ရှမ်းပြည်နယ်၊ ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။