ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ်တွင် တည်ဆောက်မည့် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းအတွက် လယ် ဧက ၆၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းတည်ဆောက်မည့် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီထံမှ သိရသည်။
စီမံကိန်းအား ပုသိမ်မြို့တောင်ဘက် ၅ မိုင်အကွာတွင်တည်ဆောက်ရန် လျာထားပြီး စီမံကိန်းဧရိယာအတွင်း ပုသိမ်မြို့မှ ရပ်ကွက် ၈၊ ရပ်ကွက် ၁၂ နှင့် ကန်ကြီးထောင့်မြို့မှ ရှမ်းရွာ၊ ရှမ်းငူနှင့် ချောင်းဇောက်ကျေးရွာရှိလယ်ယာမြေများ ပါဝင်သည်။
“အိမ်ထောင် မိသားစုတွေကို ထိခိုက်ပျက်စီးမှုမျိုးမရှိအောင် စီမံကိန်းကို ဂရုတစိုက် ရေးဆွဲနေပါတယ်။ သာသနိက အဆောက် အအုံ တွေ၊ လူမှုရေး အဆောက်အအုံတွေကိုလည်း ထိခိုက်မှုမရှိအောင် ရှောင်ကွင်းရေးဆွဲနေပါတယ်”ဟု စီမံကိန်းမန်နေဂျာ
ဦးဝင်းကိုကိုကျော် က ပြောသည်။
စီမံကိန်းတွင် ပေ ၆၀၀ ခန့်ရှည်သည့် ဆိပ်ကမ်း၊ စက်ရုံပေါင်း ၄၀ ကျော်ပါဝင်မည့် စက်မှုဇုန်နှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ၂ နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
“စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်ရွယ်ချက်နဲ့ ဒီစီမံကိန်းကို လုပ် ဆောင်ခြင်း ဖြစ်ပါတယ်။ ဒေသထွက် ကုန်ပစ္စည်းတွေကို ပုသိမ်ကနေ နိုင်ငံခြားကို တိုက်ရိုက်ပို့နိုင်အောင်၊ ဒေသခံပြည်သူလူထု နေ့စဉ်ပုံမှန် ဝင်ငွေရရှိပြီး စီးပွားရေးတွေ ချောင်လည်လာအောင် ရည်ရွယ်ပါတယ်။ ကျနော်တို့က မြေတွေယူပြီး တွင်းထွက် တူးမှာမဟုတ်ပါဘူး။ ဒေသခံနဲ့ပေါင်းပြီး တိုင်းဒေသကြီးရော၊ ဒေသခံတွေရော တိုးတက်အောင် ပူးပေါင်းလုပ်ဆောင်သွားမှာပါ”ဟု ကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ ဦးမျိုးမျိုးအောင် ကလည်း ပြောသည်။
တည်ဆောက်မည့် စက်ရုံများတွင် ဆန်စက်၊ ဆားစက်၊ အထပ်သားစက်၊ ပဲကြိတ်စက်၊ သားငါး ရေခဲစက်ရုံ၊ စည်သွပ်ဘူး စက်ရုံ၊ အထည်ချုပ် စက်ရုံ၊ လယ်ယာသုံးနှင့် လူသုံးကုန် ပစ္စည်းစက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီက လုပ်ဆောင်ထားသည့် ဒေသခံများ၏ လူမှုဘ၀ ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု(SIA) အရ စီမံကိန်း ဧရိယာအတွင်း အိမ်ထောင်စု ၂၃၀၀ ကျော်၊ လူဦးရေ ၁၂၀၀၀ ခန့် အခြေချနေထိုင်နေကြောင်း၊ ယင်းမိသားစုများအနက်မှ အလုပ်လုပ်နိုင်သူ ဦးရေ ၈၃၀၀ ကျော်ရှိရာ ထိုသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် စီစဉ်ထားရှိကြောင်း ကုမ္ပဏီက ပြောသည်။
စံမကိန်းအတွက် လယ်ယာမြေများ အဓမ္မသိမ်းယူမည် မဟုတ်ကြောင်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ပုသိမ်မြို့ ဧရာရွှေဝါ ခန်းမ၌ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
“ကျနော်တို့ တိုင်းဒေသကြီးအစိုးရရဲ့သဘောထားကတော့ ခင်ဗျားတို့လယ်တွေ မရောင်းချင်ဘဲနဲ့ အတင်းအဓမ္မ သိမ်းတာတွေ မလုပ် ပါဘူး။ ခင်ဗျားတို့ သဘောမတူရင် မလုပ်ဘူး။ လူ ၁၀၀ မှာ ၇၀ သဘောတူမယ် ဆိုရင် ၇၀ ကရတဲ့မြေက စက်မှုဇုန်လုပ်ဖို့
လုံလောက်ရင် အဲဒီအပေါ်မှာ ဆောက်မယ်”ဟု သူက ပြောသည်။
မိမိတို့ တိုင်းဒေသကြီးတွင် ဘွဲ့ရပညာတတ် အလုပ်လက်မဲ့များ များပြားနေသည့်အတွက် စီမံကိန်းအောင်မြင်ခဲ့ပါက အဆိုပါ လူငယ် များကို အလုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကိုအမှီပြု၍ ဒေသ၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့်အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဒေသခံများလည်း အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ရရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် က ပြောဆိုသည်။
“စီမံကိန်း မလုပ်ခင်ကာလမှာလည်း လယ်သမားတွေအနေနဲ့ ကိုယ့်လယ်ကိုယ် စိုက်ပျိုးခွင့် ပေးထားမယ်။ လယ်ယာအတွက်လည်း
ဒေသပေါက်ဈေးထက် မနည်းတဲ့ဈေးနှုန်း ရရှိအောင် ကျနော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါမယ်။ ကျနော့် ဆန္ဒကတော့ ဒီဒေသမှာ လယ်ယာမြေရှိတာထက် စက်မှုဇုန်ကြီးတခု ရှိစေချင်ပါတယ်။ စက်မှုဇုန်ဖြစ်လာခဲ့ရင် အဲဒီ ဒေသ ဟာ ပုသိမ်ထက် အများကြီး စည်ကားသွားမှာပါ”ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။
ဒေသခံ လယ်သမားများကမူ ရေရှည်အတွက် အလုပ်အကိုင် အာမခံချက်မရှိဘဲ မိမိတို့ ဘိုးဘွားပိုင် လယ်ယာမြေများ စွန့်လွှတ် ရမည် ကို စိုးရိမ်နေကြသည်။
“ကျနော်တို့က ဘိုးဘွားပိုင် လယ်ယာမြေတွေဖြစ်တဲ့အတွက် နှမြောတယ်။ ဒီလယ်တွေ လက်လွှတ်ပြီးသွားရင် တခြားလုပ်စရာ အလုပ် မရှိမှာလည်း ကျနော်တို့ကြောက်တယ်။ လယ်နဲ့ ပတ်သက်လို့ ကျနော်တို့ခံစားခွင့်တွေ တိတိကျကျ သိရမယ်၊ လယ်ကနေ လွတ်ပြီး တခြားလုပ်ငန်းတွေ ခိုင်ခိုင်လုံလုံရှိမယ်ဆိုရင်တော့ ကျနော်တို့ သဘောတူပေးနိုင်ပါတယ်”ဟု ရှမ်းငူကျေးရွာမှ လယ်သမား ကိုထွန်းလင်း က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ် စက်မှုဇုန်၊ မြောင်းမြ စက်မှုဇုန်နှင့် ဟင်္သာတ စက်မှုဇုန် ဟူ၍ စက်မှုဇုန် ၃ ဇုန် တည်ထောင်ထားပြီး စက်ရုံတချို့ လည်ပတ် လုပ်ကိုင်လျက် ရှိသည်။