ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အစည်းအဝေးမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ရေး ဆွဲပြီး ၈ ပြည်နယ် တည်ထောင်၍ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တို့ကို မူအားဖြင့် သဘောတူ ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ အနှစ်သာရ ကင်းမဲ့နေကာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုမူနှင့် ကိုက်ညီမှုမရှိ၍ ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံ ဥပဒေသစ် တခုကို လွှတ်တော်ပြင်ပရှိ အဖွဲ့အစည်းများ၊ တတ်သိပညာ ရှင်များပါဝင် ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ထိုဥပဒေ၌ ဖက်ဒရယ်ကို အခြေခံသည့် တပ်မတော် ဖွဲ့စည်းရေးလည်း ပါဝင်မည် ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် UNFC ပြောခွင့်ရ ဦးခွန်ဥက္ကာ က ပြောသည်။
၎င်းက “ဖွဲ့စည်းပုံ အသစ်ကို မကြာခင် စတင်ရေးဆွဲတော့မှာ ဖြစ်ပြီး ၂၀၁၃ ခုနှစ် အတွင်း အပြီးရေးဆွဲသွားမှာ ဖြစ်တယ်”ဟု ဆိုသည်။
ထို့အတူ လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံအား အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ် များဖြင့် စုပေါင်းဖွဲ့စည်းသွားရန် လိုအပ်ကြောင်းလည်း UNFC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“၈ ပြည်နယ် ဆိုတာက လူမျိုးကို အခြေခံတဲ့ ပြည်နယ် ၈ ခု ပုံစံတည်ဆောက်ဖို့ ပြောတာပါ၊ လက်ရှိ ပြည်နယ် ၇ ခု အပြင် ဗမာ တိုင်းရင်းသား အများစုနေထိုင်တဲ့ တိုင်းတွေကို စုပေါင်းပြီး ဗမာပြည်နယ် တခု ဖွဲ့စည်းဖို့အတွက် ဆွေးနွေးကြတာပါ”ဟု အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ဧရာဝတီ ကို ပြောသည်။
UNFC ညီလာခံကို ချင်းမိုင်မြို့၌ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ပြည်တွင်းမှ တိုင်းရင်းသား ခေါင်းဆောင်များ၊ တတ်သိပညာရှင် များ၊ တိုင်းရင်းသား အရေး တက်ကြွစွာ လှှုပ်ရှားဆောင်ရွက်သူများ စသည်ဖြင့် အဖွဲ့အစည်း အသီးသီးမှ လူ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်၍ ပြည်ပရန်မှ ကာကွယ်ရန် ဖက်ဒရယ် ပြည်ထောင်စု အသွင်ဆောင်သည့် တပ်မ တော် ဖွဲ့စည်းသွားရန်နှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားရန်တို့ကိုလည်း သဘောတူ ဆုံးဖြတ်ခဲ့ကြ သည်။
ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ တိုင်းရင်းသား အချင်းချင်းတိုက်ခိုက်နေမည့် တပ် မတော် မဟုတ်ဘဲ ပြည်ပရန် ကာကွယ်ရန်အတွက်သာ ဖြစ်ကြောင်း၊ ပြည်ထောင်စု တပ်မတော်၏ ကွပ်ကဲအုပ်ချုပ်မှု အောက် တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်များက တပ်ရင်း၊ တပ်ခွဲများ ပုံစံဖြင့်သွားရန် ရည်ရွယ်ချက် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးသည် လတ်တလောတွင် မဖြစ်နိုင်သေးသော်လည်း နောင်တွင် ဖြစ်ပေါ်လာရန် ဆောင် ရွက်သွားမည့် ရည်ရွယ်ချက်ဖြင့် UNFC က သဘောတူဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အသစ် ပေါ်ပေါက်ရေးသည် လည်း တိုင်းရင်းသားအစုံပါဝင်သည့် ညီလာခံတရပ်ခေါ်ယူ ကျင်းပနိုင်ပါက ဖြစ်နိုင်ခြေရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင် များ က ပြောသည်။
UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။
ထိုအစည်းအဝေးသို့ လေ့လာသူများအဖြစ် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ၊ ကိုးကန့် စသည့် လက်နက်ကိုင် အဖွဲ့တို့လည်း တက်ရောက်ခဲ့ကြသည်။
ယခုကျင်းပသည့် UNFC ညီလာခံ၌ လက်ရှိ လုပ်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသေးစိတ် ဆွေး နွေး မှု မရှိခဲ့ဟု သိရသည်။ သြဂုတ်လကုန်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းနှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု ဆိုသည်။
သို့သော် အစိုးရ ပြောဆိုနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပမည်ဆိုသည်ကို နိုင်ငံတော် အစိုးရက တရားဝင် ဖိတ်ကြားလာပါက စဉ်းစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း UNFC ပြောသည်။
လင်းသန့် ပူးပေါင်း ရေးသားသည်။