သတင်း

၈ လေးလုံး ငွေရတု နီးကပ်ချိန် အင်တာနက်လိုင်း မကြာခဏ ပြတ်တောက်

This article has been converted from Zawgyi One to Unicode

၈ လေးလုံး ငွေရတု နီးကပ်လာချိန်တွင် ရန်ကုန်မြို့၌ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်လျက်ရှိပြီး ယင်းသို့ ရခြင်းမှာ ကုန်းတွင်းပိုင်း မြေအောက် ကေဘယ်ကြိုးများ ပြတ်တောက်မှုကြောင့် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။

၈ လေးလုံးငွေရတု နီးကပ်လာသည့်အတွက် ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သောအင်တာနက်ကို အစိုးရက တမင်ဖြတ်တောက်ထားသည်ဟု ဝေဖန်ချက်များ ထွက်ပေါ်နေသည့်အပေါ် ဦးမျိုးဆွေက ငြင်းဆိုပြီး ယခုကိစ္စသည် နည်းပညာ ပြဿနာသာ ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ဝန်ကြီးကိုယ်တိုင် ဖိုက်ဘာလိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်ရန် လုပ်ဆောင်ပေးပါဟု ညွှန်ကြားထားကြောင်း ဆိုသည်။

“ကေဘယ်ကြိုးတွေ လုံး၀ ပြတ်တောက်သွားမျိုးတော့ မဟုတ်ဘူး။ သူပေးရမယ့် ပါဝါ မပေးနိုင်တဲ့အတွက် ကေဘယ်ကြိုးတွေ အလုပ်မလုပ်တော့ဘဲ ဖိုက်ဘာဆက်ကြောင်း ပြတ်နေတာပါ။ ဒီညနေတော့ ပြန်ရအောင် ကျနော်တို့ ကြိုးစားနေပါတယ်” ဟု သူက
ပြောသည်။

ကုန်းတွင်းပိုင်း မြေအောက် ကေဘယ်လ် ပြတ်တောက်နေသော နေရာနှစ်ခုမှာ ဖျာပုံမြို့နှင့် ၂၀ ကီလိုမီတာ ဝေးသော ကျုံပတောရွာ နှင့် ၃၄ ကီလိုမီတာဝေးသော ကုလားထိပ်ရွာနား တို့တွင် ဖြစ်ပြီး ဖိုက်ဘာကြိုးနှင့် ကေဘယ်ကြိုး နှစ်ခုစလုံး ပြတ်တောက်နေသည့် သဘောဖြစ်ကြောင်း၊ ဆက်သွယ်ရေး လုပ်ငန်းမှ ချထားသော မြေအောက် ကေဘယ်လ်ကြိုးများမှာ ၁၉၉၈ ခုနှစ်ကတည်းက အသုံးပြုလာသောကြောင့် ဟောင်းနွမ်းလာပြီ ဖြစ်ကြောင်း မြန်မာဆက်သွယ်ရေးလုပ်ငန်းက ဆိုသည်။

“ပါဝါကေဘယ်က ကြာလာတော့ Loose ဖြစ်တာပေါ့။ ဥပမာ ဗို့ ၁၀၀၀ ရရမယ့်ဟာက ၁၀၀ ပဲ ရတော့တဲ့သဘော။ သူက ၁၀၀၀ ဗို့ ရောက်မှ အလုပ်လုပ်မှာ။ အဲဒါမျိုးနေရာတွေကို ကျနော်တို့က ရှာပြီး ပြန်ဆက်ပေးရတယ်။ အစားထိုးဖို့လိုရင် ပြန်အစားထိုးရတာပေါ့” ဟု အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

အင်တာနက် ကွန်နက်ရှင် မကြာခဏ ပြတ်တောက်မှုကြောင့် နိုင်ငံခြားဧည့်သည်များက စောဒက တက်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာချက်များကို ဟိုတယ်အခန်းတိုင်းတွင် ကပ်ထားပြီး ပြဿနာ ဖြေရှင်းနေရကြောင်း Park Royal ဟိုတယ်မှ ဈေးကွက်မန်နေဂျာ မမီရှယ်က ပြောသည်။

“ဟိုတယ်က အင်တာနက်လေးတောင် မပေးနိုင်ဘူးလားဆိုပြီး တချို့ Guest တွေက Complain လုပ်တယ်။ ဆက်သွယ်ရေးက ထုတ်ပြန်ချက် ထုတ်ပေးထားလို့ တော်သေးတယ်။ အခုလို အင်တာနက်က ခဏခဏ ပျက်နေမယ်ဆိုရင်တော့ ဟိုတယ်တင် မဟုတ်ဘူး၊ ကုမ္ပဏီတွေပါ ဒုက္ခရောက်ကြမှာ။ တချို့က Main Office နဲ့ နေ့တိုင်း ဆက်သွယ်ရတော့ အခက်အခဲက အဲဒါပဲ” ဟု သူက ဆိုသည်။

ဖိုက်ဘာလိုင်း ပြတ်တောက်မှုကြောင့် နိုင်ငံခြားနှင့် ဆက်ဆံရသော ဘဏ်လုပ်ငန်းများတွင် အခက်အခဲရှိကြောင်း ကမ္ဘောဇဘဏ်မှ ဝန်ထမ်းတဦးက ပြောသည်။

“မနက်ပိုင်းကတော့ Western Union ဘဏ်နဲ့ ချိတ်ဆက်တဲ့ အခါမှာ အခက်အခဲတွေ ရှိတယ်” ဟု သူကဆိုသည်။

၈ လေးလုံး ငွေရတုကြောင့် အင်တာနက် ပြတ်တောက်သည်ဟု မပြောလိုသော်လည်း အင်တာနက်ဖိုက်ဘာလိုင်းများ အမှန်တကယ် ပျက်စီးခြင်းရှိမရှိကို ပြည်သူလူထုအနေဖြင့် မသိရှိနိုင်ကြောင်း၊ အင်တာနက် ပြတ်တောက်သော်လည်း ၈ လေးလုံးပွဲမှာ အောင်မြင်စွာ ကျင်းပနိုင်သေးကြောင်း မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီအဖွဲ့ (MIDO) မှ ကိုနေဘုန်းလတ်က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ အင်တာနက်ကို အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းမျးာနှင့် အဓိက ချိတ်ဆက်ထားသော ပင်လယ်ရေအောက် ဖိုက်ဘာ ကေဘယ် ဆက်ကြောင်း (SEA-ME-WE 3) ချွတ်ယွင်း၍ အင်တာနက်လိုင်းများ တလနီးပါး နှေးနေဦးမည်ဟု ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာချက် ထုတ်ခဲ့သေးသည်။

Loading