လက်ပံတောင်း ဒေသ လူမှု လုပ်ငန်းများ အတွက် ဒေါ်လာ ၁ သန်း သုံးမည်
This article has been converted from Zawgyi One to Unicode
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသ လူမှုရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁ သန်း အသုံးပြု သွားမည် ဖြစ်ကြောင်း လက်ပံတောင်း အစီရင်ခံစာ အကောင်အထည်ဖော်ရေး အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးလှထွန်း ကပြောသည်။
မကြာသေးမီက ပြင်ဆင်ချုပ်ဆိုလိုက်သည့် စာချုစ်သစ်အရ စီမံကိန်း ဒေသအတွင်း လူမှုရေး လုပ်ငန်းများအတွက် တည်ဆောက်ရေး လုပ်ငန်းများစတင်ချိန်တွင် ထိုငွေပမာဏကို အသုံးပြုသွားမည်ဟူသော ဝန်ကြီး ဦးလှထွန်း၏ ပြောကြား ချက်အား ယမန်နေ့က နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။
မုံရွာမြို့ ဝင်း ယူနီတီ ဟိုတယ်တွင် သြဂုတ်လ ၂ ရက်နေ့က ကျင်းပသည့် လက်ပံတောင်း ကြေးနီစီမံကိန်း အစီရင်ခံစာ အပေါ် အကောင်အထည်ဖော်မည့် ကော်မတီဝင်များ၏ ညှိနှိုင်း အစည်းအဝေးတွင် ဦးလှထွန်း က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာချုပ်အသစ်သည် ဒေသခံများနှင့် ပွင့်လင်းစွာဆွေးနွေးထားခြင်း မရှိ၍ လက်ပံတောင်း ဒေသခံများက ကျေနပ်မှု မရှိကြောင်း၊ ယခုအထိလည်း လူမှုရေးလုပ်ငန်းများ အတွက် အသုံးပြုမည်ဆိုသည့် အမေရိကန် ဒေါ်လာ ၁ သန်း ကိစ္စ လက်တွေ့ မမြင်ရသေး၍ ယုံကြည်မှု မရှိကြောင်း လက်ပံတောင်း ကြေးနီစီမံကိန်း ဒေသ ဆားလင်းကြီး မြို့နယ် တုံရွာမှ မစန္ဒာက ဧရာဝတီကို ပြောသည်။
“လက်တွေ့ကတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသေးဘူး၊ ဒီကိစ္စအပေါ် အယုံအကြည် မရှိသေးပါဘူး” ဟု သူက ဆိုသည်။
လက်ပံတောင်း အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက လွန်ခဲ့သည့် ၄ လ အတွင်း လုပ်ဆောင်ခဲ့သည့် လုပ် ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် စီမံကိန်း နယ်မြေ ပြန်လည် တိုင်းတာခြင်း၊ မလိုအပ်သော မြေယာများ ကို ပြန် လည် ပေးအပ်ခြင်း၊ စီမံကိန်းနယ်မြေတွင် ပါဝင်သော မြေယာများအတွက် လျော်ကြေးငွေ ပေးအပ်ခြင်း၊ နှစ်ရှည် သီးနှံ၊ ရေတွင်း ရေကန်များအတွက် လျော်ကြေးငွေပေးခြင်း၊ စိုက်ပျိုးမြေများ ပြန်လည်ဖော်ထုတ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်ဟု ဝန်ကြီးက ဆွေးနွေး ပြောဆိုကြောင်း သိရသည်။
အကောင်အထည်ဖော်ရေး ကော်မတီ၏ ပြောဆိုနေမှုသည် လက်တွေ့ဘဝနှင့် ကိုက်ညီမှု မရှိသည့်အပြင် မြေယာ၊ သီးနှံ လျော်ကြေးကိစ္စ၊ စိုက်ပျိုးမြေ ပြန်လည် ဖော်ထုတ်ရေး ကိစ္စများသည် တရားဥပဒေနှင့်အညီ အကောင်အထည် ဖော်နေခြင်း လည်း မရှိကြောင်း မစန္ဒာက ပြောသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၄ ရက်နေ့က စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့ရာတွင် အကျိုး အမြတ်ကို နိုင်ငံတော်က ၅၁ ရာ ခိုင်နှုန်း၊ တရုတ် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ မြန်မာ့တပ်မတော် ဦးပိုင် ကုမ္ပဏီ က ၁၉ ရာခိုင်နှုန်းစီ ရကြမည်ဖြစ်ပြီး စာချုပ်သက်တမ်း ၂၅ နှစ် ဖြစ်ကြောင်း သိရသည်။
“စာချုပ်သစ်ဟာ ပြည်သူတွေရဲ့အကျိုးအတွက် ရလာတဲ့ အကျိုးအမြတ်၊ သဘာ၀ ပတ်ဝန်းကျင်၊ မြေပေါ်၊ မြေအောက် ဆုံးရှုံး နစ်နာမှုတွေ အပေါ် ဘယ်အတိုင်းအတာထိ ဘယ်လို ပုံစံနဲ့လုပ်ဆောင်ပေးမယ်ဆိုတာ မရှင်းဘူး။ ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ဆိုတာလည်း မရှင်းဘူး”ဟု မစန္ဒာ က ပြောသည်။
အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီ ခေါင်းဆောင် ဝန်ကြီး ဦးလှထွန်းကမူ စီမံကိန်း၏ ထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည်စတင်သည့်အခါ တနှစ်လျှင် အကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်၍ စီမံကိန်း ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပို၍ အထောက်အကူ ဖြစ် မည်ဟု ပြောဆိုထားသည်။
မစန္ဒာက အဆိုပါ စီမံကိန်းသည် မည်သို့ အကျိုးအမြတ်ရှိမည်ကို သေချာမသိရသေးကြောင်း၊ သို့အတွက် ဒေသခံများ အတွက် တနှစ်လျှင် အကျိုးအမြတ်၏ ၂ ရာခိုင်နှုန်း အသုံးပြုသွားမည်ဆိုခြင်းအပေါ် သံသယဖြစ်မိကြောင်း ပြောသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကော် မတီ အဖွဲ့ ဒုက္ကဋ္ဌ လည်းဖြစ် တပ်မတော်၏ ဦးပိုင် လုပ်ငန်းစု အကြီးအကဲ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို တို့လည်း တက်ရောက်ကြသည်။
“တကယ်လို့ စီမံကိန်းကို ဆက်လက် လုပ်ဆောင်မယ်ဆိုရင် ပထမဆုံး လုပ်ဆောင်ရမှာက ကျမတို့ ဒေသခံတွေနဲ့ အတူတူ ညှိနှိုင်းပြီးတော့ ရလာတဲ့ အကျိုးအမြတ်ကို ဒေသခံတွေအတွက် ဘယ်လို အသုံးချမယ်၊ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဘယ်လို၊ ဘယ်အချိန် ဘယ်အတိုင်းအတာထိအောင် ဆောင်ရွက်ပေးမယ် ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ လာရောက်ပြီး ပြောစေချင်တယ်”ဟု မစန္ဒာက ပြောသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၇၀၀၀ ကျော်ကို အစိုးရက သိမ်းဆည်းခဲ့ပြီး ကြေးနီ စီမံကိန်း ကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ တပ်မတော် ဦးပိုင် ကုမ္ပဏီလုပ်ငန်းစုကြီးတို့က ဦးဆောင်လုပ်ကိုင်ခဲ့ခြင်း ဖြစ် သည်။
ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်အား လုံခြုံရေး တပ်ဖွဲ့ဝင် များက အင်အားသုံး ဖြိုခွင်းခဲ့၍ သံဃာတော်များနှင့် ဒေသခံတချို့ ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် လက်ပံတောင်း ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ကော်မရှင်တရပ်ကို သမ္မတက ဒေါ်အောင်ဆန်းစုကြည် အား ဦးဆောင်စေလျက် ဖွဲ့စည်း တာဝန်ပေးခဲ့သည်။
လက်ပံတောင်း ကော်မရှင်က အစီရင်ခံစာကို ပြီးခဲ့သည့် မတ်လ က ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ အစီရင်ခံစာ အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကိုလည်း သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းတာဝန်ပေးခဲ့သည်။
လက်ပံတောင်း စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများဖြစ်သည့် ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုမောင်စန်း တို့ ၃ ဦးသည် ယခု အထိ ဖမ်းဆီး ထိန်းသိမ်း ခံနေရဆဲဖြစ်ပြီး ဆန္ဒပြမှုဖြစ်စဉ်တွင် အားပေးကူညီသည်ဆိုသော ကွန်ရက်အဖွဲ့ဝင်တချို့နှင့် ဒေသ ခံတချို့ကို ဖမ်းဝရမ်းများ ထုတ်ထားသည်။
ထို့အပြင် ယခုအထိ စီမံကိန်း ဒေသတချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီး ပြန်လည်ရုပ်သိမ်းရေး အစီအစဉ် မရှိသေးကြောင်း သိရသည်။