ကုမ္ပဏီမှ ပြောဆိုထားသည့် အခြေခံ လစာအတိုင်းမပေးဘဲ လစာ လျှော့ပေးသည့်အတွက် ပုသိမ်စက်မှုဇုန်ရှိ မြစ်ဝကျွန်းပေါ် စက်မှုဇုန်အုပ်စု (Delta Industrial Group – DIG) အထည်ချုပ် စက်ရုံမှ ဘွဲ့ရ အလုပ်သမ ၃၅ ဦးမှာ အလုပ်မဆင်းဘဲ ယနေ့ ဆန္ဒပြခဲ့ ကြသည်။
အလုပ်ခေါ်ယူစဉ်က အခြေခံလစာ ကျပ် ၆ သောင်း ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လစာ ၅ သောင်းကျပ်သာ ပေးချေခြင်း၊ အချိန်ပို လုပ်ခကြေးများ မရရှိခြင်း၊ ဆေးစာဖြင့် ခွင့်ယူသော်လည်း လစာ ဖြတ်တောက်ခြင်းများ ပြုလုပ်သည့်အတွက် ဆန္ဒ ပြရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးတွင် ပထမဦးဆုံး တည်ဆောက်လည်ပတ်သည့် DIG အထည်ချုပ်စက်ရုံမှ အလုပ် သမများက ပြောသည်။
“သူတို့အင်တာဗျူးတုန်းက ပြောတာက စက်ရုံမဖွင့်ခင်မှာ သင်တန်းသား အသစ်တွေကို သင်တန်းပေးရမယ်။ အဲဒီကာလမှာ လစာကို ၆ သောင်း ပေးထားမယ်။ စက်ရုံဖွင့်ရင် ဌာနတွေ ခွဲပြီးတော့ လစာကို ဒီထက်ပို ရစေရမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် အခု စက်ရုံဖွင့်ခဲ့ပြီ။ သူတို့ပြောတဲ့အတိုင်း မပေးဘဲနဲ့ ၅ သောင်းပဲ ပေးတယ်” ဟု DIG အထည်ချုပ်မှ အလုပ်သမ မမြသီတာက ပြောသည်။
ယနေ့ ဆန္ဒပြကြသည့် အလုပ်သမများမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ် အသီးသီးမှ ဘွဲ့ရထားသူများဖြစ်ပြီး အထည်ချုပ်စက်ရုံ မဖွင့်လှစ်မီကပင် ရန်ကုန်မြို့၌ DIG စက်ရုံ၏ အစီအစဉ်ဖြင့် အထည်ချုပ်လုပ်ငန်း ချုပ်လုပ်မှုဆိုင်ရာနှင့် အုပ်ချုပ်မှု ဆိုင်ရာ သင်တန်း တက်ရောက်ခဲ့သူများ ဖြစ်သည်။
ပုသိမ်စက်မှုဇုန်ရှိ DIG အထည်ချုပ်စက်ရုံကို ပြီးခဲ့သည့်ဇူလိုင်လ ၈ ရက်နေ့က ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စက်ရုံ စတင်လည်ပတ်ပြီး ၁ လမပြည့်မီမှာပင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ပုသိမ်စက်မှုဇုန် ဖွင့်ပွဲနေ့တွင် ဝန်ကြီးချုပ် ဦးသိန်းအောင်က အထည်ချုပ် အလုပ်သမား တဦးလျှင် အခြေခံလစာ ၆ သောင်း ရရှိမည်ဖြစ်ကြောင်း၊ ၂ နှစ်တာ ကာလအတွင်း လူပေါင်း ၂၀၀၀ ကျော်ကို အလုပ်ပေးနိုင်မည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
“ဝန်ကြီးချုပ် ပြောခဲ့တုန်းက အခြေခံလစာ ၆ သောင်းရမယ်။ ကျွမ်းကျင်သူတွေဆို ဒီထက်ပိုရမယ်လို့ ပြောခဲ့တာရှိတယ်။ တကယ်တမ်းကျတော့ အခြေခံလစာက ၆ သောင်း မရပါဘူး။ ဝန်ကြီးချုပ် ပြောခဲ့တာနဲ့ လက်တွေ့ အောက်ခြေမှာ ဖြစ်နေတာနဲ့က တခြားစီ ဖြစ်နေပါတယ်” ဟု ရူပဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ မမြသီတာက ပြောသည်။
ဆန္ဒပြမှုများနှင့် ပတ်သက်၍ DIG အထည်ချုပ် စက်ရုံတာဝန်ခံ ဒေါ်ဥမ္မာကမူ ဘွဲ့ရအလုပ်သမ များကို လစာ ကျပ် ၅ သောင်းနှင့် ရက်မှန်ကြေး ၁ သောင်း ပုံမှန် ၆ သောင်း ပေးနေကျဖြစ်သည်ဟု ဆိုသည်။
“စက်ရုံက အခုမှဖွင့်ကာစဆိုတော့ အတိအကျဘာမှ မလုပ်ရသေးတဲ့ အနေအထား ဖြစ်နေတယ်။ ဒါတွေကို သူတို့ကမသိသေးဘဲနဲ့ ဒီလိုမျိုးလုပ်လိုက်တာ။ တကယ်ဆို ရုံးမှာဒါတွေကို ညှိပြီး လုပ်ရမှာလေ။ အခုက ရုံးနဲ့မပြောဘဲနဲ့ ထင်ရာ လုပ်သွားလို့ ဒီလိုကိစ္စ ဖြစ်သွားတာ” ဟု သူက ပြောသည်။
စက်ရုံဖွင့်ပြီး နောက်ပိုင်း အချိန်ပို ၁၀ နာရီခန့် လုပ်ခဲ့ရသော်လည်း အချိန်ပိုကြေး မရရှိကြောင်း၊ နေမကောင်း၍ ဆေးခွင့် တင်ကာ အနားယူသော်လည်း စက်ရုံတာဝန်ရှိသူများက ပျက်ကွက်သည့် ရက်ကို အခြေခံလစာထဲမှ ဖြတ်တောက်ခဲ့ကြောင်း မသန္တာဝင်းသိန်းက ရှင်းပြသည်။
“ကျမ ဆေးခွင့်တင်ထားတာကို လစာဖြတ်တယ်။ ရက်မှန်ကြေး ၁ သောင်းလည်း ဖြတ်တယ်။ အခြေခံ လစာထဲကလည်း ဖြတ်တယ်။ လစာပေးတဲ့ ၅ သောင်းမှာ ၃ သောင်းနဲ့ ၅၀၀ ပဲ ရတယ်” ဟု သူက ဆက်ပြောသည်။
ဆန္ဒပြသူများအနက်မှ တချို့ကိုသာ စိစစ်၍ ပြန်လည် လက်ခံမည်ဖြစ်ကြောင်း စက်ရုံတာဝန်ခံ ဒေါ်ဥမ္မာ ထံမှ သိရသည်။
“ဒီဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကုမ္ပဏီမှာ အစည်းအဝေး ထိုင်တာတော့ လောလောဆယ် မရှိပါဘူး။ အလုပ် ပြန်လာဆင်းရင် လက်ခံမလား ဆိုတော့ အထက်က ညွှန်ကြားထားတာက သူတို့ကို လက်မခံဖို့နဲ့ စိစစ်ပြီးတော့ လက်ခံဖို့ ပြောထားပါတယ်။ ဒီလိုမျိုး လုပ်တဲ့အခါကျတော့ ကျမတို့က လက်ခံဖို့ ခက်သွားတာပေါ့” ဟု သူက ပြောသည်။
လက်ရှိတွင် လုပ်ခလစာ လျှော့ချ ပေးချေသည့်အတွက် ရပ်ဝေးမှလာရောက် အလုပ်လုပ်ကြရသည့် အလုပ်သမများ အဆင်မပြေ ဖြစ်နေကြောင်း မြန်အောင်မြို့မှ အလုပ် လာရောက်လုပ်ကိုင်သူ မြန်မာစာအဓိကဖြင့် ဘွဲ့ရထားသည့် မခင်နန်းဆွေက ဆိုသည်။
“သူတို့ပေးတဲ့လစာနဲ့ အဆောင်စရိတ်၊ စားစရိတ် ဘယ်လိုမှမလောက်ဘူး။ အိမ်ကတောင်မှ တခါတလေ ပြန်တောင်း နေရတယ်။ သူတို့ပြောတုန်းက အခြေခံလစာ ၆ သောင်းကို ရက်မှန်ကြေးနဲ့ အချိန်ပိုကြေးနဲ့ဆို ၇ သောင်းကျော်လေ။ အခုက အဲဒီလို မဟုတ်တော့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု သူက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့၌ သင်တန်းတက်စဉ်က ဘွဲ့ရ အလုပ်သမများမှာ အုပ်ချုပ်သူ နည်းပြများအဖြစ် ပုသိမ်တွင် ပြန်လည် တာဝန်ထမ်းဆောင်ရန် အတွက် ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိတွင် စက်ရုံ၌ အလုပ်တာဝန် အတိအကျ သတ်မှတ်ပေးခြင်းမရှိဘဲ ကိုယ်တိုင်ဝင်ရောက် စက်ချုပ်နေရကြောင်း သိရသည်။
“အထည်ချုပ်မှာ ဘွဲ့ရဝန်ထမ်းတွေ ခေါ်တုန်းက သူတို့ပြောတာက ဘွဲ့ရတွေဟာ စက်ချုပ်ဖို့ မဟုတ်ဘူး၊ အုပ်ချုပ်သူအနေနဲ့ နည်းပြအနေနဲ့ ထားဖို့လို့ ပြောတယ်။ အခုက ဘာတာဝန် ရှိမှန်းကို မသိတာ။ ဒီလူက ဒီတာဝန်ပါ ဆိုပြီး ပေးထားတာမရှိဘူး။ အထည်မနိုင်ရင် ကိုယ်တိုင်လည်း ဝင်ချုပ်နေရတယ်” ဟု မမြတ်သူဇာအောင်က ပြောသည်။
ထို့ကြောင့် ယနေ့ဆန္ဒပြခဲ့ကြသည့် အထည်ချုပ် အလုပ်သမများက အခြေခံလစာ ၆ သောင်းကျပ် ပေးအပ်ရန်၊ အချိန်ပိုကြေး ပေးရန်၊ နေမကောင်းသဖြင့် ဆေးခွင့်ယူရာတွင် အခြေခံလစာထဲမှ ဖြတ်တောက်ခြင်း မပြုရန်၊ အုပ်ချုပ်သူနှင့် နည်းပြ သင်တန်းဆင်း ဘွဲ့ရ အလုပ်သမားများကို စက်ချုပ်ခိုင်းခြင်းများ မပြုလုပ်ရန်၊ စက်ရုံကြိုပို့ကား အခမဲ့ စီစဉ်ပေးရန်စသဖြင့် အချက် ၅ ချက် တောင်းဆိုခဲ့ကြသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်စက်မှုဇုန်၊ ဟင်္သာတစက်မှုဇုန်နှင့် မြောင်းမြစက်မှုဇုန် ဟူ၍ ဇုန် ၃ ဇုန်ရှိပြီး ပုသိမ် စက်မှုဇုန် တခုတည်းတွင်သာ အထည်ချုပ်စက်ရုံ ဆောက်လုပ် လည်ပတ်နေခြင်း ဖြစ်သည်။