မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်းလိုက်ပြီ
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံတောင်ပိုင်း ထရန် (Trang) ခရိုင်၊ ကတန် (Katang) မြို့နယ် လှေဆိပ်မှာ မြန်မာနိုင်ငံသား တွေကို ရေလုပ်သားတွေ အဖြစ် အဓမ္မ ရောင်းစားနေမှု၊ သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါး ရောင်းချမှုတွေနဲ့ လူပွဲစား ဂိုဏ်းခေါင်းဆောင်အဖြစ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့ က အလိုရှိနေတဲ့ သူ့ကို ထိုင်း အထူး ပူးပေါင်း ရဲတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးလိုက်တယ်လို့ သတင်းရပါတယ်။
အသက် ၄၂ နှစ် အရွယ် ကိုမျိုး (ခ) ကိုအောင်မျိုးမြင့်၊ ထိုင်းနာမည် ဖိရောင် ဆိုသူကို မြန်မာနိုင်ငံသားချင်း သတ်ဖြတ်မှု၊ မူးယစ် ဆေး ဝါးရောင်းချမှု၊ အဓမ္မ ပြုကျင့်မှုတွေနဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ကလည်း အရေးယူ နိုင်ဖို့ အကြောင်းကြားထားပြီးတဲ့နောက် ထိုင်း အာဏာပိုင် တွေက ခုလိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
စူရတ်ဌာနီ မြို့နယ် ရာဘာခြံတခုအတွင်း ပုန်းရှောင်ချိန်မှာ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (AHTD)၊ ထိုင်းနိုင်ငံ အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI)၊ “ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့” (Tourist Police)၊ ထောက်လှမ်းရေး ရဲတပ်ဖွဲ့ နဲ့ နယ်မြေခံ စူရတ်ဌာနီ ရဲတပ်ဖွဲ့တို့က ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အရေး လုပ်ဆောင်နေတဲ့ မြန်မာ အစိုးရ အလုပ် သမားဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း ကပြောပါတယ်။
“သူထွက်ပြေးနေတာကို DSI က ဖုန်းလိုင်းကနေတဆင့် ခြေရာခံပြီး လိုက်ဖမ်းတာ၊ ထိုင်းရဲ ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းထားတာကို သူက သေနတ်နဲ့ပြန်ပစ်တာ၊ ဒီက ဝိုင်းပစ်တော့ တင်ပဆုံကို မှန်သွားတော့မှ ဖမ်းမိတာ၊ အခု သူ့ကို စူရတ်ဌာနီ ဆေးရုံကြီးမှာ တင်ထားတယ်” လို့ ဦးနိုင်ထွန်း က ရှင်းပြပါတယ်။
ကိုမျိုးကို ဖမ်းဆီးထားပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ အလုပ်သမားတွေကို သူတို့ကို အတင်းအကျပ် လှေလိုက်ခိုင်းသူ အဖွဲ့က ခေါင်းဆောင်ဟုတ်မဟုတ် ခေါ်ပြတယ်လို့သိရပြီး ထွက်ပြေးလွတ်မြောက်လာသူတွေကလည်း ဟုတ်မှန်ကြောင်း ပြောဆို ကြတယ်လို့ သူကဆက်ပြောပါတယ်။
ဒီနှစ် မတ်လဆန်းပိုင်းက ကတန် (Katang) မြို့ ကထွက်တဲ့ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား တွေက ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT) ကိုဖုန်းဆက် အကြောင်းကြားလာရာ MTA အဖွဲ့၊ မြန်မာ အစိုးရ အလုပ် သမားဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း(FED)၊ ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေး ရေးဌာန (DSI)တို့ ပူးပေါင်း ကယ်တင်ခဲ့ပါတယ်။
ဒီလိုကယ်တင်ခဲ့ရာကနေ လွတ်မြောက်လာတဲ့ လှေသားတွေဆီကတဆင့် လူပွဲစား ဂိုဏ်းချုပ်ဆိုတဲ့ ကိုမျိုး ဆိုသူရဲ့အကြောင်းကို စုံစမ်းခဲ့ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ကိုတင်ပြခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း က ထိုင်းအာဏာပိုင်တွေနဲ့ ဧပြီလက ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ DSI အဖွဲ့က အချိန်ယူ လေ့လာ ခဲ့ပြီး ခုလိုဖမ်းဆီးခဲ့တာလို့ MTA အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းကလည်း ပြောပါတယ်။
လူပွဲစား ဂိုဏ်းခေါင်းဆောင် အဖြစ်နဲ့ ဖမ်းဆီးထားတဲ့ ကိုမျိုး ဆိုသူဟာ ထိုင်း-မြန်မာနယ်စပ်မြို့တွေနဲ့ ရန်ကုန်မြို့တို့မှာ လူပွဲစားတွေ ထားပြီး လူခေါ်ခိုင်းတယ်လို့သိရပြီး ရောက်လာတဲ့လူတွေကို မလေးရှားနဲ့ အခြားနိုင်ငံတွေရဲ့ ရေပိုင်နက်တွေမှာ ငါးခိုးဖမ်းတဲ့ လှေတွေမှာ လိုက်ခိုင်းတယ်၊ မလိုက်လိုကြောင်း ငြင်းဆန်တဲ့ လူတွေကို အခြားလူတွေရှေ့မှာပဲ သတ်ပြတယ်လို့ ကိုမျိုးအိမ်မှာ ၇ လ ထမင်းချက်အလုပ်လုပ်ခဲ့သူ တဦးက ပြောပါတယ်။
“ငါးဖမ်းလှေမလိုက်ဘူးလို့ ငြင်းတဲ့လူတွေကို တခြား လူတွေရှေ့မှာပဲ သတ်ပြတယ်၊ သတ်တာတောင် ရိုးရိုးမသတ်ဘူး၊ ဗိုက်ခွဲပြီး အူတွေထုတ်၊ ဘောလ်ပင် မီးရှို့အစက်တွေချပြီး ဗိုက်ကိုပြန်ချုပ်ပေးတယ်၊ အဲဒီလူတွေအကုန်သေတယ်၊ တချို့ဆိုရင် ကြိုးနဲ့ လည်ပင်းစွပ်ပြီး အပေါ်မှာချိတ်သတ်တယ်၊ နည်းမျိုးစုံနဲ့နှိပ်စက်ပြပြီးသတ်တာ၊ ကျနော့်ရှေ့မှာတင် သတ်တာ ၈ ယောက်၊ တယောက်ကတော့ သူမူးပြီးပြန်လာတုန်း သူသေနတ်ပစ်တာ တည့်မတည့် စမ်းပစ်ကြည့်ပြီး ခေါင်းမှန်ပြီးသေသွားတာ” လို့ လွတ်မြောက်လာတဲ့ ကိုစန်းထိုက်ဝင်းက ဧရာဝတီကိုပြောပါတယ်။
ကိုစန်းထိုက်ဝင်း က ၂၀၁၁ ခုနှစ်မှာ ကိုမျိုးအိမ်မှာရောက်ရှိခဲ့တာဖြစ်ပြီး ခေါ်တုန်းက ဆီတို့ဖူး စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး လိုက်လာခဲ့ကြောင်း၊ လှေထဲမလိုက်လိုကြောင်း ပြောဆိုတဲ့ အတွက် လူအများရှေ့မှာပဲ လက်နဲ့ လည်ပင်းတွေကို ဓားနဲ့ ခုတ်ခံခဲ့ရတဲ့ အတွက် နောက်ဆုံး လှေထဲလိုက်မယ်လို့ ဝန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာတွေကြောင့် ချက်ချင်း လှေထဲကိုမလိုက်ရဘဲ ကိုမျိုး ရဲ့ အိမ်မှာ ထမင်းချက်အဖြစ်နဲ့ နေရချိန်မှာ သတ်ဖြတ်မှုတွေကိုမြင်ခဲ့ရတာလို့ဆိုပါတယ်။
ကိုမျိုးဟာ မြင်းဆေးခေါ် စိတ်ကြွဆေးတွေကို ရောင်းချနေတာကိုလည်းတွေ့ရပြီး လှေလိုက်ရင်းထွက်ပြေးသူတွေကို သူ့လက်ရင်း တပည့်တွေကို အပြင်မှာပဲ ပစ်သတ်ခိုင်းတယ်လို့ဆိုပါတယ်။ နောက်ပိုင်း လှေလိုက်ဖို့ငြင်းဆန်တဲ့ မြန်မာနိုင်ငံသားတွေကို ကိုမျိုးရဲ့ လက်ရင်းတပည့်တွေက “ဂျစ်ကန်ကန်လုပ်တဲ့ကောင်တွေ ကတန်ချောင်းထဲမှာမျှောပြီမြေသြဇာလုပ်ပေးထားတာ အယောက် ၂၀၀ ကျော်ပြီလို့ပြောတယ်” လို့ ကိုစန်းထိုက်ဝင်းကပြောပါတယ်။
ကိုမျိုးကို မမိခင်ရက်ပိုင်းအလိုမှာ သူ့ရဲ့ လက်ရင်းလူယုံ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး လက်ကျန်အဖွဲ့တွေကို လည်း ယနေ့ ထပ်မံဖမ်းဆီးနေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံး ညွှန်မှူးဟောင်းလည်းဖြစ်ခဲ့သူ ဦးနိုင်ထွန်း ကပြောပါတယ်။ လက်ရှိအချိန်မှာ ကိုစန်းထိုက်ဝင်းနဲ့ အခြားလွတ်မြောက်လာသူ ၁၀ ဦးကျော်ကို ကယ်ဆယ်ရေးစခန်းမှာထားရှိပြီး တရာရုံးက သက်သေအဖြစ် မကြာခဏ ခေါ်ယူမေးမြန်းမှုတွေရှိတယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် စစ်ဆေးသိရှိချက်များအရ ကိုမျိုး ဆိုသူမှာ ပဲခူးတိုင်း၊ ကဝမြို့နယ်သား ဖြစ်ကြောင်း သိရပြီး အဖမ်းဆီးခံ ထားရတဲ့ သူရဲ့တပည့်တွေဟာလည်း ကိုမျိုးဆီမှာ လုပ်သက် ၇-၈ နှစ်ရှိပြီဖြစ်ကြောင်းနဲ့ မကြာသေးခင်က ကရင် မိန်းကလေးငယ် တဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှု၊ လူသတ်မှုတွေနဲ့ လူကုန်ကူးမှုတွေကို ထိုင်းတရားရုံးမှာ ဝန်ခံထားပြီးဖြစ်ကြောင်း ဦးနိုင်ထွန်းက ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ အသက် ၁၄ နှစ်ကနေ အသက် ၃၅ နှစ်အထက်တွေအထိ ပါဝင်ကြောင်း သိရတယ်။
“ကျနော် လုပ်နေတဲ့ ၇ လ အချိန်ထဲမှာပဲ မြန်မာနိုင်ငံကနေ အလုပ်လုပ်ဖို့ သူ့ဆီ ရောက်လာတဲ့ လူဦးရေ ၇၀၀၊ ၈၀၀ လောက်ရှိတယ်၊ ဘယ်သူမှ ပိုက်ဆံမရကြဘူး၊ ထွက်ပြေးလဲ ကတန်ရဲစခန်းက ဖမ်းပြီး ကိုမျိုးဆီကိုပဲ ပြန်ပို့တယ်”လို့ ကိုစန်းထိုက်ဝင်း ကပြော ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ကိုမျိုးကို ဖမ်းဆီးပြီးတဲ့နောက်မှာ သူပိုင်ဆိုင်မှုတွေကိုလည်း ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။ လာမယ့် တနင်္လာနေ့မှာ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက သတင်းထုတ်ပြန်မယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။
ကိုမျိုးကို ဖမ်းဆီးရမိပြီးနောက် ဒေသဆိုင်ရာ တာဝန်ရှိ ရဲဝန်ထမ်းတွေကိုလည်း စီစစ်အရေးယူသွားဖို့ရှိတယ်လို့ ထိုင်း အထူးရဲတပ်ဖွဲ့တွေဆီကတဆင့် ကြားသိခဲ့ရတယ် လို့လည်း သူက ဆက်ပြောပါတယ်။