Obituary

လူရွှင်တော် ဦးပါပါလေး ကွယ်လွန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နှုတ်ခမ်းမွှေးညီနောင် အငြိမ့်အဖွဲ့မှ ခေါင်းဆောင် လူရွှင်တော် ဦးပါပါလေး ယနေ့ နေ့လည် ၁နာရီ မန္တလေးအထွေထွေရောဂါကု ဆေးရုံတွင် ဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ဌာနတွင် တက်ရောက်ကုသရာမှ ဆီးကြိတ်ကင်ဆာ ဖြစ်ပေါ်နေသည်ကို တွေ့ရပြီး ယင်းရောဂါဖြင့် သေဆုံးခြင်း ဖြစ်သည်။

“ဆေးရုံမတက်ခင်ကတည်းက ဆီးသွားရင် တစက်စက်နဲ့ နာကျင်တဲ့ ဝေဒနာကို ခံစားနေရတာ။ ဆီးသွားတော့မယ် ဆိုရင်ကို ချွေးသီးချွေးပေါက်တွေ တအားကျတာ။ အဲဒီဝေဒနာကိုက ၂ လလောက် ခံစားခဲ့ရတယ်။ နောက်တော့ ဆေးရုံတက်လိုက်တာ။ ဆေးရုံတက်ပြီးမှ ဆီးကြိတ်ကင်ဆာ ဖြစ်တယ်ဆိုတာ သိရတာပါ” ဟု ဦးပါပါလေး၏ အမျိုးသမီး မြို့တော် ဒေါ်ဝင်းမာက ပြောသည်။

“ဒီရောဂါဖြစ်ရတာ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ခြယ်ပြီး ထောင်ချခဲ့လို့ ဖြစ်ရတာပါ။ သူကရဲဘက်စခန်းလည်း ရောက်ခဲ့ရသေးတယ်။ အဲဒီအချိန်တုန်းက သောက်တဲ့ရေတွေက မသန့်ရှင်းဘူး။ တောင်ကျရေတွေလည်း သောက်ခဲ့ရတယ်။ နောက်ပြီး ထောင်အတွင်းမှာ ထုံးဓာတ်ပါတဲ့ ရေကိုလည်း သောက်ရတယ်။ ဒါတွေကြောင့် ဒီလို ရောဂါ ဖြစ်ပြီး သေဆုံးခဲ့တာပါ” ဟု ၎င်းက ဆိုသေးသည်။

သေဆုံးချိန်တွင် အသက် ၆၇ နှစ်သာ ရှိသေးပြီး ချစ်ဇနီး မြို့တော် ဒေါ်ဝင်းမာသာ ကျန်ရစ်ခဲ့သည်။ သားသမီးများ မထွန်းကားခဲ့ပေ။

ဆီးကြိတ်ကင်ဆာဖြင့် သေဆုံးခဲ့သည့်အပေါ်တွင်လည်း ထောင်အတွင်း ကျောက်ထုတ်လုပ်ခဲ့ရသည့်အတွက် ပင်ပန်းဆင်းရဲသည့် ဒဏ်ကြောင့် လည်ကောင်း၊ နိုင်ငံရေးသမားများ ထောင်ကထွက်လာတိုင်း အမှတ်တရ ရောဂါများ ပါလာတတ်ကြောင်း၊ နိုင်ငံရေး အနုပညာရှင် တစ်ဦးအနေဖြင့် ပေးဆပ်ခဲ့ရသည့် ထောင်တွင်းရောဂါ ဖြစ်နိုင်ကြောင်း NLD မန္တလေး ခရိုင် ဒုတိယ ဥက္ကဌ ဦးကိုကိုလေးက ဧရာဝတီ ပြောသည်။

“ဦးပါပါလေးလို ပုဂ္ဂိုလ်မျိုး ဆုံးရှုံးရတာ သိပ်နှမြောစရာ ကောင်းပါတယ်။ ဦးပါပါလေးက နိုင်ငံရေး အခက်ခဲကာလကတည်းက ကျနော်တို့ NLD အပေါ်မှာကော တိုင်းပြည်အပေါ်မှာပါ အနစ်နာခံပြီး လုပ်ဆောင်ခဲ့တဲ့သူပါ။ ဒါပေမယ့် သူ့ကို ထောင်ချတဲ့အခါမှာ သာမာန် အကျဉ်းသားဘဝမျိုးနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ခုလို သူ အသက်ဆုံးရှုံးတဲ့အတွက် အတိုင်းမရှိအောင်ကို စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ဦးကိုကိုလေးက ဆိုသည်။

“ကျနော့်ဇာတိက ရွှေဘိုနယ်ကဗျ။ ၁၉၆၂ခုနှစ် တော်လှန်ရေး ကောင်စီ အာဏာသိမ်းတုန်းက စပြီး ကျနော် လူရွှင်တော် ဖြစ်ခဲ့တာ။ ကျနော့်မျိုးရိုးကိုက လူရွှင်တော် မျိုးရိုး။ အဖေကလည်း လူရွှင်တော်၊ အဘိုးကလည်း လူရွှင်တော်။ ကျနော် လူရွှင်တော် ဖြစ်တဲ့ အချိန်တုန်းက ဦးနေဝင်းတို့ တန်ခိုးကြီးထွားချိန်မှာပေါ့။ အဲဒီအချိန်တုန်းက မန္တလေး ပြဇာတ်တို့ အငြိမ်တို့ဟာ နိုင်ငံရေးနဲ့ မကင်းကြဘူး။ အဲဒီနိုင်ငံရေး ပြက်လုံးတွေက မန္တလေးဘက် ဆင်းသက်တာများတယ်။ ဦးနေဝင်းတို့ မဆလခေတ်မှာ နိုင်ငံရေးစကားတွေ နိုင်ငံရေးပြဇာတ်တွေကို မန္တလေးဇာတ်ပွဲတွေမှာ အများဆုံး တွေ့ရတယ်” ဟု ၂၀၁၂ခုနှစ်က ဧရာဝတီနှင့် တွေ့ဆုံခန်းတွင် ဦးပါပါလေး ကိုယ်တိုင် ပြောပြခဲ့သည်။

ဦးပါပါလေးသည် လူရွှင်တော် သက်တမ်း ၅၄ နှစ် ရှိပြီး ယင်းလူရွှင်တော် သက်တမ်းတစ်လျှောက်တွင် စစ်အစိုးရကို ဆန့်ကျင်သည့် ပြက်လုံးများကြောင့် လူသိများခဲ့သည်။

၁၉၉၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်ရေးအောင်ပွဲ ခြံဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတွင် မန္တလေးမှ ဇာတ်ကားဖြင့် သွားရောက် တစ်ဖွဲ့လုံး အငြိမ့် ကပြခဲ့သည်။ ယင်းကပြမှုဖြင့် ဦးပါပါလေး အပါဝင် တစ်ခြားသော လူရွှင်တော်၊ မင်းသမီးနှင့် ဇာတ်အဖွဲ့တစ်ဖွဲ့လုံးကို စစ်အစိုးရမှ ဖမ်းဆီး ထောင်ချခဲ့သည်။

ဦးပါပါလေးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

ယင်းအချိန်က မည်သည့် အနုပညာရှင်များမှ သွားရောက် ဖျော်ဖြေမှု မပြုလုပ်ရဲသော ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်ရေး အောင်ပွဲသို့ သွားရောက်ကာ စစ်အစိုးရ၏ မဟုတ်မမှန်လုပ်ရပ်များကို ပြက်လုံးထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့အတွက် ယင်းနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကား ပြောဆိုခဲ့ပြီး ဦးပါပါလေး၏ ပြက်လုံးများသည် သူမ၏ ခြံအတွင်း ပြက်ခဲ့သည့်အတွက် ယင်းပြက်လုံးများကို သူ တာဝန်ယူကြောင်း ပြောဆိုခဲ့သေးသည်။ သို့သော်လည်း စစ်အစိုးရက အညှာမပေးခဲ့ဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခဲ့သည်။

မြစ်ကြီးနားထောင်မှ ၂၀၀၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ပြန်လည် လွတ်မြောက်ပြီးချိန်တွင် ဒုဗိုလ်မှူးကြီး ဦးတင်ထွန်းနှင့် မန္တလေး သဘင်အစည်းအရုံးဝင်များရှေ့တွင် ဦးပါပါလေးကို တောင်ရှည်ဝတ်ခွင့်နှင့် အငြိမ့်ကပြခွင့်ကို ရာသက်ပန် ပိတ်ပင်ကြောင်း ပြောဆိုခဲ့သည်။

ယင်းအချိန်မှ စတင်ပြီး ဦးပါပါလေးသည် ယနေ့အထိ အငြိမ့်များကို တရားဝင် ကပြခွင့် မရရှိခဲ့သေးပေ။ သို့အတွက်ကြောင့် ဦးပါပါလေး၏ နှုတ်ခမ်းမွှေးညီအစ်ကို အဖွဲ့ဖွဲ့ပြီး ၎င်းတို့၏ အိမ်ထဲမှာပင် ကမ္ဘာလှည့်နိုင်ငံခြားသားများကို နိုင်ငံရေး ပြက်လုံးများ ပြက်ပြခဲ့သည်။ နိုင်ငံခြားခရီးသွားများအတွက် ဦးပါပါလေးတို့အိမ်သည် မန္တလေးတွင် မသွားမဖြစ် နေရာဖြစ်ခဲ့သည်။

နှှုတ်ခမ်းမွေးညီနောင်အဖွဲ့မှာ ဦးပါပါလေး၊ ဦးလူမော်၊ ဦးလူဇော် တို့ ပါဝင်သည်။ ယခုအခါ ဦးပါပါလေး ဆုံးသွားပြီ ဖြစ်သည့်အတွက် ကျန်သည့် ညီနောင် နှစ်ယောက်ဖြစ်သော ဦးလူမော်နှင့် ဦးလူဇော်တို့က ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဦးလူမော်က ပြောသည်။

“ကျနော်တို့ ညစဉ်ညတိုင်း နိုင်ငံခြားသားတွေကို ကပြနေကြပါ။ အကိုဆေးရုံတက်တုန်းကလည်း ကျနော်တို့ ပွဲကို ဆက်ပြီး ကနေကြပါ။ ခု အကိုရက်လည်ပြီးတာနဲ့ ကျနော်တို့ ဆက်ပြီး ကသွားမှာပါ” ဟု ဦးလူမော်က ပြောဆိုသည်။

ဦးပါပါလေး ဆုံးရှုံးခဲ့ရသည်နှင့် ပတ်သက်ပြီး မန္တလေးမှ နာမည်ကျော် လူရွှင်တော် ဦးချစ်စရာမှလည်း “ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဆုံးရှုံးသွားတဲ့အတွက် တကယ် စိတ်မကောင်း ဖြစ်ရပါတယ်။ သူနဲ့က စစ်အစိုးရလက်ထက်ကတည်းက အမျိုးမျိုး ခြိမ်းခြောက် ဟိန်းဟောက်မှုတွေကြားကနေ သိုသိုသိပ်သိပ်နဲ့ ရုန်းကန်ပြောဆို လာခဲ့ရတာပါ။ အဲဒီအချိန်တုန်းက လူရွှင်တော်ဘ၀ ဆိုတာ တော်တော် ခက်ခဲပင်ပန်းခဲ့ရပါတယ်။ ဘာဘဲ ဖြစ်ဖြစ် ကိုယ့်အလုပ်ကို တာဝန်သိသိ၊ တာဝန်ရှိရှိနဲ့ လုပ်ဆောင်သွားရင်း အချိန်မတိုင်မီ လေလွင့်သွားတဲ့အတွက် အများကြီး စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောဆိုသည်။

ဦးပါပါလေးသည် ၂၀၁၃ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း NLD ပါတီအတွက် စည်းရုံးရေးများ ဆင်းပေးခြင်း၊ မကြောက်တရားများ လှည့်လည်ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် မန္တလေးသင်္ကြန်တွင် ပါပါလေး သံချပ်အဖွဲ့နှင့် စစ်ဘေးကယ်ဆယ်ရေးများအတွက်လည်း အငြိမ့်များ ကပြခဲ့သေးသည်။

သူ၏ ရုပ်ကလပ်တွင် ယခုအခါတွင် နေအိမ်တွင် ၃ရက် ထားရှိမည် ဖြစ်ကာ သြဂုတ်လ ၄ရက်နေ့ နေ့လည် ၂နာရီတွင် တောင်အင်း၊မြောက်အင်း သုဿန်သို့ သဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading